သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသခံတချို့ နေရပ်ပြန်ပေမယ့် မြေမြှုပ်မိုင်းအန္တရာယ်ကြုံတွေ့ရ


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ကရင်နီဒေသတွင်း တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ ဒေသခံတချို့ နေရပ်ပြန်လာကြပြီလို့ သိရပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပေမဲ့ မြေမြှုပ်မိုင်းနဲ့ တခြားအန္တရာယ်တွေကြောင့် သတိထားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ တချို့စစ်ဘေးရှောင်တွေ နေရပ်ပြန်လာနေထိုင်နေကြပါတယ်။ နှစ်တွေနဲ့ချီ အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး ဘေးလွတ်ရာမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတာမို့ နေရပ်ပြန်လာကြရတာလို့ ဒီးမော့ဆိုဒေသခံတဦးက ခုလို ပြောပါတယ်။

“လက်နက်ကြီးတော့ ကျနေတာပဲ။ ပြေတော့ သိပ်မပြေဘူးပေါ့။ ကြောက်တော့ ကြောက်နေရတာပေါ့၊ ဒါပေမဲ့ စစ်ရှောင်တဲ့နေရာဆိုလည်း မလုံခြုံတော့ဘူးလေ၊ တနေရာမှ မလုံခြုံတော့ပါဘူးနော်။ ကိုယ့်ရွာမှာပဲကိုယ် ပြန်လာနေတာ စိတ်ပိုချမ်းသာတယ်ပေါ့။ အဲ့ဒါကြောင့် ပြန်လာနေလိုက်တာ။ လေးပုံတပုံလောက်ပဲ ပြန်လာနေကြသေးတယ်။ အိုးအိမ်မရှိတဲ့လူက ခပ်များများပဲနော်။ အဲ့ဒါ ပြန်လာဆိုလည်း နေစရာနေရာမရှိတဲ့လူလည်း များနေတယ်။ ကျမပြန်လာနေတယ်ဆိုတာ အိမ်က မရှိတော့ဘူး။ ဒါပေမယ့် မီးဖိုလေးကျန်တော့ မီးဖိုလေးပြန်ပြုပြင်ပြီးမှ ပြန်နေတော့ အဲ့ဒါတောင်မှ အဆင်မပြေဘူး။”

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်ပျက်စီးသွားတာ၊ မီးရှို့ခံကြရတွေတာကြောင့် ရွာသားတချို့အတွက်တော့ နေစရာ အိမ်မရှိဘူးလို့ အခြေအနေကို ကြုံတွေ့နေသူက ပြောပါတယ်။ စစ်ပွဲတွေက နေရာစုံပြန့်နှံ့လာတာကြောင့် ကိုယ့်ရပ်ရွာကိုပဲ ပြန်လာကြတာလို့ ဆိုပါတယ်။

နေရပ်ပြန်နိုင်ကြတယ်ဆိုပေမယ့် လက်နက်ကြီးတွေ ရံဖန်ရံခါကျရောက်ပေါက်ကွဲတာအပြင် စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားခဲ့တဲ့နေရာမှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေတာကြောင့် နင်းမိပေါက်ကွဲမှာလည်း စိုးရိမ်နေရတယ်လို့ ရွာပြန်လာတဲ့ ဒီးမော့ဆို ဒေသခံတဦးက ပြောပါတယ်။

“ရွာထဲမှာတော့ အရမ်းကြီး သွားလာလို့တော့ မရဘူး။ မိုင်းတွေက ကြောက်နေရတာပေါ့နော်။ အရင်တလောတုန်းကလည်း ကျမတို့ပြန်လာနေပြီး မကြာဘူး၊ အဲ့ဒီအမျိုးတယောက်လည်း မိုင်းနင်းမိပြီးမှ ခြေလျှောက် နှစ်ဘက်စလုံးပျက်သွားသေးတယ်လေ၊ ပျက်တော့ ဘယ်သူ ဘယ်နေရာမှ အရမ်းကြီးတော့ မသွားရဲဘူးပေါ့နော်။ ကိုယ့်ခြံနဲ့ကိုယ့်အိမ်နဲ့ အဲ့လိုမျိုးပေါ့ စိတ်ချရတဲ့ နေရာတွေပဲ ကိုယ်က သွားနေရတယ်ပေါ့နော်။ အရမ်းကြီးမသွားရဲဘူး။”

အရင်နှစ်တွေတုန်းကလည်း နေရပ်ပြန်လာပြီး အိမ်ခြံသန့်ရှင်ရေးလုပ်တဲ့ ဒေသခံတချို့ မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သတိထားနေထိုင်သွားလာဖို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

