သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည် အကူအညီပေးရေးယာဉ်တန်း တားဆီးခံရမှု အပြန်အလှန်တရားစွဲ


စစ်ပြေးဒုက္ခသည်တွေ ဆီသွားမယ့်ယာဉ်လေးစီးကို လိုင်စင်မဲ့အဖြစ်ဖမ်းဆီးပြီး စဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
စစ်ပြေးဒုက္ခသည်တွေ ဆီသွားမယ့်ယာဉ်လေးစီးကို လိုင်စင်မဲ့အဖြစ်ဖမ်းဆီးပြီး စဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ကချင်ပြည်နယ် ကာမိုင်းဂိတ်မှာ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ စစ်ပြေးဒုက္ခသည်တွေဆီသွားမယ့်ယာဉ်လေးစီးကို လိုင်စင်မဲ့အဖြစ်ဖမ်းဆီးပြီး တရားဥပဒေအရအရေးယူမယ်လို့ တပ်ဘက်က ပြောဆိုလိုက်ချိန်မှာပဲ ကချင်အဖွဲ့ဘက်ကလည်း တားဆီးတဲ့တပ်မတော်အရာရှိတွေကို ကာမိုင်းရဲစခန်းမှာပဲ တရားစွဲလိုက်ပြီဖြစ်ပါတယ်။ အခုလိုအပြန်အလှန်တရားစွဲဆို ထားတဲ့အမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားကြမယ်လို့ သိရပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ရက်နေ့က ကချင်ပြည်နယ် ကာမိုင်းမြို့အဝင်စစ်ဆေးဂိတ်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်ဘက်က ရှောင်တခင်စစ်ဆေးချိန် ကချင်ပြည်နယ် ဖားကန့်မြို့က ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလမောင်လတောင် ဦးဆောင်တဲ့ ယာဉ် ၈ စီးထဲက လေးစီးဟာ လိုင်စင်မဲ့ယာဉ်လေးစီးဖြစ်တဲ့အတွက် ဥပဒေအရအရေးယူဆောင်ရွက်မယ်လို့ တပ်မတော်ဘက်က သြဂုတ်လ ၂၁ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။

တပ်ဘက်ကအခုလို ပြောဆိုလိုက်ချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ဘက်ကလည်း ပိတ်ပင်တားဆီးတဲ့ တပ်မတော်အရာရှိသုံးဦးကို ကာမိုင်းရဲစခန်းမှာ အမှုဖွင့်တရားစွဲဆိုလိုက်တာကို ကာမိုင်းရဲစခန်းဘက်က အမှုလက်ခံကြောင်း သြဂုတ်လ ၂၁ရက်နေ့ညက ဖုန်းဆက်အကြောင်းကြားလာတဲ့အတွက် ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်သွားကြမှာဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဥပဒေကြောင်းအရ ဆောင်ရွက်ကူညီပေးမယ့်ရှေ့နေဦးခွန်နောင်က ဗွီအိုအေမြန်မာပိုင်း ကိုပြောပါတယ်။

“အဲဒါကတော့ ကျနော်တို့အခု၂၀ ရက်နေ့မှာ အမှုဖွင့် တိုင်စာခေါ်မှာပေါ့နော်၊ တိုင်စာနဲ့ကျနော်တို့ရဲစခန်းမှာ အမှုဖွင့်ထားလိုက်တာပေါ့နော် ၊ဖွင့်ထားတော့ ရဲစခန်းကလည်းလက်ခံတယ်။ လက်ခံပြီးတော့ သူကဘာနဲ့ဖွင့်သလဲဆိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၈၄ ပုဒ်ထီးပေါ့ ပုဒ်ထီး ၅၀၄/၁၁၄အဲဒါနဲ့ သူတို့ အမှုဖွင့်ထားပြီပေါ့နော်။ တားဆီးပိတ်ပင်တာပေါ့လေ ၅၀၄ ကတော့ ခြိမ်းခြောက်တာပေါ့နော် ၊ ဒီနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ဆီးစေအောင်ဆိုပြီးတော့ သူက အနှောက်အယှက်ပြုတယ်ပေါ့လေ။ ဆိုပြီးတော့မှ ခြိမ်းခြောက်တယ်ပေါ့လေ။ ၁၁၄ ဆိုတာကတော့ ပူးပေါင်းကြံစဉ်တာပေါ့။ အဓိကတော့ ဥပဒေနဲ့အညီ တပ်မတော်ကနေပြီးတော့မှ လူထုကိုပေါ့လေ ခြောက်လန့်တယ် ဖမ်းဆီးပိတ်ပင်တယ်ပေါ့လေ အဲဒီအပေါ်မှာ နောက်နောင် တပ်မတော်အနေနဲ့ ဒီလိုလုပ်တဲ့ကိစ္စတွေကို ဆင်ခြင်နိုင်အောင်ဆိုပြီးတော့မှ ပြည်သူလူထုကို message ပေးချင်တာပေါ့လေ အဲဒါကြောင့်မို့လို့။”

