ရုရှားတပ် ဆုတ်ခါွသွားတဲ့ Kherson မြို့ယူကရိန်းတို့ ပြန်လည် ထိန်းချုပ်
{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံ Kherson မြို့မှာ ရုရှားတပ်တွေ အမြန်ဆုတ်ခွါသွားတဲ့နောက် ယူကရိန်းတပ်သားတွေ မြို့ထဲကို ဝင်ရောက်လာနေပြီး အခုဆို ဒီမြို့တမြို့လုံးနီးပါးကို ယူကရိန်းတပ်တွေ ထိန်းချုပ်ထားနိုင်ပြီလို့ Kherson ဒေသဆိုင်ရာ ကောင်စီ ဒုတိယအကြီးအကဲ Serhiy Khlan က ပြောပါတယ်။
ပုန်းအောင်းနေတဲ့ ဒေသခံတွေက ယူကရိန်းတပ်သားတွေကို ကြိုဆိုခဲ့ကြသလို မြို့ထဲမှာလည်း အဝါနဲ့ အပြာရောင်ခြယ်ထားတဲ့ ယူကရိန်းအလံကို ယူကရိန်တပ်သားတွေ စိုက်ထူနေတဲ့ ပုံတွေကို လူမှုမီဒီယာတွေမှာ တွေ့နေရပါတယ်။
Dnipro မြစ် အနောက်ဖက်ကမ်းက သူ့တပ်တွေကို ပြန်ရုတ်သိမ်းပြီး ဖြစ်ကြောင်းနဲ့ အဲဒီဒေသမှာ ရုရှားစစ်သားတယောက်မှ မကျန်တော့သလို စစ်ပစ္စည်းတွေပါ အကုန်ရုတ်သိမ်းပြီးဖြစ်ကြောင်း ရုရှားအစိုးရက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရုရှားတပ်သားတွေ ပြန်ရုတ်သိမ်းတာကို ပြသတဲ့ ဗီဒီယိုတွေမှာတော့ ရုရှားစစ်သားတယောက်က သူနဲ့ နောက်တပ်သားတွေကို စစ်သားမှန်းမသိအောင် အရပ်ဝတ်အမြန် ပြောင်းလဲဝတ်ဆင်ဖို့ ညွှန်ကြားခဲ့တယ်လို့ ပြောခဲ့သလို တချို့ကတော့ ထွက်ပြေးရင်း ရေနစ်သေဆုံးကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ယူကရိန်းတပ်တွေဟာ ယူကရိန်းတောင်ပိုင်းက မြို့ရွာ ၄၀ ကျော်ကို ပြန်သိမ်းနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
Dnipro မြစ်ကြောင်းပေါ်က မဟာဗျူဟာကျဆိပ်ကမ်းမြို့ဖြစ်တဲ့ Kherson မြို့ဟာ ဖေဖေါ်ဝါရီ ၂၄ ရုရှားတွေ ယူကရိန်းကို ဝင်တိုက်ပြီး ရက်ပိုင်း အတွင်းမှာပဲ ရုရှားတပ်တွေ ထိန်းချုပ်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ နိုဝင်ဘာ ၂ ရက်မှာတော့ Kherson မြို့အပါအဝင် မြစ် အနောက်ဖက်ကမ်းဒေသကနေ သူတို့ ပြန်ဆုတ်တော့မှာ ဖြစ်ကြောင်း ရုရှားအစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရုရှားတွေ အခုလို အမြန်ဆုတ်ခွါသွားတာ နဲ့ ပတ်သက်ပြီး ယူကရိန်းကာကွယ်ရေး ဝန်ကြီး Oleksiy Reznikov ကတော့ ရုရှားတွေ ထောင်ချောက်ဆင်မှာကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။
..........................................................
{{Zawgyi/Unicode}}