သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်မှာ တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ထောင်သောင်းချီ ထွက်ပြေး


ကယား စစ်ရှောင် ဒုက္ခသည်များ
ကယား စစ်ရှောင် ဒုက္ခသည်များ

[ Zawgyi ]

ကရင်နီ ( ကယားပြည်နယ်) ဒေသဘက်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လက်နက်ကြီး အသုံးပြုမှုတွေကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးရတဲ့တွက် တချို့ကျေးရွာတွေဆိုရင် တရွာလုံးနီးပါး ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ကယားပြည်နယ်ထဲက တိုက်ပွဲရှောင်တွေဟာ နေရာအနှံ့မှာ ပြန့်ကျဲရောက်ရှိနေတဲ့အတွက် အရေအတွက်အတိအကျ သိရဖို့ခက်ခဲပြီး အနည်းဆုံးတော့ လူပေါင်း ၁၅၀၀၀၀ လောက် ထွက်ပြေးနေရကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောတာပါ။ ရန်ကုန်ကပေးပို့တဲ့ ကယားပြည်နယ် အခြေအနေတွေကို ကိုဇော်မိုးကျော်က တင်ဆက်ထားပါတယ်။

ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်တပ် နှစ်ဘက်တိုက်ပွဲတွေဟာ စက်တင်ဘာ ၂၅ ရက်ကစလို့ ပိုပြီးပြင်းထန်လာပြီး လက်နက်ကြီး အသုံးပြုတာတွေလည်း ရှိလာတဲ့အတွက် ကျေးရွာတချို့က နေအိမ်အမြောက်အများ မီးလောင်ကျွမ်းခဲ့ပြီး တရွာလုံး ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

ကယားပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား နှစ်ဘက်တိုက်ပွဲတွေဟာ စက်တင်ဘာ ၂၅ ရက်နောက်ပိုင်းကစလို့ ပိုပြီးပြင်းထန်လာတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ရဲ့ တာဝန်ရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“ ၂၅ ရက် ဒီးမော့ဆို ( ဘက်က) ကုန်းသာရွာ ဖြစ်ပြီးတဲ့နောက် ၂၆ ရက်မှာပဲ တော်တော့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှုတွေ ပြုလုပ်တယ်၊ တိုးချဲ့လာတာပေါ့လေ။ နမ့်ဖယ်ခုံဘက်ကနေ ဒီးမော့ဆို ဘက်ဆိုရင်တော့ ရွာပေါင်း ၅၀ ဝန်းကျင်လောက် လမ်းဝဲယာတွေမှာ မရှိတော့ဘူး။ မိုးဗြဲကုန်းသာက လွိုင်ကော်ကအဝင် ဘယ်သူမှ ရွာထဲမှာ မရှိတော့ဘူးဗျ။ ခန့်မှန်းကြည့်ရသလောက် မမှားဘူးဆိုရင် လူဦးရေ ၅၀၀၀၀ ဝန်းကျင်လောက် ထပ်မံအသစ်ရှောင်ရတဲ့ စစ်ရှောင်ထဲမှာပါတယ်။”

ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ချက်မှာတော့ ဒီးမော့ဆိုဘက် ကျေးရွာတခုမှာ စက်တင်ဘာ ၂၅ ရက်က လက်နက်ကြီး ကျည်တွေကျပြီး အိမ်ခြေ ၃၅ လုံးကျော် မီးလောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ စက်တင်ဘာ ၃၀ ရက်ကလည်း လွိုင်ကော်မြို့နယ်က ကုန်းသာကျေးရွာမှာ အိမ်ခြေတချို့ မီးလောင်ကျွမ်းခဲ့တာပါ။

ကုလ လူသားချင်းစာနာမှုအဖွဲ့ OCHA ရဲ့ ထုတ်ပြန်ချက်တခုအရ စစ်တပ်နဲ့ ဒေသခံလက်နက်ကိုင် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်က လူဦးရေ ၁၅၀၀၀၀ လောက်ဟာ နေရပ်ကနေ ထွက်ပြေးခဲ့ရပါတယ်။ တိုက်ပွဲရှောင်တွေရဲ့ စာရင်းဟာ အတိုးအလျော့တွေကြောင့် အရေအတွက် အတိအကျကိုပြောဖို့ ခက်ပေမဲ့လည်း လက်ရှိအခြေအနေအရ ဒီပမာဏဝန်းကျင်ပဲ ရှိနိုင်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က နော်မုရာက ဗွီအိုအေကို ပြောပါတယ်။

“ ပြေးလိုက်ပြီးရင် ပြန်လာလိုက် ဆိုတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒီတော့ စစ်ရှောင်တဲ့ဟာ ပိုများလာတယ် ၁၅၀၀၀၀ လောက်ရှိတယ် ဆိုတဲ့ဟာက ဖြစ်နိုင်တယ်ပေါ့၊ များတယ်ပေါ့။”

တိုက်ပွဲရှောင်သူ အများစုက နီးစပ်ရာ ဆွေမျိုးသားချင်းရှိတဲ့ နေရာတွေဆီ သွားကြသလို ယာယီစစ်ရှောင်စခန်းတွေရှိတဲ့ နေရာတွေမှာလည်း အများအပြားရှိပါတယ်။ လက်ရှိတော့ အစားအသောက်က အဓိက အလိုအပ်ဆုံးပဲလို့ ဒီးမော့ဆိုး အရှေ့ဘက်ခြမ်းကို ရောက်နေတဲ့ ပရဟိတအဖွဲ့တခုက နော်လောအယ်ထူးက ပြောပါတယ်။

“ အခု ကူညီနေတဲ့ဟာကတော့ အဓိကတော့ စားနပ်ရိက္ခာပေါ့နော်၊ ကျမတို့ ဆန်တွေ ဆီတွေ၊ အစားအသောက်တွေ၊ ဆေးဝါးပေါ့နော်၊ နောက်တခုက မိုးကာပေါ့နော် သူတို့ အခုက မိုးကရှိနေသေးတော့ ကျမတို့ မိုးကာတွေ ကူညီနေရတာရှိတယ်။ ဆရာဝန် တချို့တော့ ကျမတို့နဲ့အတူ ရှိတယ်ပေါ့နော်။”

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့က ဒေသခံလက်နက်ကိုင်တွေနဲ့ တပ်မတော် တိုက်ပွဲတွေကလည်း စက်တင်ဘာလထဲမှာ ပိုပြင်းထန်လာပြီး ထွက်ပြေးတိမ်းရှောင်သူ ထောင်နဲ့ချီရှိကြောင်း OCHA က ဒီရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


[ Unicode ]












XS
SM
MD
LG