သူတို့အနေနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထောင်ချီတဲ့ နမ္မတီးစစ်ပြေးဒုက္ခသည်တွေ ဒုက္ခရောက်နေလို့ ဖားကန့်ကနေသွားပြီး လိုအပ်တဲ့အကူအညီတွေပေးပို့မယ့် အကူအညီပေး ယာဉ်တန်း တွေဖြစ်တယ်ဆိုတာ တားဆီးခဲ့တဲ့တာဝန်ရှိသူတွေကို ဖြေရှင်းပေမယ့် လက်မခံခဲ့ပဲ ခြိမ်းခြောက်နှောင့်ယှက်ခဲ့တဲ့အတွက် အခုလိုတရားစွဲဆိုရတာဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလမောင်လတောင်ကလည်း ပြောပါတယ်။

“သူတို့က ကျနော်တို့အဖွဲ့ကိုပဲ ရွေးပြီးတာပြီးတော့ တနေကုန်ဒုက္ခပေးတာလေ။ ၄ ရက်တိတိ ကျနော်တို့ကိုလုပ်တဲ့အခါကျတော့ ရဲစခန်းကို ကျနော်တို့ တင်ပြတာပေါ့နော်။ အဲဒီတော့ ရဲစခန်းကနေပြီးတော့ သူတို့ကို ဒီပုဒ်မတွေနဲ့ တရားစွဲလိုက်ပြီဆိုတာ သတင်းပို့လာတာ ။ ဆိုတော့ စွဲရခြင်းအကြောင်းက ကျနော်တို့ ကားသော့ပေါ့နော် အဲဒါကို ဗိုလ်မှူးအေးနိုင်က လုတောင်ဝင်လုပြီးတော့ သူက စီးတောင်စီးလိုက်သေးတယ်။”

လိုင်စင်မဲ့ယာဉ်တွေထဲက ထောက်ပံ့ရေးပစ္စည်းတွေကို ကာမိုင်းကနေ နမ္မတီးသို့ ဆက်လက်ပို့ဆောင်နိုင်ရေး တာဝန်ရှိသူတွေဘက်က ၆ ဘီးယာဉ် ၁ စီး စီစဉ်ပေးသော်လည်း အဖွဲ့က လက်မခံဘဲ ပတ်ဝန်းကျင်ကျေးရွာများတွေက အမျိုးသမီးငယ်များအပါအဝင် လူအင်အား ၁၀၀ ခန့် ဝန်းရံပြီး လိုင်စင်မဲ့ယာဉ် ၄ စီးကို ရဲစခန်းအနီးမှာရှိတဲ့ ကောင်ရာနှစ်ခြင်းဘုရားရှိခိုးကျောင်းသို့ ဥပဒေမဲ့ ရွှေ့ပြောင်းဝင်ရောက်သွားခဲ့တယ်လို့ တပ်ဘက်က သတင်းထုတ်ပြန်ထားတပါတယ်။

ဒီလိုယာဉ်တွေကို တားဆီးစဉ် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ နောက် ကချင်ဒေသခံအချို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား အခြေအတင်ဖြစ်ခဲ့ကြချိန် ထိခိုက်ဒဏ်ရာရခဲ့သူ ကချင်အမျိုးသမီးမကိုင်ရိန်ကို အခုမြစ်ကြီးနားဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတယ်လို့လည်း ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ဘက်က ရှေ့နေဦးခွန်နောင်က ပြောပြပါတယ်။

“လူစုကိုအကြမ်းဖက်ပေါ့နော် ဖမ်းဆီးတဲ့အချိန်မှာ ဖြစ်သွားတာပေါ့ အဲဒီအချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အချိန်မှာ ဖြစ်သွားတာပေါ့လေ။ ရဲတပ်ဖွဲ့ကနေပြီးတော့မှ ဆရာမတယောက်ကိုပေါ့နော် အကြမ်းဖက်တားဆီး၊ ဖမ်းဆီးတဲ့အချိန်မှာ အဲဒီဆရာမကနေပြီးတော့မှ မူးမေ့လဲသွားပြီးတော့ ဒဏ်ရာရတာပေါ့နော် ၊ အဲဒါကြောင့်မို့လို့ အဲဒီဆရာမက ဆေးရုံကိုရောက်သွားတာပေါ့လေ။ ကားမိုင်းဆေးရုံကိုရောက်တယ်၊ အဲဒီမှာ ကုတာမပျောက်တဲ့အချိန်မှာ အခုလက်ရှိကတော့ မြစ်ကြီးနားမှာတော့ အတွင်းလူနာအဖြစ် ကုသမှုခံယူနေတယ်ပေါ့။”

လောလောဆယ်မှာတော့ ဖမ်းဆီးထားတဲ့ယာဉ်တွေထဲက စစ်ပြေးဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေကိုတော့ ကချင်ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ ဒုက္ခသည်တွေဆီအရောက်ပေးပို့ဖို့ဆောင်ရွက်နေပြီး လိုင်စင်မဲ့ယာဉ်လေးစီးနဲ့ ယာဉ်မောင်းတွေကို ကာမိုင်းနယ်မြေရဲစခန်းမှာ ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG