သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်ခရိုင်တွင်းဝင်လာတဲ့ မြန်မာတပ်တွေ ရုပ်သိမ်းဖို့ KNU တောင်းဆို


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က ကရင်အာဇာနည်နေ့အခမ်းအနားကျင်းပမယ့် KNU တပ်မဟာ ၅နယ်မြေ အတွင်းကို အစိုးရတပ်မတော်က စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အတွက် KNU ဘက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှုးနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကို ကန့်ကွက်စာပေးပို့ထားပါတယ်။ နှစ်ဖက်တပ်တွေအကြးာ ပဋိပက္ခဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မထိခိုက်စေဖို့ မြန်မာအစိုးရဖက်က တပ်တွေ ပြန်ရုပ်ဖို့ကိုလည်း KNU က တောင်းဆိုထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဒီလ ၁၂ရက်နေ့မှာ ကျရောက်မယ့် ကရင်အမျိုးသားအာဇာနည်နေ့ကို ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးအခြေစိုက်ရာနေရာတွေမှာ ကျင်းပဖို့ ပြင်ဆင်ထားကြတာဖြစ်သလို KNU တပ်မဟာ ၅ အခြေစိုက်ရာ ဖာပွန်ခရိုင်အတွင်းမှာ ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီး ကျဆုံးတဲ့နေ့ကိုသတ်မှတ်ခဲ့တဲ့ အာဇာနည်နေ့မှာ စစ်ဘက်ဆိုင်ရာအခမ်းအနားတွေ ထည့်သွင်းကျင်းပတာကြောင့် အမြင်မမှားစေဖို့ တပ်မတော်ဖက်ကိုလည်း အရင်ရက်တွေတည်းက အကြောင်းကြားစာပေးပို့ထားကြောင်း KNU ရဲ့ အထွေထွေအတွင်းရေးမှုး ပဒိုစောတာဒိုမူးက ပြောပါတယ်။

“ ကျနော်တို့ ဒီအာဇာနည်နေ့မှာ စစ်ဘက်ဆိုင်ရာအခမ်းအနားပုံစံမျိုး ဒီဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ လုပ်တဲ့ဟာမျိုးလုပ်တဲ့ အလေ့အထရှိတာကိုး။ အဲဒါကို စစ်အခမ်းအနားနဲ့ ဖြစ်တဲ့အတွက်ကြောင့်လည်း စစ်တပ်ဖက်က အမြင်မှားတာလေးများ ရှိမလားဆို ကျနော်တို့ အဲလိုမဖြစ်အောင်လည်းအကြောင်းကြားတဲ့စာပို့ထားပါတယ်။ ”

အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေချိန်KNU တပ်မဟာ ၅ အခြေပြုရာ ဖာပွန်ခရိုင် ကတိုင်တိ ကျေးရွာအုပ်စုအတွင်းကို အစိုးရတပ်မတော်ဘက်က အင်အားဖြည့်ဝင်ရောက်လာတဲ့အတွက်KNU တပ်မဟာ ၅ တပ်မဟာမှုးကအရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှုးဆီကို တပ်တွေ ပြန်ရုတ်သိမ်းဖို့ နဲ့ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

အစိုးရတပ်မတော်ဘက်က တပ်တွေ ဝင်ရောက်ချထားလာတဲ့အပေါ် KNU ဗဟိုက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ထံကို ကန့်ကွက်စာပေးပိုထားတယ်လို့ ပဒိုစောတာဒိုမူးက ဆက်ပြောပါတယ်။

“ ကျနော်တို့ထင်တာကတော့ နားလည်မှုလွဲမှားတဲ့ပုံစံပဲလို့တော့ ထင်ရတာပေါ့နော်။ အဲတော့ JMC ကိုလည်း ကျနော်တို့ ကန့်ကွက်စာပေးထားတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီဟာက နားလည်မှုလွဲမှားတဲ့ အပိုင်းဆိုလည်း အောက်ခြေမှာ တွေ့ဆုံပြီးဖြေရှင်းလိုက်လည်း ပြီးသွားတဲ့ကိစ္စပဲလေ။ ဒါပေမဲ့ အခုဟာက အောက်ခြေက သတင်းတွေအရ စခန်းပါ စွဲထားတဲ့ပုံစံမျိုး ယာယီဖြစ်မလား ဘယ်လိုဖြစ်မလဲတော့မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒါကတော့ နားလည်မှုလွဲမှားနိုင်တဲ့အတွက်ကြောင့် JMC ကိုတော့ စာပို့ထားပါတယ်။ ”

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMCရဲ့ အတွင်းရေးမှုး ၂ ဗိုလ်မှုးကြီး ဝဏ္ဏအောင်ကတော့ စာလက်ခံမရသေးကြောင်း ပြောပါတယ်။

“ကျနော်တို့ JMC ကိုတော့ အဲဒီစာ ရောက်မလာသေးပါဘူးဗျ။ မသိသေးပါဘူးဗျ။”

ကရင်ပြည်နယ် လုံခြုံရေး နဲ့ နယ်စပ်ရေးရာဝန်ကြီးကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အရ စစ်ရေးပြအခမ်းအနားတွေကို သက်ဆိုင်ရာအဖွဲ့ဌာနချုပ်မှ အပ အခြားနေရာတွေမှာ မလုပ်ဆောင်ဖို့ ကန့်ကွက်ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းကလည်း ဖာပွန်ခရိုင် လွယ်မူပလောဒေသဖက်မှာ တပ်မတော်က ကားလမ်းဖောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး KNUနဲ့ တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့သလို ဒေသခံ ပြည်သူ ၂ထောင်လောက်က နေရပ်စွန့်ခွာထွက်ပြေးရတာတွေ ရှိပါတယ်။ ဒီလိုစစ်ရေးပဋိပက္ခတွေဖြစ်ပွားချိန်မှာ JMC က နှစ်အကြား ညှိနှိုင်းဆောင်ရွက်ခဲ့သလို နောက်ဆုံးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ဥက္ကဌတို့တွေ့ဆုံပြီး ကားလမ်းဖောက်တဲ့အစီအစဉ်တွေကို ယာယီရပ်ဆိုင်းခဲ့တာကြောင့် နှစ်ဘက် ပြေလည်မှုရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG