သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒုက္ခသည်များ ပြည်တွင်း ပြန်လည်နေရာချထားရေး စတင်


ကရင်ဒုက္ခသည်များ
ကရင်ဒုက္ခသည်များ

ထိုင်း - မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တွေနဲ့ချီပြီးနေထိုင်လာကြတဲ့ မြန်မာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ ကုလသမဂ္ဂ၊ ထိုင်းအာဏာပိုင်နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ မကြာခင်ရက်ပိုင်း အတွင်းမှာ ပြန်ပို့ဖို့ရှိတဲ့ ပထမဦးဆုံး အသုတ်ကိုတော့ ကရင်ပြည်နယ်အတွင်း နေရာသစ်တွေမှာ ပြန်လည်နေရာချထားဖို့ ပြင်ဆင်နေတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ ဒီ ပြင်ဆင်ဆောင်ရွက်မှု အသေးစိတ်နဲ့ပတ်သက်လို့ ရှားဖောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုင်း - မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တွေနဲ့ချီပြီးနေထိုင်လာကြတဲ့ မြန်မာ ဒုက္ခသည်တွေထဲက ပထမဦးဆုံး အသုတ်ကို ဒီလ အောက်တိုဘာလထဲမှာပဲ မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းကို ပြန်ပို့ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ နိုဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် တချို့အပါအဝင် အခု ပြန်ပို့မယ့် ပထမဦးဆုံး အသုတ်ထဲမှာ လူဦးရေ ၅၆ ဦး ပါဝင်တယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“အစတုန်းကတော့များတယ် ၁၀၀ ကျော်တယ်။ အခုတကယ်တမ်းပြန်လာမယ့်လူက ကျမသိရတာက အကြမ်းဖျင်းပဲရှိသေးတယ်။ သေတော့မသေချာဘူး ၅၆ ဦးပဲရှိတော့တယ် လူဦးရေ ၅၆ ဦးပဲရှိတယ်။ အကြမ်းဖျင်းကတော့ ဒီလ ၂၅ ရက်နေ့ နောက်ပိုင်းလို့တော့ပြောတာပဲ။ ဘယ်ရက်လဲတော့ အတိအကျမသိရသေးဘူး။”

အခုပြန်လာကြမယ့် ဒုက္ခသည်တွေဟာ အတင်း ပြန်ပို့တာမဟုတ်ပဲ မိမိရဲ့ သဘောဆန္ဒအတိုင်းသာ ပြန်လာကြတဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ပြန်လာမယ့် ဒုက္ခသည်တွေအတွက် လုံခြုံရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် အစိုးရက စီစဉ်ပေးနေတာတွေရှိသလို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ကလည်း လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးတာတွေ ရှိတယ်လို့ ဒေါ်နန်းခင်ထွေးမြင့်အခုလို ဆက်ပြောပြပါတယ်။

“အခုနေမယ့်သူ့အတော်များများကတော့ ပြန်မယ့်အိမ်မရှိတော့ဘူး။ ကျမတို့ စီမံပေးတဲ့ အိမ်မှာနေမယ်ဆိုပြီးတော့ သူတို့အတွက် ကျမတို့က မိသားစုတစုကို တန်ဖိုးနည်းအိမ်ရာ လေးတွေဆောက်ထားပေးပါတယ်။ အဲဒီအိမ်တွေမှာ ၁ မိသားစု တလုံး ခြံလေးတွေကလည်း ပေ ၄၀-၆၀ အဲဒီလိုမျိုး အကွက်ကလေးတွေနဲ့ ကျမတို့ စီစဉ်ထားပေးတာပေါ့နော် ။ ယာယီနေလို့ရတဲ့အဆောင်ကလေးတွေလည်း အရင်တုန်းကရှိပါတယ် ကျမတို့မှာရှိပါတယ်။ အဲဒီအတွက် သူတို့ကို သီးသန့်တွေလည်းလုပ်ပေးထားပါတယ်။ ရေ၊ မီး၊ ရေချိုးခန်း၊ စားဝတ်နေရေး ကအစ လောလောဆယ်ဆယ်စားဝတ်နေရေးအတွက် ၁ လလောက်နေလည်း ၁ လလောက် ကျမတို့က ၁ ရက်ကို ၂၀၀၀ နှုန်းနဲ့ကျွေးဖို့ စီစဉ်ထားပါတယ်။ ဒါကတော့ အခုလောလောဆယ်ဆယ်ပေါ့နော်။ အိမ်နဲ့ရပြီဆိုရင် အိမ်သီးသန့်၊ မိသားစုခွဲနေချင်ပြီဆိုရင် မိသားစုခွဲနေဖို့လည်း စီစဉ်ထားတယ်။ ရွာအရောက် ပြန်ချင်ရင်လည်း ရွာက မိသားစုနဲ့ ကျမတို့ ဆက်သွယ်ထားပြီးပြီ။ အဲဒီတော့ ရွာအရောက် ပြန်ချင်တယ်ဆိုရင်လည်း အဲဒီနေ့ရောက်ပြီးနောက်တ နေ့မှာ ရွာအထိပြန်ဖို့ ၊ သူူတို့မိသားစုတွေခေါ်ချင်ရင်လည်း ခေါ်ချင်တဲ့အလျှောက် ကျမတို့ စီစဉ်ထားပါတယ်။ သူတို့နေမယ့်နေရာက လူမရှိတဲ့နေရာတော့မဟုတ်ပါဘူး။ အန်တီတွေနေတဲ့ ပတ်ဝန်းကျင် နဲ့ နီးစပ်တဲ့နေရာမှာ ထားတာပါ။ အဲဒီမှာ ငြိမ်းချမ်းရေးအဖွဲ့မိသားစုတွေလည်းရှိတယ်။ နောက်ပြီးတော့ သူတို့အတွက်လည်း သီးသန့်အိမ်တွေလည်းဆောက်ထားပေးပါတယ်။ သူတို့ ယာယီနေထိုင်ဖို့ကလည်း မြဝတီမြို့ပေါ်မှာ ရှိတဲ့အဆောက်အဦးပါ။ သူတို့ကို မြို့အပြင်ထုတ်ပြီးတော့ နယ်မြေလုံခြုံမှုမရှိတဲ့နေရာမှာ မထားပါဘူး။”

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ဖို့နိုင်ဖို့အတွက် ထိုင်းအာဏာပိုင်တွေနဲ့အတူ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအဖွဲ့ - IOM နဲ့ UNHCR တို့ က လွန်ခဲ့တဲ့ ခြောက်လကတည်းက စီစဉ်နေတာဖြစ်ပြီး အခုအသုတ်က ပထမဆုံး ကနဦးအဆင့်လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီ - KRC က ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောတူးတူးက အခုလိုပြောပြပါတယ်။

“Pilot အနေနဲ့ ပြန်ပို့ဖို့ရှိတယ်လေ။ စမ်းကြည့်တာပေါ့၊ pilot repatriation သဘောမျိုးပေါ့ ပြန်ပို့ဖို့ရှိတယ်။”

ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ အလုပ်အကိုင် အလုံအလောက်မရှိတာကြောင့် မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အလုပ်ရှာဖွေလုပ်ကိုင်နေရချိန်မှာပဲ အခုလို ဒုက္ခသည် ပြန်လာမယ်ဆိုရင် သူတို့အတွက် အလုပ်အကိုင်တွေရဖို့ ဘယ်လို စီစဉ်ဆောင်ရွက်ပေးဖို့ရှိသလဲ ဆိုတာကိုတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အခုလို ရှင်းပြပါတယ်။

“သူတို့အတွက်ဆိုအများကြီးစဉ်းစားထားပေးတယ်။ ပညာရေးနဲ့ ကျန်းမာရေးကတော့ ချက်ချင်းပဲ အဲဒီမှာ ကျောင်း တခါတည်းထားပေးလို့လည်းရတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ရှိပြီးသား ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ထားပေးတယ်။ သူတို့နဲ့ နီးနီးနားနားလေးမှာရှိတယ် ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့တွေလုပ်ထားပေးတဲ့ ကျောင်းတွေမှာ သူတို့ ဝင်နေလို့ရတယ်။ ဆေးပေးခန်းတွေလည်းအဲဒီမှာ ရှိတယ်။ နိုင်ငံတကာ UNHCR ကလည်း သူတို့ကို ထောက်ပံ့တယ် နည်းနည်းလေးပါ ၊ အဲဒါအန်တီ သိတာကတော့နော်။ တက်နိုင်သမျှကတော့ အန်တီတို့လည်းအလုပ်ကိုင်ရတာတွေကို အန်တီတို့ကြိုးစားပြီးတော့ ကုမ္ပဏီ တွေခေါ်ပြီးတော့ လုပ်နေတဲ့အချိန် အဲဒီအချိန်ကျမှ ။ အခုလောလောဆယ်တော့ အန်တီတို့စဉ်းစားထားတာက သူတို့ မွေးမြူရေးလုပ်ချင်လား။ လုပ်ချင်ရင် တပိုင်တနိုင်လေးမွေးမြုရေးလေးတွေ ဝက်ကလေးတွေ ကြက်ကလေးတွေပေးမယ်။ အကြီးလုပ်နိုင်ရင် အကြီးမွေးမြူရေးတွေလုပ်ခိုင်မယ်။”

ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံ ဘက်ကိုထွက်ပြေးလာကြတဲ့ ဒုက္ခသည်အများစုဟာ ကရင်တိုင်းရင်းသားတွေ ဖြစ်ကြပြီးတော့ သူတို့အများစုဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်လာကြတာ နှစ်ပေါင်း ၃၀ နီးပါးရှိကြပြီဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် တလျှောက်မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်ဦးရေပေါင်း ၁ သိန်းကျော် ရှိတယ်လို့ UNHCR ကနေ ထုတ်ပြန်ထားတဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီးတော့ ကရင်ပြည်နယ် မယ်သဝေါ ဒသေအတွင်းမှာ ခွဲထွက် ဒီကေဘီအေ အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဲဒီဒေသအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ထောင်နဲ့ချီတဲ့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အခုလို နယ်မြေမတည်ငြိမ်မှုတွေရှိနေတဲ့အချိန်တည်းမှာပဲ ကျေးရွာတချို့တွေမှာ မြေမြုပ်မိုင်း အန္တရာယ်တွေလည်း ရှိနေသေးတာကြောင့် ပြန်ပို့ခံရမယ့် ဒုက္ခသည်ရဲ့ လုံခြုံအတွက် စိုးရိမ်မှုတွေလည်း တွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG