သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရေးမူစာဓါတ်ပုံ သားဖြစ်သူ လက်ခံရရှိ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားအငယ် ဦးထိန်လင်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားအငယ် ဦးထိန်လင်း

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလကစပြီး အဖမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကလောက် ကျန်းမာရေးမကောင်းပေမယ့်လည်း စိတ်ဓါတ်မကျဘဲရှိနေဆဲပဲလို့ သားဖြစ်ကို ဦးထိန်လင်း ခေါ် ကင်မ် အဲရစ်ရဲ့ပြောကြားချက်ကို The Straits Times သတင်းမှာ ဖေါ်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတာ ၃ နှစ်ပြည့်တဲ့ ဖေဖေါ်ဝါရီ ၁ ရက် ကြာသပတေးနေ့မှာပဲ အဖမ်းခံနေရတဲ့ မိခင်ဖြစ်သူ ကို ပြန်လွှတ်ပေးဖို့ ဦးထိန်လင်းက ထပ်မံ တောင်းဆိုလိုက်ပါတယ်။ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရေးမူစာ ဓါတ်ပုံကို ဗြိတိန် နိုင်ငံခြားရေးရုံးကနေတဆင့် သူလက်ခံရရှိကြောင်းလည်း ပြောပါတယ်။ စာထဲမှာ ကျန်မိသားစုဝင်တွေအတွက်မေတ္တာပို့ကြောင်းနဲ့ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိတ်ဓါတ်မကျဘဲရှိနေကြောင်း၊ သူ့ကျန်းမာရေးဟာ အရင်ကလောက်မကောင်းပေမယ့် သူ့စိတ်ဓါတ်ကတော့ ခိုင်မာဆဲဖြစ်ကြောင်း ဖေါ်ပြထားတယ်လို့လည်း ဦးထိန်လင်းက ပြောပါတယ်။

မိခင်ဖြစ်သူဟာ နေပြည်တော်အကျဉ်းထောင်ထဲမှာ သီးခြား အချုပ်နှောင်ခံနေရဆဲပဲ လို့လည်း ပြောပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းလောက်တုန်းကတော့ သူ့မိခင်ဟာ ကောင်းကောင်းမစားနိုင်သလို ပြင်ပဆရာဝန်နဲ့ တွေ့ခွင့်တောင်းတာကိုလည်း ပယ်အချခံခဲ့ရပြီး သူ့မိခင်ရဲ့ကျန်းမာရေးအတွက် အထူးစိုးရိမ်ကြောင်း ဦးထိန်လင်းက ပြောခဲ့တာပါ။ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားတာဖြစ်ပြီး ဒီအထဲကမှ ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။

လက်ရှိမှာ ကျန်နေသေးတဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကရော ဒီမိုကရစီ တက်ကြွလှုပ်ရှားသူတွေကပါ တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG