သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်းမရွာအနီး ကျေးရွာတွေ ရွာလုံးကျွတ်နီးပါး ရွှေ့ပြောင်းနေ


ကင်းမရွာသားများ ဘေးလွတ်ရာတောထဲ ပုန်းခိုစဉ် (ဓာတ်ပုံ- Courtesy)
ကင်းမရွာသားများ ဘေးလွတ်ရာတောထဲ ပုန်းခိုစဉ် (ဓာတ်ပုံ- Courtesy)

(Zawgyi/Unicode)

ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာအနီးက ကျေးရွာတွေဟာ ကင်းမရွာကြုံခဲ့ရသလိုပဲ နေအိမ်တွေ မီးလောင်မှာစိုးရိမ်ပြီး ရွာလုံးကျွတ် ဘေးလွတ်ရာတွေကို ရွှေ့ပြောင်းနေပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ဆိုရင်လည်း စစ်တပ်က ကျေးရွာတွေမှာ ဝင်ရှာတာတွေ လုပ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က ကင်းမရွာအနီးမှာ စစ်တပ်နဲ့ ဒေသခံ PDF တို့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ကင်းမ ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့တာပါ။ မီးရှို့တဲ့လက်သည်အဖြစ် စစ်တပ်နဲ့ PDF ကြား အပြန်အလှန် စွပ်စွဲပြောဆိုနေပြီး ကင်းမရွာအနီး ကျေးရွာတွေကတော့ သူတို့ရွာတွေပါ ကင်းမရွာလို ကြုံရမှာ စိုးရိမ်နေပြီး ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ပြေးနေရတယ်လို့ ပေါက်နယ်ခံတဦးက ပြောပါတယ်။

“ပြည်သူတွေက ရွာတွေ ရွာတွေ အကုန်ပြောင်းပြေးကုန်ပြီ ရှိတဲ့ပစ္စည်းတွေတိုက်၊ တောထဲတွေမှာ လိုက်ဖွက် အဲ့လိုမျိုးပေါ့ ။ ကင်းမလိုဖြစ်မှာဆိုးလို့ ပြေးကုန်ကြတယ်။ အဲ့အနီးနားတဝိုက် ရွာတော်တော်များများပဲ ထွက်ပြေး နေကြပြီး စစ်ကောင်စီ က ကားတွေလာတယ်။ အသံကြားတာနဲ့ ထွက်ပြေးတော့တာပဲ။ ပေါက်တောင်ပိုင်းက ရွာတွေပေါ့ ယောနယ်စပ်အထိ ရွာတွေပေါ့ ။ ပေါက်တောင်ပိုင်းမှာဆိုရင် ယောချောင်းတလျောက်မှာရှိတဲ့ ရွာတွေ အဲ့ရွာတွေက အကုန်ပြောင်းရွှေ့ကုန်ပြီ။ ဘို့မယ်တို့ ကျွန်တော်လည်း အများကြီးမခေါ်တတ်ဘူး။ ဘို့မယ်တို့ ရှလတို့ အဲ့နားအနီးတဝိုက်က ရွာတွေက အဲ့လိုမျိုး ဖြစ်မှာဆိုးလို့ ပစ္စည်းတွေကို အရင် လှည်းတွေနဲ့ တိုက်။တချို့ကျတော့လည်း ချောင်းထဲကနေ ဝါးဖောင်တွေနဲ့တိုက် ။အဲ့လိုမျိုးနဲ့ လိုက်ဖွက်နေကြ လိုက်ပြေးနေကြ ရှောင်နေကြတာပေါ့။ အဲ့တော့ ကြောက်နေကြတယ်။ ရွာသားတွေက ကြောက်နေကြတယ်။ ရွာမီးရှို့ခံရရင် စားစရာမရှိမှာဆိုးလို့ ရွာမှာရှိတဲ့ သူတို့ဆီက စပါးတွေ နေရာရွှေ့တယ်။ ပဲတွေ ကြက်သွန်တွေ အဲ့လို စားသောက်ကုန်တွေပေါ့။”

ကင်းမရွာ မီးလောင်တာဟာ စစ်တပ်က မီးရှို့တာလို့ ဒေသခံ PDF တပ်ဖွဲ့တွေက အခိုင်အမာ ပြောနေပြီး စစ်ကောင်စီဘက်ကတော့ လက်နက်ကိုင်တွေဟာ ရွာထဲမှာရှိတဲ့ ကြံ့ခိုင်ရေး ပါတီဝင်နေအိမ်ကို မီးရှို့ချိန်မှာ လေတိုက်တဲ့အတွက် အခြားနေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။မီးလောင်မှုကြောင့် သက်ကြီးဖိုးဖွား နှစ်ဦး မီးလောင်သေဆုံးခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံတကာကလည်း ပြစ်တင်ဝေဖန်နေပါတယ်။

ဒီဖြစ်စဉ်ကို သတင်းရေးသားဖော်ပြခဲ့တဲ့ CNN နဲ့ ရိုက်တာသတင်းဌာနတို့ကို စစ်ကောင်စီက အပြင်းအထန် ပြစ်တင်ဝေဖန်ထားပါတယ်။ ကင်းမရွာမီးလောင်မှုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့တဲ့ပုံစံနဲ့ သတင်းဖော်ပြတဲ့အတွက် ဒေသခံပြည်သူတွေက ပြစ်တင်ရှုတ်ချလျက်ရှိပြီး Right to Correct အရ ဖြစ်စဉ်အမှန် ပြန်လည် ရေးသားပေးဖို့အတွက် သက်ဆိုင်ရာ သတင်းဌာနတွေဆီ ကန့်ကွက်လွှာပေးပို့သွားမယ်လို့ နစက ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းနဲ့ ကနီမြို့တွေမှာတော့ စစ်တပ်က ကျေးရွာတွေမှာ ဝင်ရှာနေပါတယ်လို့ မင်းကင်း ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“ညနေ ၃ နာရီကျော်လောက်မှာ ကျွန်တော်တို့ မင်းကင်းနယ်ကနေ ကနီနယ်ကိုခရီးဆက်တယ်။ ကနီနယ် မီးချောင်းကင်းရွာမှာ အခုဆက်လက်ပြီး ရှာဖွေနေတယ်။ ဖမ်းတာဆီးတာ ပစ်တာခတ်တာတော့ မရှိဘူး။ လမ်းမှာတော့ ကားမိုင်း တလုံးကွဲတယ် ကြားပြီးတော့ သူတို့ ၂ ယောက်သေပြီး အများအပြား ဒဏ်ရာရတယ် ကြားတယ်။ အဲ့အတွက် ကျွန်တော်တို့ မင်းကင်းကနေမှ အမြန်ယာဉ် ၂ စီးနဲ့ အင်အား ၄၀ ကျော် ၅၀ လောက် စစ်ကူပေးဖို့သွားတယ်။”

စစ်တပ်က ဝင်ရှာနေတဲ့ ကနီမြို့ မီးချောင်းကင်း ကျေးရွာအခြေအနေနဲ့ ပတ်သက်လို့လည်း ကနီနယ်ခံ တဦးက -
“ကနီမြို့နယ် ကင်းကျေးရွာ မီးချောင်းကင်းကျေးရွာ အခုမီးချောင်းကင်းကျေးရွာမှာတော့ စစ်ကောင်စီ တပ်တွေ ဝင်ရောက်ရှာဖွေနေတယ်။ အဓိက က ရွာတွေဝင်တိုင်းသူတို့က သူတို့ကို ပြန်လည်ခုခံတဲ့သူပေါ့ဗျာ။ တော်လှန်ရေး လုပ်တဲ့သူမှန်သမျှ အကုန်လုံးလိုက်ရှာတယ်။ လက်နက်ဘာညာ သူတို့ကို ပြန်လည်ခုခံမယ့် ပစ္စည်းမျိုးတွေ တွေ့တိုင်း အကုန်သိမ်းပစ်တယ်။ မတွေ့လည်း အိမ်တွေကို ဝင်လိုက်ပြီဆိုရင် သူတို့လိုအပ်တဲ့ဟာ မှန်သမျှ အကုန်မွှေနှောက်ယူသွားတာ။”

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် မြောင်မြို့နယ်ဘက်က ကျေးရွာတွေမှာဆိုရင်လည်း ဆန်တွေဆီတွေကို စစ်တပ်က ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာတွေအကုန်ပတ်ပြီးတော့ အကုန်လုံးပေါ့ ကျွန်တော်တို့ အခေါ်မြောင်နဲ့အနောက်တည့်တည့် တကြောက ရွာတွေကို ဝင်ပြီးတော့ ဇရပ်ကွင်းဆိုတဲ့ ရွာကိုဝင်မွှေတယ်။ အဲ့မှာရှိတဲ့ ဆန်အိတ်တို့ ဆီပုံးတို့ သူတို့တင်သွားတယ်။ အင်အားကတော့ မများဘူး။”

စစ်နဲ့ ဒေသခံ PDF တွေကြား ဒေသတချို့မှာ အပြန်အလှန် ပစ်ခတ်တာတွေ ခပ်စိပ်စိပ် ဖြစ်လာပြီးတဲ့နောက်ပိုင်း အဲဒီလို တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ စစ်တပ်က နောက်ဆက်တွဲ ရှင်းလင်းတာတွေကြောင့် ဒေသခံအများအပြား အိုးအိမ်စွန့်ထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ပရဟိတ အကူအညီပေးနေသူတွေက ပြောထားပါတယ်။

.....................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG