သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်ထိပ်သီးအစည်းအဝေး ပြင်ဆင်ချိန် KIA နယ်မြေတွင်း တိုက်ပွဲဖြစ်


KIA ကချင်လက်နက်ကိုင် တပ်ကို ရှေ့တန်း စစ်မျက်နှာတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၂၂၊ ၂၀၁၃)
KIA ကချင်လက်နက်ကိုင် တပ်ကို ရှေ့တန်း စစ်မျက်နှာတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၂၂၊ ၂၀၁၃)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မှာ ကျင်းပဖို့ပြင်ဆင်နေချိန်မှာ ကချင်ပြည်နယ် အတွင်းမှာ အစိုးရတပ်မတော်နဲ့ KIA အကြား တိုက်ပွဲ ၂နေရာဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဟာ မိုင်ဂျာယန်အသွား ကားလမ်းနဲ့ အလှမ်းကွာတဲ့နေရာ မှာ ဖြစ်တာကြောင့် သွားလာရေးနဲ့ ညီလာခံ ကျင်းပရေးကို ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ပွဲကျင်းပရေး အတွက် ပြင်ဆင်ဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကတော့ မြစ်ကြီးနား-ဗန်းမော်လမ်း ဝိုင်းမော်မြို့နယ် ဒဘတ်ယန် ကျေးရွာအနီးနဲ့ မန်စီမြို့နယ် မုန်းဒိန်ပါ အနီးဒေသတွေမှာ ကြာသပတေးနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေး တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

" ဒဘတ်ယန်၊ ဒဘတ်ယန် အောက်နားလေးမှာ ခနလေးပဲ ထိတွေ့ရင်ဆိုင် တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်ခင်ဗျ။ ဘာမှ တိုက်ပွဲတွေ အကြီးအကျယ်တော့ မဟုတ်ပါဘူး။ ကားလမ်းနဲ့ ဝေးပါတယ် အောက်ရွာမှာပါ။ နှစ်မိုင် သုံးမိုင်လောက် ဝေး ပါတယ်။ အဲ့ဒီ့နေရာမှာ ငြိမ်သွားပြီ အားလုံးအေးအေးဆေးဆေးပါ။"

ဒီတိုက်ပွဲမှာ KIA တပ်ဖွဲ့က အစိုးရတပ်မတော်စစ်ကြောင်းကို မိုင်းခွဲ တိုက်ခိုက် တာကြောင့် ထိခိုက်ကျဆုံးတာတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဒုဗိုလ်မှုးကြီးနော်ဘူက တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားတာ မဟုတ်ကြောင်း ပြောပါတယ်။

နောက်ထပ်ဖြစ်ပွားတဲ့ တိုက်ပွဲကတော့ မန်စီမြို့နယ် အတွင်းမှာဖြစ်ပွားပြီး ဒီဒေသမှာ အခြေစိုက်တဲ့ KIA တပ်မဟာ ၃ တပ်ရင်း ၁၂က အရာရှိတဦးက တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"ဟုတ်ပါတယ်။ မနေ့မနက်ကပဲ ခနလေးပါ။ သုံးလေးခေါက်ပဲ ဟိုမှာ သူတို့ဖြတ်သွားတဲ့နေရာမှာ တိုက်ပွဲဖြစ်တာ။ အဲ့တာ ခနလေးပါ။ မုန်းဒိန်ပါအထက်မှာ။ အခုကလည်း စစ်ကြောင်းတွေကလည်း နည်းနည်းလှုပ်ရှားနေတယ်။"

မိုင်ဂျာယန်ညီလာခံကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာ အဖွဲ့တွေဟာ မြစ်ကြီးနား- ဗန်းမော်ကားလမ်းကတဆင့်သွားရောက်ဖို့ စီစဉ်ထား တာလည်းဖြစ်ပါတယ်။

လမ်းခရီးလုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ အခုလို ပြောပါတယ်။

" ကျနော်တို့သွားမယ့်လမ်းကြောကတော့ မြစ်ကြီးနားကနေ မိုးမောက်၊ မိုးမောက် ကနေ လွယ်ဂျယ်၊ လွယ်ဂျယ်ကနေပြီးမှ မိုင်ဂျာယန်ကို သွားမှာဖြစ်တဲ့ အတွက် အခုမန်စီဘက်ဖြစ်တဲ့ဟာကကျတော့ မိုင်ဝေးတဲ့နေရာဖြစ်တော့ ကျနော်တို့ သွားမယ့်အတိုင်း လမ်းမှာတော့ ဘာမှ ပြဿနာတော့ မရှိဘူး။"

လောလောဆယ်မှာတော့ မြစ်ကြီးနားက သွားမယ့် သူတွေအတွက် တပ်မတော်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

KIAရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူကလည်း ညီလာခံ ကျင်းပရေး အတွက် အခက်အခဲ မရှိနိုင်ကြောင်း သုံးသပ်ပါတယ်။

" ကျနော်ထင်သလောက်ကတော့ ဘာမှ အခက်ခဲကတော့ မရှိလောက်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်အစိုးရနဲ့ အားလုံးညှိပြီးမှ တိုင်ပင်ပြီးမှ လုပ်တဲ့ အစည်းအဝေးဆိုတော့ လမ်းမှာတော့ အနှောင့်အယှက်တွေတော့ မရှိလောက်ဘူး လို့တော့ ကျနော် အဲ့လိုပဲမြင်ပါတယ်။"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို မိုင်ဂျာယန်မှာ ဒီလ ၂၆ရက်နေ့ ၂၉ရက်အထိကျင်းပဖို့ရှိနေပြီး ဒီညီလာခံဟာလာမယ့်လအတွင်းကျင်းပဖို့ ရည်ရွယ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းညီလာခံ-၂၁ရာစုပင်လုံမှာ ပါဝင် တက်ရောက်ရေးနဲ့ ဆွေးနွေးမယ့်အချက်တွေကို ညှိနှိုင်းကြမှာဖြစ်ပါတယ်။ ဒီညီလာခံမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေပါ တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒီလ ၂၀ရက်နေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒု ဗိုလ်ချုပ်ကြီးမြထွန်းဦးက မတူညီတဲ့အဖွဲ့အစည်းတွေအကြားမှာ သဘောထားတူညီဖို့ ခက်ခဲတာကြောင့် မိုင်ဂျာယန်ညီလာခံကို မကျင်းပစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG