သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ထောင်ချီ ထပ်မံထွက်ပြေး


ဖေဖေဝါရီလတုန်းက ကချင်ပြည်တွင်း စစ်ရှောင်များ ထွက်ပြေးစဉ် (Hkun Awng Nlam)
ဖေဖေဝါရီလတုန်းက ကချင်ပြည်တွင်း စစ်ရှောင်များ ထွက်ပြေးစဉ် (Hkun Awng Nlam)

ကချင်ပြည်နယ် တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စစ်ရှောင်ပြည်သူဦးရေဟာ ပိုမိုမြင့်တက်လာနေပြီး ဒီရက်ပိုင်းတွင်းတိုက်ပွဲကြောင့် အင်ဂျန်းယန်မြို့နယ်အတွင်းမှာကျေးရွာ ၁၀လောက်က ပြည်သူ တစ်ထောင်ကျော်ဟာ မြစ်ဆုံက တန်ဖဲရွာကို တိမ်းရှောင်ရောက်ရှိလာသလို ထပ်မံထွက်ပြေးလာသူတွေလည်း ရှိနေပါတယ်။ လောလောဆည်မှာ တန်ဖဲရွာရောက် စစ်ရှောင်ပြည်သူတွေကို ခရစ်ယာန် ဘာသာရေးအသင်းအဖွဲ့တွေက ဦးဆောင်ပြီး ကူညီစောင့်ရှောက်ထားပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာရသူတွေရဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြားမှာ ကြာသပတေးနေ့က ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒေသတွင်းက ပြည်သူတွေက နေရပ်စွန့်ခွာပြီး ထပ်မံထွက်ပြေးလာနေရတာဖြစ်ပါတယ်။

အင်ဂျန်းယန်မြို့နယ်အတွင်းက အခြေအနေကို တန်ဖဲရွာကို တိမ်းရှောင်လာသူ တဦးက အခုလို ပြောပါတယ်။

“ ကျနော်တို့ အင်ဂျန်းယန်ဖက်ဆိုတော့ မနေ့က ၁၁နာရီခွဲလောက်ကနေ စစ်ပွဲဖြစ်နေတာ။ အဲဒါကြောင့် ကျနော်တို့ဒေသ ဟို ၁၁ရွာပေါ့။ အားလုံး အခုတန်ဖဲကျောင်းဝင်းထဲမှာ ရောက်နေတာပေါ့။ အရင်နေ့က သူတို့ ခြေလျင်တွေ မရောက်လာတဲ့အချိန်မှာတော့ သူတို့ လေယာဉ်နဲ့ အရင် ပစ်ထားတာ ဟုတ်တယ်။ လေယာဉ်နဲ့ပစ်ထားပြီးတော့မှပဲ ခြေလျင်တွေ ရောက်လာပြီးမှပဲ အဲလိုဖြစ်တာပေါ့။ အစပိုင်းတော့ လေယာဉ်နဲ့ ပစ်တာ။”

လောလောဆည်မှာ လူတစ်ထောင်ကျော်လောက် ရောက်ရှိနေပြီး ထပ်မံရောက်လာဖို့လည်း ရှိနေကြောင်း အခုလို ဆက်ပြောပါတယ်။

“ ထပ်လာမယ့်အလားအလာလည်း ရှိပါတယ်။ အခုကြားရတာတော့ ဒီ ဂွေထောင်မြစ်ကူးတို့ပေါ့။ မြစ်ကမ်းပေါ့။ ဟိုဖက်လည်း အခုစစ်တပ်တွေက တားထားတယ်လို့ ကြားရတယ်။ အဲဒီဖက်မှာလည်း ၁၀၀နီးပါးလောက်ရှိတယ်။ ပြီးတော့ ဟိုလမ်းမှာလည်း အခု ဒုက္ခကြုံပြီးမှ ရှိနေတယ်လည်း ကြားရတယ်။ အားလုံးတော့ မရောက်လာသေးဘူးပေါ့။ နိဒုံးယန် ဟိုဖက်ကလည်း ရောက်လာမယ့်သူ ရှိတယ်လို့ ကြားရတယ်။ ”

ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးကတော့ တန်ဖဲရွာကိုရောက်လာသူစာရင်းနဲ့ ဆောင်ရွက်နေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ မနေ့ညက ၁၁၀၁ ဦးရှိတယ်။ ဒီမနက် ၇နာရီခွဲလောက်မှာဆိုရင် KBC က အသင်းသားတွေကျတော့ သူတို့ KBC က ခေါင်းဆောင်တွေက ခေါ်သွားတယ်။ ၂၀၀ကျော်လောက် ဆင်းသွားလိုက်ပြီရှင့် မြစ်ကြီးနားဖက်ကို။ ဒီမှာတော့ လောလောဆည် ၈၀၀ကျော်လောက်ရှိမယ်။ သူတို့ကို ကျနော်တို့ တန်ဖဲ ကက်သလစ်ဘုရားကျောင်းမှာ ဘုရားကျောင်းဝင်းထဲမှာ အဆောင်တွေမှာ ချထားပါတယ်ရှင့်။”

စစ်ရှောင်ပြည်သူတွေကို ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ထားသလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လာရောက်တွေ့ဆုံပြီး အားပေးစကားပြောဆိုကြောင်း လည်း ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ပြန်လည်ပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် နမ္မတီးမြို့နယ်အတွင်းမှာလည်း စစ်ရှောင်ပြည်သူ ၁၂၀၀ ကျော်လောက်ရောက်ရှိနေသလို တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာက ဒေသခံ ၁ထောင်လောက်ဟာလည်း တောတောင်တွေထဲမှာ တိမ်းရှောင်နေရတယ်လို့ ကူညီရေးဆောင်ရွက်သူတွေက ပြောပါတယ်။

လတ်တလော ပြန်လည် ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး လက်ရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက်တိုက်တွန်းထားသလို အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူတွေ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ဆောင်ခွင့်ပြုရေးအတွက်လည်း တပ်မတော်အပါအဝင် အစိုးရကို မေတ္တာရပ်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG