သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကင်းမြို့အနီး PDF နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်


စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားသည့် ပေါက်မြို့နယ် ကင်းမ ကျေး ရွာ (ဓာတ်ပုံ - Zeyar Times)
စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားသည့် ပေါက်မြို့နယ် ကင်းမ ကျေး ရွာ (ဓာတ်ပုံ - Zeyar Times)

(Zawgyi/Unicode)

စစ်ကိုင်းတိုင်းထဲက မင်းကင်းမြို့နားမှာ စစ်ကောင်စီတပ်တွေနဲ့ မင်းကင်းမြို့ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ပြီး ရွာသား ၁ ယောက် ဖမ်းဆီးခံရပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာ ဆိုရင်လည်း ပေါက် PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာထဲက အိမ်တွေကို မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ ဖြစ်နေတဲ့ အခြေအနေအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်း မဆုမွန် ပြောပြပါမယ်။

ဒီကနေ့ ဇွန် ၁၅ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း မင်းကင်းမြို့နဲ့ ၂ မိုင်လောက်သာဝေးတဲ့ တင်ပင်းရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်နေချိန် မင်းကင်း ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ကသွားရောက် တိုက်ခိုက်ခဲ့ကြပါတယ်။ သတင်းကြားပုံရတဲ့ စစ်တပ်ဖက်က တင်ပင်းရွာမရောက်ခင် ဖက်ခတ်တောင်ကြားမှာ PDF တပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့အကြောင်း မင်းကင်း PDF က တာဝန်ရှိသူ တဦးကပြောပြပါတယ်။

“ဖြစ်တာက မင်းကင်းမြို့နယ် ဖက်ခက် တောင်ကြားပေါ့ဗျာ။ ကျွန်တော်တို့တွေက သူတို့နေတဲ့ တင်ပင်းရွာကို တင်ပင်းကိုဝင်စီးထားတယ် အဲ့တင်ပင်းရွာကို ခြံစည်းရိုးကိုသွားချိန် သတင်းပေါက်ပြီး တင်ပင်းမရောက်မှီ လမ်းမှာတင် လက်နက်ကြီးနဲ့အထုခံရတာဗျ။ သူထုကိုယ်ထုဖြစ်တာပေါ့။ သူတို့က လက်နက်ကြီးနဲ့ထု ကျွန်တော်တို့က ရတဲ့နည်းနဲ့ပစ်တာပေါ့။ ထိခိုက်ဒဏ်ရာရတာတော့ ကျွန်တော်တို့ဘက်က သိပ်မရှိဘူး။ RPG မိတဲ့ကောင်တွေကတော့ နားထဲကသွေားထွက်တာ နားမကြားတာပဲရှိတယ်။ ကျန်တဲ့သေဆုံးတာတို့ ပြတ်ရှဒဏ်ရာတို့ ဘာတို့ရတာတော့မရှိဘူး။”

ဒီတိုက်ပွဲမှာ အိမ်နီးချင်းကနီမြို့က PDF အဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းထဲမှာပဲ ဒီပဲယင်းမြို့ ညောင်လှကျေးရွာမှာလည်း စစ်တပ်က နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး ကျေးရွာသား တဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒီပဲယင်း ဒေသခံတဦးက

“ဒီပဲယင်းမြို့နယ် ညောင်လှရွာကို စစ်ကား ၂၂ စီးဝင်လာတယ်။ ဝင်ပြီးတော့ လမ်းတလျှောက် သေနတ်တွေ ဖောက်တယ်။ ညောင်လှရွာက ဈေးဆိုင်ကို ဖျက်ဆီးသွားတယ်။ အိမ် ၅ အိမ် ဝင်မွှေသွားတယ်။ တယောက်တော့ ဖမ်းသွားတယ်။ စဖမ်းတုန်းက ၂၀ လောက်ဖမ်းသွားတာ ပြန်လွှတ်လိုက်ပြီး ၁ ယောက်တော့ ခေါ်သွားတယ်။”

ညောင်လှရွာဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့ ယဉ်ကျေး ကျေးရွာနဲ့ဘေးချင်းကပ်ရွာဖြစ်ပြီး လက်နက်တွေ ရှိတယ်လို့ သတင်းရတဲ့အတွက် စစ်ကောင်စီ တပ်တွေလာရှာတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့ ဇွန်လ ၁၄ ရက်နေ့ကလည်း ဒီပဲယင်း မြို့နယ် ဆပ်ပြာကျင်းကျေးရွာနားမှာ စစ်တပ်က ပစ်ခတ်လို့ PDF တဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကတော့စစ်ကိုင်းတိုင်းထဲက အခြေအနေတွေပါ။

မကွေးတိုင်းထဲမှာလည်း ဒီနေ့ နေ့လည်ပိုင်းက ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာနားမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်မှုြုဖစ်ခဲ့ပါတယ်။ PDF အဖွဲ့တွေတပ်ဆုတ်သွားတဲ့ ကင်းမရွာဖက်ကို စစ်တပ်က ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့

ပေါက် PDF က ပြောပါတယ်။ အိမ်ခြေ ၃၀၀ ကျော် ရှိတဲ့ ကင်မရွာရဲ့ ၃ ပုံ ၂ ပုံလောက် မီးလောင်းကျွမ်းသွားခဲ့ပါတယ်။

“ဒီနေ့အခြေအနေက ၁၀ နာရီလောက်ကတည်းက ဖြစ်တာခင်ဗျ။ ကျွန်တော်တို့ ကင်းမနဲ့ ဒိန်းကွင်းကြားမှာ စဖြစ်တာပေါ့။ စစ်ကားကို မိုင်းခွဲတာ။ သူပစ်ကိုယ်ပစ်ပေါ့ဗျာ။ ကျွန်တော်တို့ဘက်က ပစ္စည်းက နည်းသွားတော့ နောက်ဆုတ်တယ်။ ကျွန်တော်တို့ဘက်ကတော့ အသေအပျောက် မရှိပါဘူး။ သူတို့ဘက်ကတော့ နည်းနည်းများတယ်။ ရဲ ၁၄ ယောက် ၁၅ ယောက်လောက်ရှိတယ်။ ကျန်တဲ့သူကတော့ မိုင်းထိတာ ဘာညာ ကွဲရှတာတော့ဖြစ်နိုင်တယ်။ ဒီဘက်ကလည်း ဆုတ်သွားတော့ ရွာကို မီးရှို့သွားတာ အခုချိန်ထိ မငြိမ်းသေးဘူး။ ကျွန်တော်တို့ ဆုတ်တဲ့ဘက်ကို လိုက်ပြီး သူတို့က ပစ်မှတ်ထားတာဗျာ။ ကင်းမမှာ ကျွန်တော်တို့ PDF အဖွဲ့တွေရှိတယ်ဘာညာ သတင်းပေးတဲ့သူရှိတာပေါ့။ လောင်ကျွမ်းမှုကတော့ အတိကျတော့မသိရသေးဘူး။ အတော်များတယ်။ အိမ်တွေလည်း ဖောဖောသီသီဆောက်ထားတာ။ ပစ္စည်းတွေလည်း ဆန်စပါးတွေ ကြက်သွန်တွေရှိတာပေါ့။ တချို့ဆိုင်တွေက မနေ့တနေ့ကမှ မြို့ကပြန်လာပြီး သိန်း ၁၀၀ ဖိုး ၂၀၀ ဖိုး ဝယ်ထားတဲ့ သူတွေက အကုန်ဆုံးကုန်ပြီ မီးတွေလောင် ကုန်ပြီ။”

ခုလို မကွေးတိုင်းဖက်မှာ အခြေအနေတွေ ဖြစ်နေချိန်မှာပဲ စစ်တပ်နဲ့တိုက်ပွဲတွေ ရှိနေတဲ့ ကယားပြည်နယ်မှာတော့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် သိန်းချီရှိလာတဲ့အတွက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF အနေနဲ့ ထိုးစစ်တွေကို ယာယီရပ်ဆိုင်းထားမယ်လို့ ဒီကနေ့ ဇွန် ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဘာသာရေးခေါင်းဆောင်တွေက ၂ ဖက်တိုက်ခိုက်မှုတွေ ယာယီရပ်ဆိုင်းထားအောင် စီစဉ်တာကို လက်ခံခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ စစ်တပ်ဖက်ကတော့ ဘယ်လို့ တုံ့ပြန်တယ်ဆိုတာ လောလောဆယ် မသိရသေးပါဘူး။

..................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)












XS
SM
MD
LG