သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးသံကြောင့် ကချင်ဒေသခံတွေ ထိတ်လန့်


ကချင်စစ်ပြေးဒုက္ခသည်များ(သတင်းဓာတ်ပုံ- Credit to Hkun Awng Nlam)
ကချင်စစ်ပြေးဒုက္ခသည်များ(သတင်းဓာတ်ပုံ- Credit to Hkun Awng Nlam)

ကချင်ပြည်နယ် လိုင်ဇာအနီးမှာ အခုအချိန်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မိုင်ဂျာယန်စခန်းကဒုက္ခသည်တွေ ထိတ်လန့်နေကြသလို တနိုင်းမြို့ အောင်လော့ဘက်မှာ သက်ကြီးရွယ်အိုတွေနဲ့မွေးကင်းစကလေးမိခင်တွေအပါအဝင် ဒုက္ခသည်ထောင်ချီ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နမ္မတီးမြို့ ကဆုန့်ဘက်မှာလည်း စစ်ရေးတင်းမာနေတဲ့အတွက် ဒုက္ခသည်အများအပြား ထွက်ပြေးနေကြရပါတယ်။ ဒီလိုနေရာအနှံ့ တိုက်ပွဲတွေကြောင့် အသက်လုပြေးနေရချိန်မှာပဲ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းနေလို့ အရပ်သားပြည်သူတွေမှာ တပူပေါ်နှစ်ပူဆင့်ဒုက္ခဖြစ်နေကြရတယ်လို့ ဒုက္ခသည်ကူညီပေးနေသူတွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

တတိယအကြိမ် ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပချိန် နီးကပ်လာတာနဲ့အမျှ ကချင်ပြည်နယ် နေရာတော်တော်များများမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ အပြင်းထန်ဖြစ်ပွားနေပါတယ်။

KIO ဌာနချုပ် လိုင်ဇာအနီးမှာတော့ အခုအချိန်အထိ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုရှိနေလို့ ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းက မိုင်ဂျာယန်ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေ ထိတ်လန့်တုန်လှုပ်နေကြတယ်လို့ ကချင်စစ်ပြေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ လူထုအလင်းရောင်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်မေရီတွမ်က အခြေအနေကို ပြောပြပါတယ်။

"နောက်ဆုံးအခြေအနေအရ ပြောရမယ်ဆိုရင် IDP တွေက လိုင်ဇာ မိုင်ဂျာယန် KIO Control ဧရိယာမှာ ဧပြီ ၅ရက်နေ့ကနေစပြီး ဆက်တိုက်ပါပဲ မနေ့ကအထိလို့ပြောလို့ရပါတယ်။ ဒီနေ့တော့ နည်းနည်းလေး တိတ်နေတယ်။ မနေ့ကအထိကတော့ လိုင်ဇာဧရိယာဘက်ရော ကျမတို့ မိုင်ဂျာယန်ဧရိယာဘက်ဆိုရင် အထူးသဖြင့် နန့်ခေါင်ပါး IDP ကမ့်နဲ့ ငါးဖာလုံ ခြောက်ဖာလုံ ပဲ ဝေးတဲ့နေရာမှာ လက်နက်ကြီးတွေက ခနခန ကျတယ် ဟိုဘက်က ပစ်လိုက်တာလေ။ နောက် လူဦးရေ သုံးထောင်လောက်ပဲ ရှိတဲ့ ပါကထောင်နဲ့ သိပ်မဝေးဘူး အဲ့ဒီ့နေရာမှာလည်း ကျတယ်။

အသံက အရမ်းကျယ်တဲ့အခါကျတော့ IPD ကမ့်တောင် မဟုတ်ဘူး။ ဒီမြို့ရော ရွာမှာ ရှိနေတဲ့သူတွေပါ အားလုံးကြောက်ရွံ့ထိတ်လန့်နေကြတာပေါ့လေ။ ဥပမာ တချို့ IDP တွေဆို တရုတ်ပြည်နယ်စပ်အထိ ထွက်ပြေးသွားကြတယ်။ ဆက်တိုက်ကျနေပြီး လက်နက်ကြီးကျည်ကျတဲ့အသံ ငြိမ်သွားပြီဆိုမှ သူတို့ပြန်လာရဲကြတယ်။ အဲ့လိုမျိုးတွေဖြစ်နေတယ်။ ပြောရမယ်ဆိုရင် စိတ်လုံခြုံမှု မရှိဘူးပေါ့လေ။ ကြောက်လန့်တကြားနဲ့ ကျီးလန့်စာစား အဲ့လိုအခြေအနေဖြစ်နေတယ်။"

ကချင်ပြည်နယ် တနိုင်းဒေသဘက်က တိုက်ပွဲတွေကြောင့် ထောင်ချီထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေမှာလည်း အခုအချိန်အထိ တောတောင်ထဲပိတ်မိနေဆဲဖြစ်ပြီး လူသားချင်းစာနာမှုအကူညီတွေ အရေးတကြီးလိုအပ်နေသလို ကချင်ပြည်နယ် နမ္မတီးမြို့ ကဆုန့်ဘက်က တိုက်ပွဲတွေကြောင့်လည်း ဒုက္ခသည်တွေ အများအပြား တိမ်းရှောင်လာကြတယ်လို့ မြစ်ကြီးနားအခြေစိုက် ကချင်လူမှုအသင်းတာဝန်ခံ ဦးဇော်ဂျတ်ကပြောပြပါတယ်။

" အခုဒုက္ခသည်ဆိုတဲ့ စစ်ဘေးသင့်ပြည်သူတွေဆိုတဲ့အထဲမှာက အခုက နှစ်ပိုင်းရှိနေတယ်ဗျ လောလောဆယ်ပေါ့နော်။ ဒီဘက် တနိုင်း အောင်လေ့ာဒ် ဒုက္ခသည်ရှိတဲ့တဖွဲ့ရယ်၊ ဒီဘက် နမ္မတီး ကဆုန့် ဆွမ်ပရာရွာ မြစ်ကြီးနားဘက်ကို ရောက်လာတဲ့ တဖွဲ့ရယ် နမ္မတီးမှာ ရောက်လာတဲ့တဖွဲ့ရယ် နှစ်ဖွဲ့ရှိတယ်။ အဲ့ဒီ့အဖွဲ့တွေထဲက လောလောဆယ် မြစ်ကြီးနားဘက်ကို ဖောက်ထွက်လာတဲ့ အဖွဲ့တွေက လောလောဆယ် စားဝတ်နေရေး ကလေးတွေက ဖိနပ်တွေတောင် မပါဘူး အကုန်လုံး ကိုယ်လွတ်ထွက်ပြေးခဲ့ကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ရွာထဲမှာ တပ်မတော်က လေယာဉ်နဲ့ တွေသုံးပြီးမှ လက်နက်ကြီးတွေသုံးပြီးမှ အပြင်းအထန် ထိုးစစ်ဆင်လာတဲ့အတွက် သူတို့က ရတဲ့ အဝတ်တထည် ကိုယ်တခုနဲ့ သူတို့ ထွက်ပြေးလာရခြင်းဖြစ်တယ်။

ကလေးတွေက အရမ်းသနားဖို့ကောင်းတယ် တောထဲကနေ သူတို့ထွက်လာကြတာ မနေ့က ကျနော်တို့ကြည့်လိုက်ရတာလေ။ ရက်သားလေးတွေလည်းပါတယ် လသားလေးတွေလည်းပါတယ်။ ကလေးနို့တိုက်တဲ့မိခင်တွေလည်းပါတယ်။ အဲ့အထဲမှာ လေဖြတ်ထားတဲ့သူတွေလည်းပါတယ် အစုံပဲ ထွက်ပြေးလာကြတာ။ ဒုက္ခက အကြီးအကျယ်ကို ရောက်ခဲ့ကြတာ။ အခုက ရာသီဥတုကလည်း နေ့စဉ်လိုလို မိုးရွာလိုက် နေပူလိုက် အဲ့လိုမျိုးတွေဖြစ်နေတော့ တောထဲမှာ ရှိနေတဲ့သူတွေက အင်မတန်မှ ဒုက္ခရောက်နေကြတယ်။ အောင်လေ့ာဘက်မှာဆိုရင် အသက် ၈၀ကျော် အရွယ်က အယောက် ၉၅ယောက်လောက်ပါခဲ့တယ်။ လောလောဆယ် အဲ့လိုအနေအထားဖြစ်နေတယ်။"