စားသောက်ရေးအတွက် စိုက်ပျိုးလုပ်ငန်းတွေ လုပ်ကိုင်နေကြပေမယ့် မိုင်းအန္တရာယ်နဲ့ တခြားစိုးရိမ်ရတဲ့ အခြေအနေတွေ ရှိသေးတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ လုပ်ကိုင်စားသောက်ဖို့အတွက် ပြန်လာနေကြတာ ပိုများပါတယ်။ အရင်ပုံစံအတိုင်းတော့ မဖြစ်နိုင်သေးဘူးပေါ့နော်၊ လောလောဆယ်က အကြောင်းမျိုးမျိုးတော့ ရှိသေးတာပေါ့၊ စားနပ်ရိက္ခာလည်း အခက်အခဲရှိတယ်၊ နောက်ပြီးတော့ စိုက်ပျိုးဖို့အတွက်လည်း လိုအပ်တဲ့ပစ္စည်း ကိရိယာတွေလည်း မျိုးစေ့တွေလည်း အခက်အခဲတွေ ရှိသေးတာပေါ့နော်။ အဲ့တော့ နေနိုင်တဲ့နေရာလောက်ကို တချို့ကိုတော့ ပြန်နေခွင့်ပေးထားတယ်ဆိုပေမယ့်လည်း အခုချိန်ထိ အများစုပဲ ပြောပြောပေါ့နော် လုံးဝပြန်နေလို့ မရနိုင်သေးပါဘူး။”

ကရင်နီဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေနဲ့ တိုက်ပွဲကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမားနေသလို ဒေသတွင်းမှာ စားသောက်ကုန်တွေ ဝယ်ခြမ်းဖို့လည်း အဆင်မပြေဘူးလို့ နေရပ်ပြန်လာနေသူက ပြောပါတယ်။

“အခုလောလောဆယ်တော့ စိုက်တော့ စိုက်ပျိုးထားတယ်ပေါ့နော်၊ ပြောင်းတွေ ဘာတွေတော့ စိုက်ထားတယ်။ ဒါပေမယ့် အခြေအနေရပေါ့၊ ဘယ်လိုလာမလဲမသိဘူး။ စိုက်တော့ စိုက်ထားတာပဲ၊ ဘယ်နေ့ ဘယ်ရက် အဲ့လိုမျိုး ပြန်ပြီး ပြေးရမလဲတော့ မသိသေးဘူးပေါ့နော်။ အခက်အခဲကတော့ ကြုံနေတာအများကြီးရှိတာပေါ့။ အစားအသောက်တွေလည်း ဘယ်လိုပြောမလဲ ဝယ်ရပြုရခက်တာပေါ့ ဝယ်ဖို့ သိပ်အဆင်မပြေဘူးပေါ့နော်။”

ကရင်နီဒေသရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တယ်ဆိုပေမယ့် ဒေသခံတွေ အတည်တကျနေထိုင်ဖို့ လုံခြုံတဲ့ အခြေအနေမရှိသေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးကပြောပါတယ်။

“ကရင်နီပြည်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ နေရာတွေ ကျေးရွာတွေ မြို့ပေါ်ရပ်ကွက်တွေကတော့ ပြန်ဝင်နေထိုင်လို့ အဆင်သင့်မဖြစ်သေးဘူးနော်။ အထူးသဖြင့် မိုင်းအန္တရာယ်ရှိတယ်။ နောက်ပြီးတော့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်၊ နောက်ပြီးတော့ တချို့စစ်မြေပြင်က စစ်ကောင်စီတပ်တွေနဲ့ နေနေတာဖြစ်တဲ့အတွက် ဒီလေကြောင်းတိုက်ခိုက်မှုတွေက အမြဲတမ်းလုပ်နိုင်တဲ့ အနေအထားမျိုးရှိတယ်။ အဲ့တော့ စစ်မြေပြင်ဖြစ်ခဲ့တဲ့နေရာတွေ အားလုံးနီးပါးကတော့ ပြန်နေဖို့ကတော့ မဖြစ်နိုင်သေးဘူးပေါ့နေတယ်။ ဒါပေမယ့် ပြည်သူတွေကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကတော့ နေကြတယ်ပေါ့နော်။”

ဘော်လခဲမြို့နယ် ရွာသစ်မြို့၊ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသနဲ့ မယ်စဲ့မြို့၊ ရှားတောမြို့တွေကို လတ်တလောမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။ ဒါပေမယ့်လည်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ အန္တရာယ်ရှိနေဆဲမို့ ဒေသခံတွေအနေနဲ့ အတည်ပြုချက်မရဘဲ နေရပ်ပြန်နေထိုင်တာမလုပ်ကြဖို့၊ နေရပ်ပြန်ခွင့်ရှိသူတွေကလည်း သတ်မှတ်တဲ့အတိုင်း သွားလာနေထိုင်ဖို့နဲ့ မိုင်းအန္တရာယ်သတိထားဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG