သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲတွေရပ်ထားဖို့ တရုတ်တိုက်တွန်းချက် KIA အလေးထားစဉ်းစား


 လိုင်ဇာမှာတွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AP) (၂၉၊ ၁၀၊ ၂၀၁၃)
လိုင်ဇာမှာတွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AP) (၂၉၊ ၁၀၊ ၂၀၁၃)

ပီကင်းမြို့တော်မှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော်၊ မသန်စွမ်းအားကစားပွဲတော် နဲ့ တရုတ် နှစ်သစ်ကူးကာလမှာ နယ်စပ်ဒေသအပါအဝင် မြန်မာနိုင်ငံအဝှမ်း စစ်ပွဲတွေ ရပ်တန့်ထားဖို့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်ကို အလေးထားသွားမယ်လို့ KIO ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါဟာ အပစ်ရပ်ရေးအတွက် ကမ်းလှမ်းတာမဟုတ်ဘဲ စစ်ပွဲတွေကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ရေးအတွက် ရည်ရွယ်ကြောင်း KIO ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရန်ကုန်ကရေးသားပေးပို့တဲ့ သတင်းကို ကိုကျော်ကျော်သိန်းပြောပြပါမယ်။

လာမယ့် တရုတ်နှစ်သစ်ကူး ပွဲတော်ဟာ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျရောက်မှာဖြစ်သလို ၂၄ ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ်ပွဲတော်နဲ့ ၁၃ကြိမ်မြောက် မသန်စွမ်း အားကစားပြိုင်ပွဲကို ကိုလည်း တရုတ်နိုင်ငံ ပီကင်းမြို့မှာ ဖေဖော်ဝါရီလနဲ့ မတ်လတွေအတွင်းမှာ ကျင်းပသွားဖို့ ရှိနေတာပါ။

ဒီလိုနှစ်သစ်ကူးကာလနဲ့ နိုင်ငံတကာ အားကစားပွဲတော်ကာလတွေမှာ နယ်စပ်ဒေသအပါအဝင် မြန်မာနိုင်ငံအဝှမ်းမှာ စစ်ပွဲတွေ ရပ်တန့်ထားဖို့ တရုတ်နိုင်ငံက KIO ကချင်လွတ်လပ်ရေးအဖွဲ့ကို တိုက်တွန်းခဲ့တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ အိမ်နီးနားချင်းနိုင်ငံဖြစ်နေတဲ့ တရုတ်နိုင်ငံမှာက ဒီ ဆောင်းရာသီအိုလံပစ်အတွက်ပေါ့နော်။ အထူးသဖြင့်ကတော့ ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့ အားကစားသမားတွေရဲ့ ပွဲတော်တွေ ဖြစ်တယ်။ နောက်တစ်ခုရှိတာကတော့သူတို့ရဲ့ နှစ်သစ်ကူးကာလ အချိန်လည်း ဖြစ်ပါတယ်။ ဆိုတော့ သူတို့ ဘက်ကနေလည်း နယ်စပ်ဒေသမှာ တိုက်ပွဲမဖြစ်အောင်က ထိန်းထိန်းသိမ်းသိမ်းထားဖို့၊ ကျနော်တို့ကို တိုက်တွန်းတာ ပြောလာတာ ရှိတယ်။ ပိုပြီးမှ မြန်မာနိုင်ငံတစ်ခုလုံးမှာလည်း တိုက်ပွဲတွေ မရှိရင်တော့ ပိုကောင်းတာပေါ့။ အဲဒါတွေ ကျနော်တို့ကို ပြောလာတာတွေ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့လည်း ဒီ နယ်မြေ တည်ငြိမ် အေးချမ်းဖို့ အတွက်ကတော့ ကောင်းတဲ့ သဘောဖြစ်ပါတယ်ဆိုပြီး ကျနော်တို့ ထုတ်ပြန်ထားတဲ့ဟာထဲ ထည့်လိုက်တာဖြစ်ပါတယ်။ ”

KIO ရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံက ဒီလိုတိုက်တွန်းတဲ့အတွက် ဒေသတွင်းတည်ငြိမ်ရေးအတွက် အလေးပေးစဉ်းစားရမယ့် အချက်ဖြစ်တယ်လို့ ရှုမြင်ကြောင်း ဖော်ပြထားတာပါ။ KIO က ဒီလို အလေးပေးစဉ်းစားမယ့်အချက်ဟာ ယာယီအပစ်အခတ် ရပ်စဲထားဖို့ ရည်ရွယ်သလားဆိုတာကိုတော့ ဗိုလ်မှုးကြီးနော်ဘူက အခုလို တုံပြန်ပါတယ်။

“ ကျနော်တို့ KIO အနေနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ကမ်းလှမ်းတာ ပြောတာ ထုတ်ပြန်ကြေညာချက် ထုတ်တာ မဟုတ်ဘူးခင်ဗျ။ ကာလသတ်မှတ်ပြီးမှ တိုက်ပွဲမဖြစ်အောင် ကျနော်တို့ ထုတ်ပြန်ထားတာ၊ ကြေညာထားတာ မဟုတ်ပါဘူး။ အဲဒါကို ရည်ရွယ်တာလည်း မဟုတ်ပါဘူး။ အတတ်နိုင်ဆုံးကတော့ ရှောင်ဖို့ ဖြစ်ပါတယ်။ ဒီစစ်ပွဲကိုတော့ ရှောင်ဖို့ ဖြစ်ပါတယ်။ ”

KIO ရဲ့ ဒီကနေ့ ထုတ်ပြန်ကြေညာချက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးဟာ အရှိန်မြင့်တက်လာနေတာ တနှစ်နီးပါးရှိလာနေပြီဆိုတာနဲ့၊ ပြည်တွင်းစစ်ရှည်ကြာလာပြီး ဒီအကျပ်အတည်းတွေကို မဖြေရှင်းနိုင်ရင် မြန်မာနိုင်ငံဟာ အလုံးစုံပျက်သုဉ်းရေးကို ရောက်ရှိသွားနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ KIO ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာတုန့်ပြန်ပြောဆိုမှုမရှိသေးပါဘူး။

KIO ဟာ မြန်မာအစိုးရနဲ့ နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးညှိုနှိုင်းနေဆဲ အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် ကိုဗစ်ရောဂါ ဖြစ်ပွားလာချိန်မှာတော့ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေခဲ့ပါတယ်။ ဒီဆွေးနွေးနေတဲ့ ကာလမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်ဆိုင်းခဲ့ပေမဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့နောက်မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်လည်း ဖြစ်ပွားလာခဲ့ပါတယ်။

.................................................................................................

တိုက်ရိုက် လင့်ခ်











XS
SM
MD
LG