အခုလို နေရာအနှံ့မှာ ကချင်စစ်ပြေးဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ သောက်သုံးရေအတွက် အခက်အခဲဖြစ်နေချိန်မှာပဲ လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်သွယ်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ဒုက္ခသည်တွေကို ဖမ်းဆီးသတ်ဖြတ်တာ ကျန်ရစ်သူမိသားစုတွေကိုပါ တရားစွဲဆိုဖို့လုပ်ဆောင်နေတာတွေကတော့ ဒုက္ခသည်တွေအပေါ် ပိုပြီးတော့မှ ဒုက္ခပေးရာရောက်နေတဲ့ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ် လို့ဒေါ်မေရီတွမ်ကပြောပါတယ်။

" ဒါက ဘယ်လိုမှကို မဖြစ်သင့်တဲ့ လူသားမဆန်တဲ့ ပြစ်မှုတခုပဲပေါ့နော် Civilian Protection ပေါ့ အရပ်သားလူထုရဲ့ လုံခြုံရေးကာကွယ်စောင့်ရှောက်မှုက အရမ်းပဲ အရေးတကြီး လိုအပ်တယ်။ ဒုက္ခရောက်နေတဲ့သူတွေကို ကျမတို့ အစိုးရအနေနဲ့ ပါးစပ်ပိတ်ပြီးတော့ ဘာမှ လုပ်ပေးမှု မရှိဘူး။ ဒုက္ခရောက်နေတဲ့သူတွေကို ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို IDP တွေမှာ အခက်အခဲ ဒုက္ခရောက်နေရတဲ့အထဲကနေမှ ထပ်ဆင့် ဒီလိုဖြစ်နေတာကိုတောင်မှ တာဝန်ရှိတဲ့အစိုးရတွေ အုပ်ချုပ်သူတွေ နောက် ကျူးလွန်တဲ့စစ်တပ်ပေါ့လေနော် စစ်တပ်ကနေပြီးတော့ ဒါကို လျစ်လျူရှု့ထားတယ် ဒါကို ကြားနေ သိနေလျက်နဲ့တောင် လျစ်လျူရှု့နေတာဖြစ်တဲ့အတွက် ဒါကို ကျမအနေနဲ့ကတော တော်တော်လေးကို ရင်လေးမိတယ်။"

ပိတ်မိနေတဲ့ ထောင်ချီတဲ့ဒုက္ခသည်တွေကို အရေးပေါ်ကူညီကယ်ဆယ်ပေးဖို့ ဒုက္ခသည်အရေးကူညီပေးနေသူတွေက ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို စာပေးပို့တောင်းဆိုထားသလို တပ်မတော်တာဝန်ရှိသူတွေကိုလည်း ဒုက္ခသည်တွေကို သွားကူညီပေးနိုင်ဖို့ သွားခွင့်ပြုဖို့ မေတ္တာရပ်ခံထားကြတယ်လို့ သိရပါတယ်။ အခုအချိန်အထိကတော့ တပ်ဘက်ကနေ ရွာသားတွေပြန်လာကြဖို့ အသံချဲ့စက်တွေနဲ့ အော်နေပေမဲ့ ဒေသခံတွေကပြန်မလာရဲကြသေးသလို ကချင်ပြည်နယ်အစိုးရဘက်ကတော့ ကူညီကယ်ဆယ်ရေးကြက်ခြေနီအဖွဲ့တွေ စေလွှတ်ပေးနေပေမဲ့ ဒုက္ခသည်တွေ တွေအတွက် ဆေးဝါး သောက်သုံးရေနဲ့ အစားသောက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG