သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား ပြည်နယ်တရားလွှတ်တော်ရုံးရှေ့ တပတ်အတွင်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်


စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင်း လှည့်လည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၁)
စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင်း လှည့်လည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ခိုက်မှုတွေ ပေါက်ကွဲမှုတွေ မကြာခဏ ကြုံနေရပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့မှာလည်း တပတ်အတွင်း ပေါက်ကွဲမှု ၂ ကြိမ် ကြုံခဲ့ရပါတယ်။ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူကမှတော့ သူတို့လက်ချက်ဆိုပြီး ပြောဆိုတာမျိုး မရှိသလို ဒေသတွင်းမှာ အခြေစိုက် လှုပ်ရှားနေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း တစုံတရာ ပတ်သက်မှုမရှိကြောင်း ပြောဆိုခဲ့တာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုအောင်လွင်ဦး ပြောပြမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့မှာ သီတင်းတပတ် အတွင်းမှာတင် ပေါက်ကွဲမှု ၂ ကြိမ် ကြုံခဲ့ရပြီး တနင်္လာနေ့က ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း မြို့ခံအမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။

“ပေါက်ကွဲမှုကတော့ ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်ပေါ့နော်။ အထိအခိုက်ကတော့ ဒီကားပေါ့နော်၊ ၃ စီး၊ ၄ စီးလောက်တော့ ပျက်စီးသွားတာကိုတော့ တွေ့ရပါတယ်။”

ပေါက်ကွဲမှုကြောင့် အနီးအနားက ကားတချို့ ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့လည်း နောက်ထပ် မြစ်ကြီးနားမြို့ခံတယောက်က ပြောပါတယ်။

“သူက ကချင်ပြည်နယ် တရားလွှတ်တော်ဆိုပြီး ဆိုင်းဘုတ်ရှိတယ်ဗျ။ ကွန်ကရစ်နဲ့ လုပ်ထားတာပေါ့။ အဲဒီအောက်မှာ ပန်းခြံပုံစံပေါ့။ ပန်းလေးတွေ နည်းနည်းစိုက်တယ်ပေါ့ဗျာ။ အဲဒီကနေ ကွဲတာဗျ။ ချိန်ကိုက်ဗုံးလို့ ခေါ်ရမှာပေါ့လေ။ ပစ်သွားတာမဟုတ်ဘဲနဲ့ အဲဒီထဲကနေ ပေါက်ကွဲတာပေါ့ဗျာ။ ပေါက်ကွဲတာက ဟိုဘက်လမ်းအထိ ပေ ၃၀၊ ပေ ၄၀ လမ်းလောက် ရှိမယ်ထင်တယ်။ အဲဒီကတ္တရာလမ်း ဟိုဘက်ထိကို ရောက်တာပေါ့ဗျာ။ သူ့ရဲ့ ပေါက်ကွဲအားပေါ့လေ၊ စင်တာပေါ့။ အပျက်အစီးကတော့ အဲဒီဆိုင်းဘုတ်က အုတ်နဲ့လုပ်တာဆိုတော့ အဲဒီဆိုင်းဘုတ် နည်းနည်းပျက်သွားတယ်။ အဲဒီရှေ့မှာ ကားပါကင်ပုံစံမျိုး ရှိတဲ့အခါကျ ကားတချို့တော့ နည်းနည်းပါးပါး ထိတာမျိုး ရှိသွားတာပေါ့။”

ပေါက်ကွဲမှုအတွက် ဘယ်သူကမှ သူတို့လက်ချက်အဖြစ် ကြေညာတာ မရှိသလို ကချင်ပြည်နယ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ KIO အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ သူတို့အဖွဲ့နဲ့ ပတ်သက်မှုမရှိကြောင်း ပြောပါတယ်။

“ကျနော်တို့ KIO ကနေ လုပ်ခိုင်းတာမျိုးတွေ၊ ကျနော်တို့ KIO အနေနဲ့ တိုက်တွန်းပြီးတော့ လုပ်တာမျိုးတွေကတော့ ပြောစရာလည်း မလိုပါဘူး။ ကျနော်တို့ လုပ်လည်းမလုပ်ပါဘူး။ တိုက်တွန်းတာလည်း မရှိပါဘူး။ ဒါပေမယ့် တခုရှိတာကတော့ တရားလွှတ်တော်ဆိုတာက မျှတရမယ်။ မှန်ကန်မှုရှိရမယ်။ မှန်ကန်မှုမရှိဘဲနဲ့ တရားမျှတမှု မရှိဘဲနဲ့ တဖက်စောင်း ဆုံးဖြတ်တယ်ဆိုရင်တော့ ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး။ ဘယ်သူမှ ထောက်ခံမှာမဟုတ်ဘူး။ အဲဒါကြောင့် ပြည်သူလူထု အဲလိုမျိုးလုပ်တယ်လို့ ကျနော်တို့ KIO အနေနဲ့ မြင်မိပါတယ်။”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့တာကို မကျေနပ်မှုတွေနဲ့ လက်နက်ကိုင် အုံကြွမှုတွေ ပေါ်ပေါက်နေရာမှာ နိုင်ငံအနှံ့ အကြမ်းဖက်မှုတွေ၊ ပေါက်ကွဲမှုတွေလည်း ပေါ်ပေါက်နေတာပါ။ မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့မှာ ပထမအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေ့ဟာ စစ်တပ်က အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပေါ် စွဲဆိုထားတဲ့ အမှုတွေအတွက် စီရင်ချက်ချဖို့ ကြေညာထားခဲ့တဲ့နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါပေမယ့်လည်း နိုဝင်ဘာလကုန်မှာ စီရင်ချက်ချမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး ဒီလို ရွှေ့ဆိုင်းလိုက်တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်မှာ စိုးရိမ်တာကြောင့် တရားရုံးဝန်းကျင်မှာ တာဝန်ရှိသူတွေ စောင့်ကြည့်နေတဲ့ ကြားကပဲ ဒုတိယတကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့လည်း လုံခြုံရေးအတွက် အမည်မဖော်လိုတဲ့ တရားရုံးနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)











XS
SM
MD
LG