သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေဖြစ်


KIA တပ်ဖွဲ့
KIA တပ်ဖွဲ့

[ Zawgyi ]

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း လီဒိုလမ်းမကြီးအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA အကြားမှာ သောကြာနေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အတွင်းမှာလည်း သောကြာနေ့ နေ့ခင်းက တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကိုတော့ ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

လီဒိုလမ်းမကြီးအတိုင်း ချီတက်လာနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA အကြားမှာ ဒီကနေ့ ညနေပိုင်းက ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဝါရာဇွပ်ကျေးရွာအနီးက ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီညနေ ၅နာရီကျော်လောက်ကနေ တရုတ် တံတားဆိုတဲ့နေရာမှာတော့ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ တရုတ်တံတားဆိုတာ ဘန်ကောက်နဲ့ နောင်မီးရွာကြားမှာ ကျတယ်။ ဝါးရာဇွပ်အုပ်စုထဲမှာပဲ ကျတာပေါ့။ အစိုးရပေါ့နော် စစ်တပ်ကနေပြီးတော့မှ ဒီဘက်ကို သူတို့ နယ်မြေရှင်းလင်းရေးတက်လာပုံရတယ်။ KIA တပ်ကနေပြီးတော့မှ ခြုံခို ဝင်တိုက်တဲ့သဘောရှိတယ်။ လက်နက်ကြီးသံတွေ ကြားရတယ်။ လမ်းမကြီးဘေးမှာ လီဒိုလမ်းမကြီးဘေးမှာ၊ အထိအခိုက်တွေတော့ မကြား မိသေးဘူးဗျ။”

တိုက်ပွဲဖြစ်ပွားရာအနီး ဘန်ကောက်ကျေးရွာက ဒေသခံတချို့ဟာ ရှဒူဇွပ် စံပြကျေးရွာဘက်ကို တိမ်းရှောင်လာတာတွေ ရှိနေကြောင်းလည်း ပြောပါတယ်။

“ အခုကတော့ ဘန်ကောက်ကနေပြီးတော့ စံပြကျေးရွာကို ရှောင်လာတာတွေ ရှိတယ်။ ဒီညနေ မိုးချုပ်ခါနီးမှာ ၊ အိမ်ထောင်စု ၂၀ကျော်လောက်ရှိတယ်။ အဲဒီမှာ အိမ်ခြေ ၅၀- ၆၀ကျော်လောက် ရှိတယ်လေ။ ဒီဘက် တက်လာတဲ့ စစ်ကြောင်းတွေ ရှိသ၍ကတော့ ကျီးလန့်စာ စားနေရတာပေါ့။ ”

လီဒိုလမ်းမကြီးတလျောက်မှာလည်း သောကြာနေ့ မနက်ပိုင်းက စတင်ပြီး စစ်ဆေးတာတွေ ရှိသလို လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်တွေက ကချင်ပြည်နယ် တနိုင်းနဲ့ ရှင်ဗွေယန်ကြားမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် မြစ်ကြီးနား၊ မိုးကောင်းဘက်ကနေ လီဒိုလမ်းမကြီးအတိုင်း စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာခဲ့တာပါ။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ မိုးကောင်းမြို့နယ် မရန်ကထောင်၊ ဖားကန့်မြို့နယ် လဝါး၊ တနိုင်းမြို့နယ် တိန်ကောက်ရွာတွေအနီးမှာလည် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းမှာ သောကြာနေ့ နေ့ခင်း ၂နာရီလောက်က စစ်ကောင်စီတပ်နဲ့ PDF ၊ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကသာမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဒီနေ့ပဲ ၁နာရီ ၃၀မှာ ကသာနားမှာ တိုက်ပွဲတစ်ခုဖြစ်တယ်။ စစ်ကောင်စီ တပ်မ ၇၇ရယ်၊ ၈၈ ရယ် အင်အား ၁၀၀လောက်ပေါ့ စစ်ကြောင်း ထိုးတဲ့အချိန်မှာ ဒေသခံ PDF တွေနဲ့ KIA အဖွဲ့နဲ့ ပူးပေါင်းပြီးတဲ့အခါကျတော့ လမ်းကနေမှ ခြုံခိုပြီး ဖြတ်တိုက်တယ်။ ဖြစ်တဲ့နေရာက ကသာမြို့အနောက် ဖက် ပင်းမလွတ် လမ်းခွ ကျေးရွာအနီး ကသာမြို့နဲ့ ၈မိုင်ခန့် အကွာပေါ့။ စစ်ကောင်စီဘက် ဒဏ်ရာရတဲ့ဟာတွေနဲ့ ကျဆုံးတဲ့ဟာတွေကို ကားတွေနဲ့ တိုက်ပြီး ကသာမြို့ထဲကို ဝင်သွားပြီဗျ။ အရေအတွက် ဘယ်လောက် သေသွားတယ်။ ဘယ်လောက် ဒဏ်ရာရတယ်ဆိုတာတော့ အတိအကျ မသိနိုင်ပါဘူးဗျ။ ”

PDF နဲ့ KIA ပူးပေါင်းအဖွဲ့က ထိခိုက်ဒဏ်ရာရတာမရှိကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီးနောက် ကသာမြို့မှာ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်းလည်း ပြောပါတယ်။

အခြားဒေသခံတစ်ဦးကလည်း ကသာမြို့ အထက်ဘက် မိုးတားမှာလည်း တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ကြောင်း ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

စစ်ကိုင်းတိုင်းကသာမြို့နဲ့ ကချင်ပြည်နယ် ရွှေကူမြို့အကြား ဧရာဝတီမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်တွေကို မကြာခန ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်ခဲ့တဲ့နောက် စစ်ကောင်စီဘက်က ဒီဒေသအတွင်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်လာတာလို့ ဒေသခံတွေ က တွက်ဆနေပါတယ်။

ဒီနေ့ ဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIA ဘက်ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့သလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်


[ Unicode ]
















XS
SM
MD
LG