သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယား ဖရူဆိုမြို့နယ်တွင်း PDF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား


တောတောင်ထဲ ပြေးလွှားပုန်းအောင်းနကြေသည့် ကယားပြည်နယ်ထဲက စစ်ရှောင်များ (ဓာတ်ပုံ - Reuters)
တောတောင်ထဲ ပြေးလွှားပုန်းအောင်းနကြေသည့် ကယားပြည်နယ်ထဲက စစ်ရှောင်များ (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

ကယားပြည်နယ် ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီစစ်တပ်တို့အကြား ဒီနေ့ စက်တင်ဘာ ၁၄ ရက် မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း သေဆုံးသူတွေရှိသလို၊ ပါတ်ဝန်းကျင်ကျေးရွာ ၆ ရွာလောက်က ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့နယ် ရေနီကန်ကျေးရွာမှာလည်း မနေ့ညက ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ရွာသားတချို့ ကျည်ထိမှန်ခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း မခင်ဖြူထွေးပြောပြပါမယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာအနီးမှာ စခန်းချနေတဲ့ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ဒီနေ့ မနက်အစောက တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ကရင်နီတပ်မတော် KA ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲအတွင်း KNDF ဘက်က ၂ ယောက်သေဆုံးခဲ့ပါတယ်။ ဒေသခံတယောက်က သူသိတာကို VOA ကို အခုလို ပြောပါတယ်။

“တိုက်ပွဲစဖြစ်တာ ဒီမနက် ၅ နာရီကျော်ကျော်မှာ စဖြစ်ကြတာပေါ့နော်၊ တစ်နာရီကျော်လား တစ်နာရီနီးနီးလောက်ဖြစ်သွားတာ၊ ကဒါးလာမှာ ဖြစ်တဲ့ တိုက်ပွဲက စစ်ကောင်စီက ယာယီတပ်လို့ ပြောမှာပေ့ါနော် တပ်ချထားတာ တစ်လနီးပါးရှိတော့ ဒီပြည်သူတွေနဲ့ PDF ပူးပေါင်းပြီးတော့
ဒေသခံနဲ့ပူးပေါင်းပြီးတော့ လာတိုက်တယ်ပေါ့ တပ်စခန်းကို လာတိုက်တာ၊ ထိခိုက်ဒဏ်ရာရတာ ကျနော်တို့ အတိအကျတော့ မသိဘူး ၂ ဦး၊ ၃ ဦးလား။ သေဆုံးတာတော့ ၂ ဦးလို့တော့ ပြောတယ်၊ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ ကျဆုံးမှုတော့ အတိအကျတော့ မသိဘူးပေ့ါနော်။”

ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာအနီးမှာ KA ၊ KNDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီစစ်တပ်တို့ကြား ဒီနေ့ မနက်အစောပိုင်း အပြန်အလှန်ပစ်ခတ်မှုမှာ KNDF ဘက်က ၂ ဦးသေဆုံးသလို စစ်ကောင်စီဖက်ကလည်း ၃ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဘက်ကလည်း ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပါတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။

တိုက်ပွဲကြောင့် ကဒါးလာကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေဖြစ်တဲ့ ထီပေါဆိုရွာ၊ ထီသော်ကူးရွာ၊ ငွေတောင်ရွာသစ်၊ သော်ညေးခူရွာနဲ့သော်ဂူးခူရွာ စုစုပေါင်း ကျေးရွာ ၆ ရွာက ပြည်သူတွေဟာ နေရပ်စွန့်ခွာ နီးစပ်ရာကျေးရွာနဲ့ တောတောင်ထဲကို ထွက်ပြေးကြရပါတယ်။

အဲ့ဒီဒေသမှာ မနေ့ကတည်းက အခြေအနေတင်းမာနေတာကြောင့် ညဦးပိုင်းကတည်းက ခက်ခက်ခဲခဲထွက်ပြေးလာတဲ့ ကျေးရွာတွေလည်း ရှိတယ်လို့ တောတောင်ထဲထွက်ပြေး တိမ်းရှောင်လာတဲ့ သူတွေက VOA ကို ပြောပါတယ်။ တောတောင်ထဲမှာ မိုးကာတဲထိုးပြီး မြေကြီးပေါ်မှာ ဖြစ်သလိုနေထိုင်နေကြရလို့ အခက်အခဲအများကြီးဖြစ်နေကြတယ်လို့ ထွက်ပြေးနေရတဲ့ ထီပေါဆိုရွာသား တစ်ဦးက
အခုလို ပြောပါတယ်။

“မနေ့ကပဲ စပြေးလာတယ် အမှန်အတိုင်းပြောတာ၊ လောလောဆယ်က တချို့က တောထဲမှာ ၊တချို့က ရွာထဲမှာ တချို့က ဆန်မသယ်မိဘူး။ အစားအသောက်လည်း မသယ်မိတာတို့ အဲ့လိုမျိုးရှိတယ်၊ ဒီမှာပါတဲ့ဟာတော့ စားသောက်နေတယ်။ အခုလက်ရှိက တချို့က သိပ်ပြီးမမီလိုက်ဘူး ယူဖို့ မမီလိုက်တဲ့လူလည်း ရှိမယ်။ ခုနက တွေ့ရတာ ကြားရတာ ဝိုင်းပြီးတော့ အဲ့လိုမျိုးစားရတာပေါ့နော်၊ ရေလည်း မိုးရေသုံးရတာပေါ့နော်၊ လောလောဆယ်ကတော့ ကိုယ့်မှာ ပါလာတဲ့ဟာနဲ့ စားသောက်နေကြတယ်၊ သုံးနေကြတယ် နောက် ရေက တချို့က ပါပါတယ်ပေါ့နော်။ အခက်အခဲကတော့ အများကြီးရှိတာပေ့ါ။”

မနေ့ စက်ဘာတင် ၁၃ ရက်ကလည်း လွိုင်ကော်မြို့နယ် ရေနီကန်ကျေးရွာမှာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း ရွာသားတယောက် သေနတ်ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

“အဲ့မှာ ရေနီကန်ရွာဆိုတာ လွိုင်ကော်မြို့ရဲ့ တောင်ဘက် အဲ့ဒီဖက်မှာ ပစ်ခတ်မှုတွေ ရှိတယ်၊ လူတစ်ယောက် ပေါင်ထိသွားတယ်၊ အိမ်တွေ ဘာတွေထိခိုက်ပျက်စီးမှုတွေ ရှိတယ်၊ ထုနေတာပဲ တဒုန်းဒုန်းနဲ့ ထုနေတာပဲ၊ တချို့မဟုတ်ဘူး တစ်ညလုံးသလို အကြာကြီးပစ်နေတာ အပြန်အလှန်ပစ်တဲ့သဘောလားတော့ မသိဘူး လက်ငယ်တွေ အသံတွေလည်း ကြားတယ် လက်နက်ကြီးအသံလည်း ကြားတယ်။”

ပစ်ခတ်သံတွေကြားနေရပေမဲ့ စစ်တပ်နဲ့ ဘယ်အဖွဲ့တွေ တိုက်ပွဲဖြစ်တယ်ဆိုတာ ရွာသားတွေ အတိအကျ မပြောနိုင်ကြပါဘူး။

လွိုင်ကော်မြို့တစ်ဝိုက်မှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ အခုရက်ပိုင်း မကြာခဏ ကြာနေရတယ်လို့လည်း ပြောကြပါတယ်။ လွိုင်ကော်မြို့အဝင်အထွက်ဂိတ်တွေ လမ်းသွားလမ်းလာများတဲ့နေရာတွေ လူစည်းကားတဲ့ ဈေးလိုနေရာမျိုးတွေ အစစ်အဆေးလည်း တင်းကြပ်ထားတာတွေ့ရတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလကတည်းက ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မကြာမကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြတဲ့အတွက် အိုးအိမ်စွန့် ထွက်ပြေးနေကြရတဲ့ ပြည်တွင်းဒုက္ခသည် သောင်းနဲ့ ချီရှိနေပါတယ်။ ပိုပြီးများလာတဲ့ ဒုက္ခသည်တွေအနေနဲ့ နေထိုင် စားသောက်ရေး အခက်အခဲနဲ့ ကြုံတွေနေကြရပါတယ်။ ပြည်နယ်ထဲမှာ စစ်တပ်ဘက်က အင်အားအများအပြားချပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေဆီ အကူအညီတွေ ရောက်ဖို့ ခက်ခဲနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေခိုလှုံနေကြတဲ့ ယာယီဒုက္ခသည်စခန်းတာဝန်ရှိသူတွေက VOA ကို ပြောကြပါတယ်။

............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)













XS
SM
MD
LG