သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ စစ်ရှောင်တွေနဲ့ဒေသခံများ ရေရရှိမှု အကျပ်အတည်းကြုံ


နှစ်စဥ် သောက်သုံးရေးရှားပါးတဲ့ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေတိုးများလာနေတာနဲ့အမျှ ရေသန့်လိုအပ်ချက်ကြီးမားနေတာကြောင့် ရေအလှူကားတွေကို အားကိုးနေရပုံ။ (ဓာတ်ပုံ- Jobs for Kayah)
နှစ်စဥ် သောက်သုံးရေးရှားပါးတဲ့ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေတိုးများလာနေတာနဲ့အမျှ ရေသန့်လိုအပ်ချက်ကြီးမားနေတာကြောင့် ရေအလှူကားတွေကို အားကိုးနေရပုံ။ (ဓာတ်ပုံ- Jobs for Kayah)

စစ်ဘေးရှောင်နဲ့ ဒေသခံတွေ ခိုလှုံခိုနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲမြို့နယ်မှာ စားနပ်ရိက္ခာ ကျပ်တည်းခက်ခဲတဲ့အပြင် အကြီးအကျယ်ရေရှားပါးတဲ့ဒဏ်ကိုလည်းရင်ဆိုင်နေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်နဲ့ အကူအညီပေးသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ်ဒေသ သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ပြေးရှောင်နေကြရပြီး စားနပ်ရိက္ခာ ကျပ်တည်းခက်ခဲတဲ့အပြင် ရေရှားပါးမှုပြဿနာ အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ အခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလမှာ ရေရှားပါးမှုဒဏ် ပိုခံစားရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်နဲ့ အကူအညီပေးသူတွေက ဗွီအိုအေကို ပြောပါတယ်။

ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲမြို့နယ်မှာ အခု မတ်လဆန်းပိုင်းကတည်းက ရေရှားပါးမှုဒဏ်ခံနေရပြီး လာမယ့်လတွေကို အခြေအနေပိုဆိုးလာနိုင်ကြောင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Jobs For Kayah တာဝန်ခံ ကိုကောင်းမြတ်က ဗွီအိုအေကို ခုလို ပြောပါတယ်။

“ဒီလာမယ့်လတွေပေါ့နော်။ ဧပြီ၊ မေ-ခက်ခဲလာမယ်ပေါ့နော်။ တချို့ ဖရူဆိုဘက်ဆိုရင် ပိုပြီးတော့ ရှားပါးတယ်ပေါ့နော်။ ဖရူဆိုတို့၊ ဘော်လခဲတို့ဘက်ဆိုရင်တော့ ရေရှားပါးမှုဒဏ်ကို ပိုခံရတာပေါ့နော်။ ဒီးမော့ဆိုဘက်မှာကျတော့ စစ်ရှောင်စခန်းတွေရှိတဲ့နေရာ တော်တော်များများက ရေအရင်းအမြစ်ဝေတဲ့နေရာဆိုတော့ အဲ့လိုမျိုး အလှူရှင်တွေကနေပြီးတော့ ရေကားတွေနဲ့ လိုက်လှူဒါန်းပေးမှပဲ အဆင်ပြေတာပေါ့နော်။”

ရေရှားပါးမှုဒဏ် ကိုယ်တိုင်ခံစားနေရတဲ့ ဖရူဆိုမြို့နယ်အရှေ့ခြမ်း ဒေသခံတဦးကလည်း အခုလိုပြောပါတယ်။

“ဒီဘက်က အစားအသောက်မလုံမလောက်တာတွေတော့ ဖြစ်တယ်။ ရေတခုတည်းမဟုတ်ဘူး၊ ထင်းလည်း ပြဿနာဖြစ်တာပေါ့နော်။ စစ်ရှောင်တွေကလည်း များတော့ ရေနဲ့တဘက်၊ ထင်းနဲ့လည်းတဘက်ပေါ့နော်။ ရေရှိတာက ထီးပေါ်ကလိုးဘက်ပေါ့နော်။ အဲ့ဒီ ဒေါတကလဲတို့၊ ငွေသလဲတို့ဘက်ကျတော့ ရေက အခုချိန်ဆို နွေဆိုတော့ ရေခန်းသွားပြီးလေ၊ ခါတိုင်းနှစ်ဆိုလည်း ဒီလိုပဲ။ ဒါပေမဲ့ အခုက စစ်ရှောင်များလို့ ရေက မလုံလောက်ဖြစ်သွားတာပေါ့နော်။ အဝေးသွားခပ်ရတယ်ပေါ့နော်။ နောက်ပြီး ဒီ ဒေါဖူးဒေါသဲ၊ ဒေါလောခူဘက်လည်း အဲ့လိုပဲ။”

နွေရာသီကာလတွေမှာ နှစ်စဉ် ရေရှားမှုဒဏ် ကြုံတွေ့နေရပေမယ့် ဖရူဆိုမြို့နယ်အရှေ့ခြမ်းမှာ ဆိုးဝါးတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအခါမှာတော့ တိုက်ပွဲတွေပြင်းထန်လာပြီးတဲ့နောက် စစ်ဘေးရှောင်တွေလည်း များပြားလာတာကြောင့် ရေရှားပါးမှုဒဏ် ပိုမိုကြုံတွေ့ခဲ့ရတာလို့ ဒေသခံက ပြောပါတယ်။

“အလှူရှင်တွေကကျတော့ ရေတော့ ပို့ပေးတာပဲ။ ဒါပေမယ့် မလုံလောက်ဘူးပေါ့နော်။ လူဦးရေက ဒီဘက်တကျောဆိုရင် အရှေ့ဘက်ခြမ်းတကျောဆိုရင် ၂,၀၀၀၊ ၃,၀၀၀ လောက်ရှိမယ် ထင်တယ်။ တချို့ဆိုရင် မိုးရေလှောင်ထားတာပေါ့နော်၊ အုတ်ကန်တွေလုပ်ထားတယ်။ ကိုယ့်မိသားစုအတွက် တနှစ် တနှစ်စာ အဲ့လိုမျိုးလှောင်ထားတာပေ့ါနော်။ အခုက စစ်ရှောင်တွေများတော့ အဲ့လိုမျိုးအဆင်မပြေတော့ဘူးလေ၊ အုတ်ကန်တွေလည်း အဲ့ဒါနဲ့ မလောက်တော့ဘူးလေနော်၊ တနှစ်သုံးရမယ့်ဟာကို တပတ် နှစ်ပတ်နဲ့ ကုန်သွားတယ်။ အဲ့လိုမျိုးဖြစ်သွားတာပေါ့။”

အလှူရှင်တွေက ရေလှူပေးတာမျိုးရှိပေမယ့် လူဦးရေများပြားတာကြောင့် ရေ အလုံအလောက်ရမဘဲ ချွေတာသုံးစွဲနေရတာလို့ ပြောပါတယ်။ ကျေးရွာတွေနဲ့ ယာယီစစ်ရှောင်စခန်းကနေ ရေရှိနေရာဆီ သယ်ယူအသုံးပြုနိုင်ဖို့ အဆုံးနည်း ၈ မိုင်အကွာလောက် သွားရပြီး လက်ရှိ ဓာတ်ဆီ၊ ဒီဆယ်ဆီ ဈေးနှုန်းမြင့်တက်နေတာကြောင့် ရေအလုံအလောက် မသုံးစွဲနိုင်ကြဘူးလို့ ဒေသခံက ပြောပါတယ်။

ဒုက္ခသည်စစ်ရှောင်စခန်းအတွင်းမှာ ချက်ပြုတ်ရေနဲ့ သောက်သုံးရေဖူလုံဖို့ မနည်းရုန်းကန်းနေကြရပြီး တကိုယ်ရေသန့်မှုလည်းမရှိတာကြောင့် ယားယံတာ။ အဖုအပိန့်ထွက်တာ စတဲ့ အရေပြားဆိုင်ရာ လက္ခဏာတွေ လူအတော်များများ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ Jobs For Kayah က တာဝန်ခံ ကိုကောင်းမြတ် က ပြောပါတယ်။

“တကိုယ်ရေသန့်ရှင်းရေးကို ရေနှမျောလို့ မလုပ်နိုင်တာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့လို ရေလာလှူတဲ့ လူရှိမှ သောက်သုံးဖို့အတွက် ချက်ပြုတ်စားသောက်ဖို့အတွက်ကို စီစဉ်ရတယ်။ တကယ်လို့ ရေချိုးမယ် အဝတ်လျှော်မယ်ဆိုရင် ဟို… တော်တော်ဝေးတဲ့နေရာတွေကို သွားပြီးတော့ အဝတ်လျှော်ရတာမျိုးတွေ ရေချိုးရတာမျိုးတွေ ရှိတယ်ဗျ။ အဲ့လို စခန်းတွေရှိတယ်ပေါ့နော်။ ရေ ပိုပြီးတော့ ရှားပါးတဲ့ ဒီ-ဖရူဆိုဘက်ဆိုရင် တော်တော်လေး ရက်ကြာမှ ရေချိုးရတာပေါ့။ အဓိက သောက်သုံးဖို့နဲ့ ချက်ပြုတ်ဖို့အတွက် ရေကို အဓိကထားပေါ့နော်။ တကိုယ်ရေသန့်ရှင်းမှုအားနည်းတော့ ယားနာတွေ ပေါက်တာမျိုး၊ ကလေးသူငယ်တွေရော လူကြီးရော ယားယံတာမျိုးတွေ ဖြစ်တယ်။ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ထွက်တယ်။ အဲ့လိုမျိုး ခံစားရတာတွေတော့ တွေ့ရတယ်ဗျ။”

ရေရှားပါးမှုကြောင့် တောတောင်ထဲ တိမ်းရှောင်နေသူတွေဟာ (၇) ရက်-တပတ်ကြာမှတခါ ရေချိုးရတာလို့ ဖရူဆိုဒေသခံက ပြောပါတယ်။

“ရေက လုံလုံလောက်လောက် မသုံးရတော့ တကိုယ်ရေသန့်ရှင်းမှုလည်း မရှိတော့ဘူး။ ဥပမာ သူတို့က တပတ်မှတခါရေချိုးရတာတော့ အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်။ ယားနာတွေ အဖြစ်များတယ်။”

စစ်ပြေးဒုက္ခသည်တွေကြား တကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသလို စားရေးသောက်ရေးအခက်အခဲတွေကလည်း အလွန်အမင်း လိုအပ်ချက်ရှိနေဆဲပဲလို့ စစ်ဘေးရှောင်နဲ့ အကူအညီပေးသူတွေက ပြောဆိုကြပါတယ်။

Forum

XS
SM
MD
LG