သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်စကားလုံး မသုံးဖို့ တားတဲ့ကြား ကရင်အာဇာနည်နေ့ အခမ်းအနားများ ကျင်းပ


ရန်ကုန်မြို့တွင်ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနားမြင်ကွင်း။ (ဓါတ်ပုံ -ကိုသက်ဆွေဝင်း)
ရန်ကုန်မြို့တွင်ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနားမြင်ကွင်း။ (ဓါတ်ပုံ -ကိုသက်ဆွေဝင်း)

၆၉ ကြိမ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့အပြင် ကရင်တိုင်းရင်းသားအများအပြားနေထိုင်ရာ ဒေသတွေမှာ တနင်္လာနေ့က ကျင်းပကြပါတယ်။ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်မှာတော့ အာဇာနည်ဆိုတဲ့ စကားလုံးကို မသုံးရဘူးဆိုပြီး တားမြစ်ပိတ်ပင်ခဲ့ပေမယ့်လည်းပဲ ကရင်အမျိးသားခေါင်းဆောင်ကြီးကျဆုံးတဲ့ အထိမ်းအမှတ်နေ့အဖြစ်နဲ့ ကရင်အာဇာနည်နေ့လို့ သုံးစွဲပြီး အခမ်းအနားကျင်းပကြတာပါ။ စစ်မှန်တဲ့ ပြည်ထောင်စုတရပ် ပေါ်ထွန်းလာတဲ့ ဒီကနေ့လို အခြေအနေမျိုးမှာ ကရင်အာဇာနည်နေ့ဆိုတဲ့ စကားလုံးသုံးခွင့်ရှိဘို့ဟာ လူမျိုးစုတွေနဲ့ ပတ်သတ်တဲ့ သဘောထားကို ထင်ဟပ်စေတယ်လို့လည်း ဆိုကြပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာကျင်းပတဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကိုတော့ လူပေါင်း ၇၀၀ ထက်မနည်း တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ အခမ်းအနားမှာလည်းကရင်အာဇာနည်နေ့ဆိုပြီး ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး အခမ်းအနားကျင်းပခဲ့ကြတာပါ။ ဧရာဝတီတိုင်းဒေသကြီး အစိုးရကနေ ကရင်အာဇာနည်နေ့ကျင်းပရာမှာ အာဇာနည်ဆိုတဲ့ စကားလုံးကို မသုံးဖို့ ဒေသတွင်းက ကရင်အဖွဲ့အစည်းတွေကို စာပေးပို့ခဲ့သလို ရန်ကုန်မှာကျင်းပတဲ့ အခမ်းအနားမှာလည်း ဒီစကားလုံးမသုံးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားခဲ့တယ်လို့ အခမ်းအနားဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံး KWU အဖွဲ့ ဥက္ကဌ နော်အုန်းလှက အခုလိုပြောပါတယ်။

“ အာဇာနည်ဖြုတ်ပါဆိုပြီးတော့ ကျမတို့ကို ခေါ်ညှိတယ် ဒီနေ့လည် ရုံးခန်းမှာ ၊ ခေါ်ညှိတဲ့အခါမှာ ကျမတို့ကို အကြောင်းပြချက်ပေးပါ မပေးနိုင်ရင် ပြင်စရာမလိုဘူးလို့ မပြင်နိုင်ဘူးလို့အကြောင်းပြချက် မပေးနိုင်ရင်။”

ကရင်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ စောဘဦးကြီးကျဆုံးတဲ့ရက်ကို ကရင်အာဇာနည်နေ့ဆိုပြီး ကျင်းပတာပါ။ စောဘဦးကြီးဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကရော လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာပါ ကရင်တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ အစဉ်တစိုက်တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။ ဖဆပလအစိုးရလက်ထက် ၁၉၅၀ သြဂုတ်လ ၁၂ ရက်နေ့မှာတော့ စစ်တပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့ပါတယ်။ ကရင်ပြည်သူ့ပါတီဒုဥက္ကဌ စောဆေးဝါးက အခုလိုပြောပါတယ်။

“ကရင်အမျိုးသားရေးအတွက် အခွင့်အရေးတွေ ရရှိဖို့အတွက် ၊ ပြည်နယ်ရရှိဖို့အတွက် စသဖြင့် အဲဒီလို ဦးဆောင်ပြီးတော့ လုပ်တဲ့ ပုဂ္ဂိုလ်တွေ လုပ်ရင်းကိုင်ရင်း ကျဆုံးသွားတဲ့အတွက် ကရင် ပြည်သူလူထုက ယူကျုံးမရဖြစ်တယ်ပေါ့ဗျာ။ အဲဒီအပေါ် မူတည်ပြီးတော့ သူ့ကို တကယ့် ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ သတ်မှတ်ခြင်းဖြစ်ပါတယ်။”

၂၀၁၈ နှစ်ဆန်းပိုင်းတုန်းကလည်း ကရင်ပြည်နယ်အတွင်း စောဘဦးကြီးရုပ်တုစိုက်ထူဖို့ ဆောင်ရွက်တာကို ဒေသခံ စစ်တပ်က တားမြစ်ခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း မကြေမနပ်ဖြစ်ခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ပြည်ထောင်စုတရပ် ပေါ်ထွန်းလာဖို့၊ ပြည်တွင်းစစ်ရပ်စဲဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ တချိန်တည်းမှာ တိုင်းရင်းသားတွေရဲ့ သဘောထားဆန္ဒကို လက်တွေ့ကျကျ အလေးထား အသိအမှတ်ပြုဖို့လိုကြောင်း ဒီကနေ့ကရင်အာဇာနည်နေ့ အခမ်းအနား တက်ရောက်ခဲ့သူ SYNERGY လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်းက အခုလိုပြောပါတယ်။

“ဒီဟာက စစ်တပ်နဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး ။ အစိုးရနဲ့ ဆိုင်တဲ့ကိစ္စ အစိုးရရဲ့ နိုင်ငံရေး Political will အပေါ်မှာ အများကြီးမူတည်နေတယ်။ စစ်တပ်က ဘာဖြစ်နေ ဒါလာပြီးတော့ excuse ပေးစရာလည်း မလိုဘူး။ သူတို့ကိုယ်တိုင်က လုပ်ပိုင်ခွင့်တွေ တိုင်းရင်းသားတွေကို အသိအမှတ်မပြုချင်တာ ဒါတွေအများကြီးကို ကျနော်တို့ တွေ့ရတဲ့အခါကျတော့ ဒါ အင်မတန်ကို ရှက်ဖို့ကောင်းတဲ့ ကိစ္စ ၊ အင်မတန်ကိုပဲ သဘောထား သေးသိမ်လွန်းရာ ကျတဲ့ အပြုအမှုတခုလို့ ကျနော်တို့ ယူဆပါတယ်။”

မွန်ပြည်နယ် ဘီလူးကျွန်းအနီးက ချောင်းဆုံတံတားကို ဒေသခံတွေက ကန့်ကွက်နေတဲ့ကြားကပဲ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး အမည်ပေးခဲ့တာ၊ ကရင်နီပြည်လို့လည်း ဒေသခံတွေ ခေါ်ဆိုသုံးစွဲကြတဲ့ ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာကို ဒေသခံတွေက အကြီးအကျယ် ဆန္ဒပြကန့်ကွက်ကြတဲ့အတွက် အစိုးရက ဒီဆန္ဒပြပွဲတွေ ပစ်ခတ်နှိမ်နင်းခဲ့သလို ဦးဆောင်သူတွေကို ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခဲ့ဘူးပါတယ်။ ဒီနှစ်ကျရောက်တဲ့ ကရင် အာဇာနည်နေ့အခမ်းအနားကိုတော့ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ကျင်းပကြတာမှာ အခမ်းအနားကျင်းပစဉ် သက်ဆိုင်ရာက လာရောက်ကန့်သတ် ပိတ်ပင်တာမျိုးတော့ ခုချိန်ထိ မကြားခဲ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG