သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော်လုံခြုံရေးတပ်ရင်း (၂၃၆) ကို KIA နဲ့မဟာမိတ်တွေသိမ်းပိုက်


ကချင်ပြည်နယ်မှာ KIA က သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်း အများအပြားထဲက တခုရဲ့မှတ်တမ်းဓာတ်ပုံ။ (မတ် ၁၁၊ ၂၀၂၄)
ကချင်ပြည်နယ်မှာ KIA က သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်း အများအပြားထဲက တခုရဲ့မှတ်တမ်းဓာတ်ပုံ။ (မတ် ၁၁၊ ၂၀၂၄)

ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွက် လုံခြုံရေး အရ အရေးပါတဲ့တပ်ရင်းတခုကို KIA နဲ့ မဟာမိတ်တပ်တွေက မနေ့က သိမ်းယူလိုက်ပါတယ်။ စစ်တပ် အမာခံလုံခြုံရေးတပ်ရင်း (၂၃၆) ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်တပ်အရာရှိတွေ အပါအဝင် စစ်သားတွေနဲ့လက်နက်အများအပြား သိမ်းမိတယ်ဆိုတာ KIA က အတည်မပြုသေးပါဘူး။

ကချင်ပြည်နယ်ကတခြားဒေသတွေနဲ့ ရှမ်းပြည်နယ်ဘက်တို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာနဲ့ ပတ်သက်လို့ ရန်ကုန်ကသတင်းပေးပို့ချက်ကို အခြေခံပြီး တင်ပြထားပါတယ်။

ဗန်းမော်မြို့ကို ဒီဇင်ဘာလဆန်းကတည်း ထိုးစစ်ဆင်နေတဲ့ KIA နဲ့ မဟာမိတ်တပ်တွေဟာ ဖေဖော်ဝါရီ (၁၈) ရက် အင်္ဂါနေ့မှာ စတင်ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၁ (စကခ ၂၁)၊ အမြောက်တပ်ရင်း (၃၆၆) (အမတ ၃၆၆) နဲ့ ခလရ (၂၃၆) တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ ၊ ကြာသပတေးနေ့ မနက်ပိုင်းမှာတော့ စကခ (၂၁) ရဲ့ အမာခံ လုံခြုံရေး တပ်ရင်းဖြစ်တဲ့( ၂၃၆) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“မနေ့က မနက်ပိုင်း ၈နာရီမှာ သိမ်းတာကတော့ ခလရ ၂၃၆ ပါခင်ဗျ။ ၂၃၆ ကတော့ အဲဒီ စကခ ၂၁ရဲ့ အမာခံ လုံခြုံရေးတပ်ဖြစ်ပါတယ်။”

လောလောဆယ် စကခ (၂၁) မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ စစ်ကူတိုက်ခိုက်နေတဲ့အပြင် လက်နက်ကြီး၊ ဒရုန်းစတာတွေနဲ့ ပြန်လည် တိုက်ခိုက်ခုခံနေတယ်လို့ ပြောပါတယ်။ ခလရ (၂၃၆) စခန်းသိမ်းတိုက်ပွဲအတွင်း KIA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက လက်နက်ခဲယမ်း တွေ သိမ်းဆည်းရခဲ့သလို စစ်ကောင်စီဘက်က အရာရှိအပါအဝင် လူ (၇၀)‌ လောက်ကို ကချင်တပ်ဖွဲ့က သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းမီဒီယာ အချို့က ဖော်ပြထားပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတဲ့အခြေအနေနဲ့ ပတ်သက်ပြီး သူ့ဆီ သတင်းမရောက်သေးဘူးလို့ အခုလို ပြောပါတယ်။

“တိုက်ပွဲဆိုရင်တော့ မိမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ဘယ်သူမှ အတည်ပြု ပြောတာ မရှိဘူးခင်ဗျ။ အဲဒါကြောင့် ဘယ်နှစ်ဦး၊ ဘယ်နှစ်ယောက်ဆိုတာ ကျနော်တို့လည်း ပြောလို့ အဆင်မပြေဘူး။ မနေ့က ကျနော်တို့ကို အကြောင်းကြားတာကတော့ တရားဝင်အကြောင်းကြားတာ အတည်ပြုပေးတာကတော့ ခလရ (၂၃၆) အဲဒါတခုပဲ။”

အခုလို ဗန်းမော်မြို့ဘက်မှာ တိုက်ပွဲဖြစ်နေချိန် မိုးမောက်မြို့နယ်ထဲက ဝက်ငင်းနဲ့နှင်းအီကျေးရွာဘက် ကို စစ်တပ်က လေကြောင်းကနေ အင်္ဂါနေ့ညသန်းခေါင်ကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား (၇) ယောက်သေဆုံးခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အိမ်ထောင်စုတစုမှာကတော့ အားလုံးပါသွားတယ်လို့ ပြောတာပေါ့။ (၇) ဦးတောင်မှ သေသွားတယ် တဲ့။ သုံးယောက်၊ လေးယောက်လား ထိခိုက်တယ်လို့ ပြောတယ်။ အဓိက,ကတော့ ဝက်ငင်းဆိုတဲ့ရွာနဲ့ နှင်းအီဆိုတဲ့ရွာ အဲဒီ နှစ်ရွာကပါ။”

ဒီနေ့ဖေဖော်ဝါရီ ( ၂၁) နေ့ခင်း (၁၂) နာရီခွဲလောက်မှာ ဗန်းမော်တဖက်ကမ်းက ရေလဲရွာကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၃) ဦးထိခိုက်ခဲ့ကြောင်းနဲ့ ဒီလ (၁၇) ရက်နေ့ ကလည်း ရေလဲရွာအထက် မြစေတီရွာဘက်ကို ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သား (၂) ဦးသေဆုံးပြီး (၄) ဦး ဒဏ်ရာရခဲ့ကြောင်း ကချင်သတင်းဌာနတခုဖြစ်တဲ့ The 74 Media က ဖော်ပြပါတယ်။

စစ်ရေးတင်းမာမှုတွေ ပြန်လည် မြင့်တက်နေတဲ့ ရှမ်းပြည်နယ်က TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ် ဘက်မှာလည်း စစ်ကောင်စီက ဒီရက်ပိုင်းမှာ (၂) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီ (၂၀) ရက်နေ့ ညအချိန်မှာ နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်ရာမှာတော့ တဦးသေ ဆုံးခဲ့တယ်လို့ နောင်ချိုဒေသခံက ပြောပါတယ်။

“မနေ့ညကတော့ (၈) နာရီခွဲ (၉) နာရီလောက်ပဲ။ ကျနော်တို့ မြို့ထဲတော့ မဟုတ်ဘူးပေါ့နော်။ လောက်ဖန်းကျေးရွာ၊ ဘိလပ်မြေစက်ရုံရှိတဲ့ဘက်ကို ကြဲတယ်။ နောင်ချိုနဲ့ဆိုရင် (၆) မိုင်၊ (၇) မိုင် လောက်တော့ ရှိမယ်။ အဖွားတဦးတော့ ဆုံးတယ်လို့တော့ ပြောတယ်။”

TNLA ပြန်ကြားရေးဌာနက လောက်ဖန်းရွာမှာ အသက် (၈၀) အရွယ် အဘွားအိုတဦးသေဆုံးပြီး (၄) ယောက် ထိခိုက်ခဲ့သလို ကားတစီးနဲ့နေအိမ် (၆) လုံး ပျက်စီးခဲ့ကြောင်းနဲ့ ဒီကနေ့ မနက် (၁၀) နာရီခွဲမှာ အုမ္မတီးရွာဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ဗုံး (၄) လုံးကြဲချရာမှာ ကျောင်းဆောင်တွေ ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီလ (၁၉) ရက်နေ့က နောင်ချိုမြို့က ဘူတာရပ်နဲ့ ပြည်သူ့ဆေးရုံကို ဗုံး ( ၂) လုံးကြဲချတာကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသလို ထိခိုက်သေဆုံးတဲ့သတင်းတွေနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG