သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မိခင်နဲ့ ဆက်သွယ်ခွင့် နည်းမျိုးစုံ ပိတ်ပင်ခံနေရ" - Kim Aris


မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံဟောင်းတပုံကို ကိုင်ဆောင်ထားတဲ့ Kim Aris (စက်တင်ဘာ ၂၃၊ ၂၀၂၃)
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံဟောင်းတပုံကို ကိုင်ဆောင်ထားတဲ့ Kim Aris (စက်တင်ဘာ ၂၃၊ ၂၀၂၃)

နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ စာရေးသား ဆက်သွယ်ခွင့်တောင် အခုချိန်ထိ စစ်ကောင်စီက မပေးဘူးလို့ သားဖြစ်သူ Kim Aris က ဗွီအိုအေကိုပြောပါတယ်။ တဖက်မှာလည်း သူကိုယ်တိုင် ဦးဆောင်တဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီပေးရေး လှုပ်ရှားမှုကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ပိတ်ပင်ဖို့ ကြိုးပမ်းနေကြောင်း Kim Aris က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြမှာပါ။

မိခင် နဲ့တွေ့ခွင့်ရဖို့ သက်ဆိုင်ရာတရားဝင်လမ်းကြောင်းတွေကတဆင့် ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီကိုတော့ တိုက်ရိုက်တရားဝင် ဆက်သွယ်ပြောဆိုတာမျိုးအခုချိန်ထိ မရှိခဲ့ဘူးလို့ ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းချိန်မှာ Kim Aris က ပြောပါတယ်။

"အဓိကအချက်ကတော့ သူတို့က ကျနော့်ကို အမေနဲ့ ဆက်သွယ်ခွင့် မပေးခဲ့ပါဘူး။ ဒါအပြင် အမေ့အတွက် ထောင်ဝင်စာနဲ့ အခြား အသုံးအဆောင် ဆေးဝါးပစ္စည်းတွေကိုလည်း ပေးပို့ခွင့် မပေးခဲ့ပါဘူး။ အခြားနိုင်ငံရေးအကျဉ်းသားတွေကိုတော့ မိသားစုတွေဆီက စာကို လက်ခံခွင့်ပြုထားတယ်လို့ စစ်ကောင်စီကပြောပေမယ့် ကျနော့်ကိုတော့ အမေ့ဆီ စာရေးခွင့်တောင်မပေးပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ အမေနဲ့ တွေ့ခွင့်ပေးပါလို့ ကျနော် သူတို့ကိုဘယ်လို ခွင့်ပြုချက် တောင်းခံရမလဲဆိုတာ စဉ်းစားလို့မရဘူး။"

ဒါအပြင် လွန်ခဲ့တဲ့ နှစ်လကတည်းက မိခင်ဆီပို့ထားတဲ့ စာတစောင်အပါအဝင် ထောင်ဝင်စာနဲ့ ဆေးဝါးပစ္စည်းတွေ ရောက်မရောက်ဆိုတာကိုလည်း မသိရဘူးလို့ Kim Aris ကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူက တရားဝင် တွေ့ခွင့်တောင်းလာရင် တွေ့ခွင့်ပေးဖို့ စဉ်းစားသွားမယ်လို့ စစ်ကောင်စီဘက်က အောက်တိုဘာလကုန်မှာ မီဒီယာကနေတဆင့် ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပြောဆိုခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီဘက်ကသက်ဆိုင်ရာဆက်သွယ်ရေးလမ်းကြောင်းတွေကတဆင့် သူ့ကို ဆက်သွယ်ပြီး တရားဝင် အကြောင်းကြားတာမျိုး မလုပ်ခဲ့ဘူးလို့ Kim Aris ကဆိုပါတယ်။

"ထပ်ပြီးပြောရမယ်ဆိုရင် ကျနော့်အနေနဲ့ တရားဝင်တောင်းဆိုလို့ ရတယ်ဆိုပြီး စစ်ကောင်စီက သတင်းမီဒီယာတွေကတဆင့် ပြောဆိုခဲ့တာမျိုးရှိခဲ့ပေမယ့် ဗြိတိန်နိုင်ငံမှာရှိတဲ့ သူတို့ရဲ့ သံရုံး ဒါမှမဟုတ် နိုင်ငံခြားရေးဌာနကနေ ကျနော့်ကို ဆက်သွယ်ပြောဆိုတာမျိုး လုံးဝမရှိခဲ့ပါဘူး။ အဲတော့ ကျနော်ဘက်ကအဓိကဖြစ်နေတဲ့အချက်ကတော့ သူတို့ပြောတယ်ဆိုတာတွေကို ကျနော်ယုံကြည်လို့ မရဖြစ်နေတာပါ။"

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နောက်ဆုံး လက်ကျန် အဂတိလိုက်စားမှု စွဲချက် တွေကို စီရင်ချက် ထောင်ဒဏ် (၃၃)နှစ် ချခဲ့ချိန် သူ့ကို ရှေ့နေတွေက ထောင်ထဲမှာ နောက်ဆုံး တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ရှိတာ၊ သူတို့ပေး ပို့တဲ့ စာတွေ၊ ထောင်ဝင်စာ၊ အသုံးအဆောင် ဆေးဝါးပစ္စည်းတွေကို လက်ခံပိုင်ခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးကို စစ်ကောင်စီက ဖိနှိပ်ပစ်ပယ်ထားတာ သူတို့ စတင် အာဏာသိမ်းကတည်းက ဖြစ်တယ်လို့ Kim Aris ကပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က အကျဉ်းထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး ဆိုးရွားနေကြောင်း သတင်းတွေထွက်ခဲ့ပြီးနောက် ပြန်ပြီးကောင်းမွန်လာတယ်လို့ သတင်းကြားရကြောင်း Kim Aris ကဆိုပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်မှုတွေအရှိန်အဟုန်ကြီးမားနေသလို ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ မကြုံစဖူး အထူးလိုအပ်နေတယ်လို့ Kim Aris ကပြောပါတယ်။ လက်ရှိ သူဦးဆောင်တဲ့ Freedom Tattoo ကမ်ပိန်းလှုပ်ရှားမှုကို နိုင်ငံတကာမှာ စတာနေပြီး ဗြိတိန်စတာလင်ပေါင် ၁၀၀,၀၀၀ နီးပါးရရှိနေပြီဖြစ်တယ်လို့ Kim Aris ကဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ Freedom Tattoo ကမ်ပိန်းကို အပိုင်းနှစ်ပိုင်းခွဲပြီးလုပ်ခဲ့ချိန်မှာ ဒုတိယပိုင်းဖြစ်တဲ့ ဖျော်ဖြေရေးနဲ့ အစားအစာရောင်းချမှုကို ထိုင်းအာဏာပိုင်တွေ လာရောက် ပိတ်ပင်ခဲ့တဲအပေါ်မှာ အတော်လေး စိတ်မကောင်းဖြစ်ရကြောင်း Kim Aris က ပြောပါတယ်။

"လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီသက်သက်အတွက်ပဲ လုပ်တဲ့ ပွဲကို ထိုင်းအာဏာပိုင်တွေဘက်က ပိတ်ပင်တားဆီးခဲ့တဲ့ သတင်းကို ကြားရတဲ့အတွက် ကျနော် တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဖြစ်နိုင်တာကတော့ ဒီပွဲဟာ လက်နက်ကိုင်လှုပ်ရှားမှုအတွက် ငွေရှာတာဖြစ်တယ်ဆိုပြီး မြန်မာစစ်တပ်ကနေ ထိုင်းဘက်ကို လှမ်းပြောတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ ဒီကမ်ပိန်းအစကတည်းကိုက ရှင်းရှင်းလင်းလင်းပြောထားတာပါ။ ဒီလှုပ်ရှားမှုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီသက်သက်အတွက်ပဲဖြစ်တယ်လို့ ကျနော်အတိအကျပြောထားတာပါ။ မြန်မာစစ်တပ်ကသာ လူသားချင်းစာနာကူညီမှုတွေကို လက်နက်သဖွယ် အသုံးချနေတာကို နိုင်ငံတကာက ကောင်းကောင်းသိထားပါတယ်။ ဒါကြောင့် အခုလို လုပ်ရပ်က အထောက်အပံ့အကူအညီတွေကို စစ်ကောင်စီက ပိတ်ပင်တာ၊ လက်နက်သဖွယ်အသုံးချတာဆိုတဲ့ သက်သေသာဓကတခုပါပဲ။"

လက်ရှိ မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသူတွေအတွက် အကူအညီတွေဟာ မကြုံစဖူး အထူးလိုအပ်နေပြီး အဲဒီအတွက်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရဖို့ အာရုံစိုက် ကြိုးစားလုပ်ဆောင်နေကြောင်းလည်း Kim Aris က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

"မိခင်နဲ့ ဆက်သွယ်ခွင့် နည်းမျိုးစုံ ပိတ်ပင်ခံနေရ" - Kim Aris
please wait

No media source currently available

0:00 0:04:18 0:00
XS
SM
MD
LG