သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA လိုင်ဖောင်စခန်း အစိုးရတပ် သိမ်းပိုက်


KIA လိုင်ဖောင်စခန်း အစိုးရတပ် သိမ်းပိုက် (MOI)
KIA လိုင်ဖောင်စခန်း အစိုးရတပ် သိမ်းပိုက် (MOI)

တပတ်ခန့်အကြာ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်မှုကြောင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က KIO အခြေပြုရာပွိုင့် ၇၆၈ ခေါ် လိုင်ဖောင်စခန်းနဲ့ စခန်းငယ် ၆ ခုတို့ကိုမြန်မာ့တပ်မတော်ကနေ မနေ့ကညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာ့တပ်မတော် ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် လိုင်ဖေါင်စခန်းဝန်းကျင်မှာရှိတဲ့ ဇိုင်းအောင်စစ်ရှောင် စခန်းအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့လို့ စခန်းနေဒုက္ခသည်(၂၆၀၀)ကျော်ဟာ တရုတ်နယ်စပ်အနီးမှာ တိမ်းရှောင်နေရတယ်လို့လဲ စခန်းကော်မီတီတွေကပြောပါတယ်။

ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းပြီးအခုလို သတင်းပေးပို့ ထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်မှာရှိတဲ့ KIAကချင်လွတ်လပ်ရေးအဖွဲ့အခြေပြုရာ လိုင်ဖေါင်တောင်ကုန်း တပ်စ ခန်းကို မြန်မာ့တပ်မတော်ရဲ့ပြင်းထန်တဲ့ထိုးစစ်ကြောင့် မနေ့ညနေပိုင်းမှာ KIA တပ်ကနေ ဆုတ်ခွါခဲ့ရတယ်လို့ KIO စစ်ဘက်ခေါင်းဆောင်ဗိုလ်မှူးကြီး ဇော်ဂမ် က အတည်ပြုပြောဆိုပါတယ်။

“အဲဒါကတော့ အတည်ပြုလို့ရမယ်ထင်တယ်။ ညနေ ၅ နာရီလောက်က နောက်ဆုတ်ပေးလိုက်တယ်လို့ပြောတယ်။ အခြေအနေကတော့ တောက်လျှောက်ပစ်နေကြတယ်။ ဒီလက်နက်ကြီးတွေ ဗုံးတွေရယ် အဲဒါကို အဓိက သုံးကြတယ်။”

မြစ်ကြီးနား-ဗန်းမော်ကားလမ်းအရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ ဌာနချုပ်ရှိ ရာ ပွိုင့် ၇၆၈ ခေါ် လိုင်ဖောင်စခန်းကို သိမ်းပိုက်ရရှိရေးအတွက် ဒီဇင်ဘာ ၂၁ ရက်နေ့ကစပြီး တပ်မတော်စစ်ကြောင်း ကနေ လေကြောင်း ခြေလျင်၊ အမြောက်၊ တင့်၊ လက်နက်ကြီးပစ်ကူရယူပြီး ထိုးစစ်ဆင်ခဲ့ရာမှာ မနေ့ညနေ(၅)နာရီ ကျော်မှာ အဓိကခံစစ်ကုန်းနဲ့စခန်းငယ် ၆ ခုတို့ကို သိမ်းပိုက်ရရှိတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန် ထား ပါတယ်။

ဒီတိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုအခြေအနေတွေကိုတော့ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

အခုလိုလိုင်ဖေါင်စခန်းကိုထိုးစစ်ဆင်ရာမှာ အနီးအနားမှာရှိတဲ့ ဇိုင်းအောင် စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးကျည် တွေ ကျရောက်ခဲ့လို့ စခန်းနေ ဒုက္ခသည်(၂၆၀၀)ကျော်ဟာ တရုတ်နယ်စပ်အနီးမှာ တိမ်းရှောင်နေရတယ်လို့ စခန်း ကော်မီတီတဦးက ပြောပါတယ်။

“camp လူနေအိမ် မီတာ ၅၀၀ အဲဒီပတ်ဝန်းကျင်မှာကျတာပေါ့နော် ၃၊ ၄ လုံးလောက်ရှိတယ်ခင်ဗျ ကျနော်တို့ အခု အဲဒီ အသံကြားလို့ တရုတ်နယ်စပ် ဒီ ကုန်းပေါ်မှာပဲ အကုန်လုံးစုနေတယ်ခင်ဗျ။ တရုတ်နယ်စပ်မှာ မနေ့က အသံကြားလို့ ခဏလေးရှောင်နေတယ်ခင်ဗျ။ လူ ၂၆၀၀ ကျော် အခုလောလောဆယ် အနေအထားအရ ကျနော်တို့ကအခု ခဏလေးရှောင်နေရတယ်ဆိုပေမယ့် ဒီအတိုင်းပဲ နေနေရသေးတယ်။ ကျနော်တို့ မိုးကာတွေဘာတွေ မပါလာတဲ့အခါကျတော့ ဒီအတိုင်းပဲ နေနေရသေးတယ် လောလောဆယ်က။”

လက်ရှိစစ်ရှောင်ဒုက္ခသည်တွေဟာ တရုတ်မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မှာသောင်တင်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံက စစ်တပ်အနေနဲ့စစ်ပြေးဒုက္ခသည်တွေ ဝင်မလာနိုင်အောင် ဟန့်တားထားတယ်လို့ အဆိုပါစခန်းကော်မီတီတဦးက ပြောပါတယ်။

လိုင်ဖောင် တပ်စခန်းအနီးတဝှိုက်မှာ မဂါးယန့်စစ်ရှောင်စခန်း၊ ဇိုင်းအောင် စစ်ရှောင်စခန်း၊ မိုင်တိုင်-၆၊ ဖရဲ့ (ခေါ်) မိုင်တိုင်-(၇)နဲ့ မိုင်တိုင်(၈) စတဲ့စစ်ရှောင်စခန်းတွေတည်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၆)ရက်နေ့က KIOအခိုင်အမာတပ်စွဲထားတဲ့ ဂီဒုန်စခန်းအပါအဝင် ကာကင်းစခန်းကို မြန်မာ့ တပ်မ တော်ကနေထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ်။

KIO ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့နဲ့မြန်မာအစိုးရတို့ဟာ (၁၉၉၄)ခုနှစ်မှာ အပစ်အခတ်ရပ်ဆဲရေးသဘောတူ လက် မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမယ့် (၂၀၁၁)ခုနှစ်ကနေ အခုအထိစစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဒီလိုဖြစ်ပါွးတဲ့တိုက်ပွဲတွေကြောင့် ကေအိုင်အိုထိန်းချုပ်ရာဒေသနဲ့ တရုတ်နယ်စပ်တွေမှာ စစ်ပြေး တိမ်းရှောင်တဲ့ ဒုက္ခသည်(၉)သောင်းကျော်ရှိနေတယ်လို့ ကချင်ကယ်ဆယ်ရေးကော်မီတီတွေကနေ ထုတ်ပြန်ထား ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေချိန်မှာပဲ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့(၄)ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့အကြား တရုတ်နယ်စပ်မှာတွေ့ဆုံဆွေးနွေးဖို့ အစီစဉ်ရှိနေ တယ် လို့လဲ သတင်းတွေပေါ်ထွက်နေပါတယ်။

လက်ရှိဖြစ်ပွါးနေဆဲတိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေး နဲ့တွေ့ဆုံဆွေးနွေးရေးမှာ အခက်တွေ့စေနိုင်တယ်လို့ ကချင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆမ်အောင်ကနေ သူ့အမြင်ကိုအခုလိုပြောပါတယ်။

“ဒီဘက်က ထိုးစစ်ဆင်နေတယ်ဆိုတာက ငြိမ်းချမ်းရေးကို ချေဖျက်နေတာနဲ့ အတူတူဖြစ်ပါတယ်။ အဲဒါကြောင့်ထိုးစစ်ဆင်ပြီးမှ တဖက်မှာလည်း အထိနာနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးဖက်ကို သွားဖို့အတွက် တော်တော်လေးသဘောထားကြီးပြီးမှ အားစိုက်မှပဲ ရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ အရင်တုန်းကလို အပေါ်စီးမျိုးနဲ့တော့ မရတော့ဘူး။”

လက်ရှိ ကချင်ပြည်နယ် နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေ မှာ မြန်မာ့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်ခေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၄)ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG