သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်ဖာပွန်နယ် နေအိမ်တချို့ မီးလောင်မှု အပြန်အလှန်စွပ်စွဲ


ကရင်ဒုက္ခသည်မိသားစု။ (မေ ၁၄၊ ၂၀၀၆)
ကရင်ဒုက္ခသည်မိသားစု။ (မေ ၁၄၊ ၂၀၀၆)

[Zawgyi/Unicode]

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာစစ်တပ်တို့အကြား စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ အိမ်တချို့ မီးလောင်ပျက်စီးမှုအတွက် အပြန်အလှန် စွပ်စွဲနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ဖာပွန်မြို့နယ်က မဲဝိုင်ကျေးရွာမှာ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း KNU နဲ့ ဒေသခံတွေက ပြောဆိုလိုက်ကြတာပါ။ တနင်္ဂနွေနေ့ညက မီးလောင်မှုအတွင်း နေအိမ်တချို့ ပျက်စီးသွားခဲ့ကြောင်းလည်း ဖာပွန်မြို့နယ် ကရင်လူငယ်အဖွဲ့က စောကျော်လင်းဦးက ပြောပါတယ်။

“မဲဝိုင်ဘက်မှာတော့ လောလောဆယ် ဒီ ၂၄ ရက်နေ့မှာ မီးရှို့ခံရတယ်။ ရွာထဲမှာ မီးရှို့ခံရတယ်။ ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး။”

ဖာပွန်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုမန်းစိုးမြင့်ကလည်း မဲဝိုင်ကျေးရွာက နေအိမ်တချို့ ဇန်နဝါရီ ၂၄ ရက်ညပိုင်းမှာ မီးရှို့ခံရကြောင်း ပြောဆိုထားပြီး KNU ဖာပွန်ခရိုင်တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကတော့ ဒေသခံ မြန်မာစစ်တပ်ရဲ့ လက်ချက်အဖြစ် စွပ်စွဲထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စွပ်စွဲချက်ဟာ မမှန်ကြောင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။

“ဖာပွန်မဲဝိုင်ဘက်မှာ မီးရှို့ခံရတာ ကျနော် ပြောသလိုပဲ စွပ်စွဲချက်တွေ။ ကျနော်တို့ စခန်းတွေ တိုးချဲ့တာ ဒါတွေ လုပ်တယ်ဆိုတာ ဒီဘက်မှာ ဖြစ်နေတဲ့ဟာ သယံဇာတအကျိုးစီးပွါးနဲ့ ပတ်သက်တယ်။ ဖြစ်နေတဲ့ဟာတွေလည်း တပ်မဟာ ၅ တခုထဲနဲ့ ကျနော်တို့ ဖြစ်နေတာဖြစ်တယ်။ ဒီဟာတွေလည်း KNU အတွင်းထဲမှာကိုပဲ သူတို့သိပြီးသားဖြစ်တယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ။ ဒီဟာတွေကို အမျိုးမျိုး စွပ်စွဲနေတာဖြစ်တယ်။”

ဆက်သွယ်ရေး ခက်ခဲတဲ့နယ်မြေ ဖြစ်တာကြောင့် မီးလောင်မှုဖြစ်ခဲ့တဲ့ အကြောင်းရင်းနဲ့ ထိခိုက်ပျက်စီးမှု အတိအကျကိုတော့ သီးခြားအတည်ပြုလို့ မရပါဘူး။ မီးလောင်မှု ဖြစ်ခဲ့တဲ့ ကျေးရွာက ဒေသခံအများစုကတော့ KNU တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေကြောင့် ဒီလဆန်းပိုင်းကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေကြကြောင်းလည်း နီးစပ်သူတွေက ပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်နဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွေက ပဋိပက္ခတွေကြောင့် ဒေသခံတချို့ ထိခိုက် သေဆုံးမှုတွေ ရှိနေသလို ၄,၀၀၀ ကျော် နေရပ်စွန့်ခွါတိမ်းရှောင်နေရပါတယ်။ ဒေသခံတွေ ထိခိုက်နစ်နာနေရတဲ့အထိ ပဋိပက္ခတွေ ကြီးထွားလာနေတာကို ဖြေရှင်းဖို့ KNU ကိုယ်စားလှယ်တွေက မြန်မာအစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးညှိနှိုင်းဖို့လည်း စီစဉ်နေကြပါတယ်။ KNU နဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင် NRPC တို့အကြား အကြိုညှိနှိုင်းမှုတွေ လုပ်နေပေမဲ့ တွေ့ဆုံမယ့်ရက်ကို အတည်မပြုနိုင်သေးကြောင်းလည်း KNU က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG