သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ထူထောင်ရေး လုပ်နေချိန် ရေဘေးထပ်ကြုံဖွယ်ရှိတဲ့ ကလောမြို့


ကလောမြို့မှာရေကြီးမြေပြိုပြီးနောက် ရွှံ့နွံတွေရှင်းလင်းနေရတဲ့အခြေအနေ (စက်တင်ဘာ ၂၆၊ ၂၀၂၄)
ကလောမြို့မှာရေကြီးမြေပြိုပြီးနောက် ရွှံ့နွံတွေရှင်းလင်းနေရတဲ့အခြေအနေ (စက်တင်ဘာ ၂၆၊ ၂၀၂၄)

ရေဘေးသင့်ခဲ့တဲ့ကလောမြို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် အောက်တိုဘာ လ ၁ ရက်နေ့မှာ မိုးများပြီးတောင်ကျရေကြောင့် ရေပြန်တက်ခဲ့ပါတယ်။ နောက်တနေ့ မနက်မှာ ရေပြန်ကျခဲ့ပေမယ့် သန့်ရှင်းရေးလုပ်ငန်းတွေ နောက်တကြိမ်ပြန်လုပ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ခရီးသွားဒေသ ကလောမြို့ရဲ့ ရေဘေးနောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံ နေရာ အတော်တော်များမှာ ရေဘေးသင့်ခဲ့တဲ့အထဲ ကလောမြို့လည်း ပါဝင်ခဲ့ပါတယ်။ ရေဘေးကြောင့် တင်ကျန်ခဲ့တဲ့ ရွှံ့နွံတွေ ရှင်းလင်းနေချိန်မှာ အောက်တိုဘာလ ၁ ရက်၊ အင်္ဂါနေ့မှာ မိုးများပြီး တောင်ကျရေကြောင့် ရေပြန်တက်လာခဲ့ပါတယ်။

"မနက်က ရေကျသွားတဲ့အခါကျတော့ အကုန်လုံး ကိုယ့်အိမ်ကိုပြန်လာပြီးတော့ သန့်ရှင်းရေးတွေ လုပ်ကြတာပေါ့။ အရမ်းကြီး စိုးရိမ်ရလောက်အောင်တော့ တက်လာတာ မဟုတ်ပေမယ့် ကျနော်တို့ ကလောမြို့ခံတွေက ရေဘေးသင့်ထားတဲ့ နေရာတွေက စိုးရိမ်စိတ်တွေ ဖြစ်နေကြပြီပေါ့နော်။ အဲတော့ ရေနည်းနည်း တရိပ်ရိပ်တက်လာတာနဲ့ နေရာတွေ ရွှေ့ကြပြုကြ အဲလိုတွေဖြစ်ကြတာပါ။ ဒီနှစ်ထဲမှာက မနေ့ကလိုမျိုး ဆိုလို့ရှိရင် ကျနော်တို့မြို့လယ် ၄ ရပ်ကွက်မှာဆိုရင် ၃ ပေကျော်ကျော်လောက်ထိ တက်တယ်။ တချို့နိမ့်တဲ့ နေရာတွေကတော့ ၄ ပေလောက်အထိ တက်တယ်။"

ကလောမြို့မှာ အခုနှစ်ထဲ ရေကြီးတာ မနေ့က ဖြစ်စဉ်နဲ့ဆို ၁၁ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဆိုးဆိုးရွားရွား ရေဘေး တွေ့ကြုံခဲ့ရပြီး ရေကြီး၊ မြေပြိုတာနဲ့ နေအိမ်တွေ အလုံးလိုက် မျောပါခဲ့တဲ့အပြင် ပျောက်ဆုံး သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ ရေဘေးကြောင့် မြို့တွင်းမှာ ရွှံ့နွံဖုံးခဲ့ပြီး နမ့်လတ် လူမှု ကူညီကယ်ဆယ်ရေးအသင်း အပါအဝင် ဒေသခံတွေဟာ စုပေါင်း သန့်ရှင်းရေးလုပ်နေကြတယ်လို့ အသင်းဝင်တဦးက ပြောပါတယ်။

"၁၁ ကြိမ်မြောက်ဖြစ်တာဆိုတော့ အစပိုင်းကတော့ ဒါပုံမှန်တက်တာပဲလို့ ယူဆခဲ့ကြတာပေါ့လေ။ ဒါပေမဲ့ ၁၀ ကြိမ်မြောက်မှာ လုံးဝအကြီးအကျယ် ဖြစ်သွားတယ်။ ပြီးတော့မနေ့က နောက်တခေါက် ပြန်တက်တယ်။ မနက်ကအထိတော့ အကုန်လုံး အုတ်အော်သောင်းနင်းတော့ ဖြစ်သွားတယ်ဗျ။ အခုတော့ ပုံမှန်အတိုင်းပဲ လည်ပတ်နေပြီလို့တော့ ပြောလို့ရတာပေါ့နော်။ မနေ့က ရေပြန်တက်သွားတဲ့ အခြေအနေမှာတော့ အရင်ကရေတက်ခဲ့တဲ့ အိမ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ရေပြန်တင်သွားတာ ပေါ့။ ရှင်းပြီးသားဖြစ်တော့ နောက်တကြိမ်ပြန် ပင်ပန်းကြရတာပေါ့။ အကုန်လုံး ပြန်ဝိုင်းရှင်းနေကြတဲ့ အနေအထားမျိုးပေါ့။ ဒါပေမဲ့ တခုသက်သာတာက အရင်လို ရေတက်ရက်ကလည်း မကြာသွားဘူး။ ရေစီးအားလည်း အရမ်းမသန်တော့ နုန်းတွေ၊ ရွှံ့တွေ အရမ်းမတင်ခဲ့ဘူး။"

နမ့်လတ် အသင်းလိုပဲ ချမ်းမြေ့ အကယ်ဒမီ၊ Summer Shelter Library နဲ့ ပါရမီ တက္ကသိုလ် တောင်ကြီး သင်တန်းတို့က ကျောင်းသားတွေဟာလည်း မြို့သန့်ရှင်းရေး လုပ်ပေးနေကြတယ်လို့ Parami University ရဲ့ အင်တာနက် စာမျက်နှာမှာ ဓာတ်ပုံတွေ နဲ့ ဖော်ပြထားပါတယ်။

ရေဘေးဒဏ်ကြောင့် ပြန်လည်ထူထောင်နေတဲ့ ကလောမြို့ဟာ ခရီးသွားတွေကို အမှီပြုနေတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ အခုလို သဘာဝဘေးဒဏ် ထပ်ပြန်တလဲလဲ ကြုံနေရချိန်၊ ဒီနှစ် ခရီးသွားရာသီမှာတော့ ဒေသခံတွေအတွက် လုပ်ငန်းလည်ပတ်ဖို့ မလွယ်သေးဘူးလို့ ပြောပါတယ်။

"ကျနော်တို့ ဒေသခံတွေက ဒီလိုရာသီမျိုးမှာမှ လုပ်ငန်းတွေလုပ်ရတယ်။ ခရီးသွားတွေကို အားပြုပြီး တော့မှ အမှီပြုနေကြရ တာပေါ့လေ။ အဲလိုအချိန်မျိုးမှာ ကိုယ့်မိသားစု၊ ကိုယ့်အိမ်အတွက်ပဲ လုံးပမ်း နေရတာမျိုး ဖြစ်သွားတာပေါ့။ ဒါပေမဲ့လည်း ခရီးသွားတွေရော၊ ကူတဲ့လူတွေရောက ကလောကို လာကြလိမ့်မယ်လို့ ထင်တယ်။ ဥပမာ လှူရင်းနဲ့ ခရီးသွားတာမျိုး၊ ခရီးသွားရင်းနဲ့ လာလှူကြတာမျိုးပေါ့။ တခုပဲပေါ့၊ ကလောမှာက နေရာထိုင်ခင်းကိစ္စတွေ၊ ဟိုတယ်တွေဆိုရင်လည်း တော်တော်များများ ရေတွေမြုပ်ကုန်တယ်။ ဒါတွေက နာလန်ပြန်ထူဖို့ သူတို့အတွက်လည်း တော်တော်လေးတော့ ခဲယဉ်း မယ်ထင်တယ်။ ဆုံးရှုံးမှုက သူတို့တွေက တော်တော်ကြီးတယ်လေ။ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်တွေ၊ စီးပွားရေးလုပ်တဲ့ နေရာတွေက တော်တော်များများ ပျက်စီးဆုံးရှုံးကုန်တာ။ ဒီခရီးသွားရာသီအမီ သူတို့ ပြန်ဖွင့်နိုင်ဖို့တော့ မလွယ်ကူဘူး။"

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တာဝန်သိ၊ တာဝန်ယူကြဖို့ ခုလို ဖြစ်ရပ်တွေက သတိပေးနေတယ်လို့ ကျောင်းသားတွေက ပြောကြောင်း ပါရမီ တက္ကသိုလ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အခု အောက်တိုဘာလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ နိုင်ငံတဝှမ်း မိုးကြီး လေပြင်းနိုင်တယ်လို့လည်း မိုးဇလက သတိပေးထားပါတယ်။

Forum

XS
SM
MD
LG