(Zawgyi/Unicode)
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ တပ်ဖြန့်ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ မင်းတပ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဒီနေ့ ဇွန်လ ၈ ရက်နေ့ မနက်က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲကြောင့်မင်းတပ်မြို့နားမှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေ နောက်ထပ် နေရာတွေပြောင်းပြီး ဘေးလွတ်ရာ သွားနေကြရပါတယ်။ မင်းတပ်ဖက်က တိုက်ပွဲအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်း အိန် ကနေသတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမှာ ဒီနေ့ ဇွန်လ(၈)ရက်နေ့ မနက်ပိုင်းမှာက မင်းတပ်မြို့နယ် နေရာ (၂) ခုမှာ တိုက်ပွဲတွေ ဖြစ်ပြင်းထန်ခဲ့တယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံ ဒေါက်တာယောမာန်က ဗီအိုအေ ကို ပြောပါတယ်။
"တိုက်ပွဲတော့မနက်စောစောကပြန်စတယ်။ ခုတောက်လျှောက်ပြင်းထန်တယ်။ မင်းတပ်မြို့ရဲ့အနောက်မြောက်ခြမ်း ကနေ တက်လာတဲ့ ယှက်ရွာတိုက်ပွဲရှိတယ်။ အရှေ့မြောက်ခြမ်းကနေတက်လာတဲ့ ချောင်းဆုံတိုက်ပွဲပေါ့နော် အဲတာရှိတယ်။ "
ဒီနေ့မနက်အစောပိုင်းကနေ ဖြစ်တဲ့တိုက်ပွဲမှာ ညနေ(၃)နာရီအချိန် အထိ အကျအဆုံးနဲ့ပါတ်သက်လို့ ဒေါက်တာယောမာန်က ခုလိုပြောပါတယ်။
"ဒီနေ့မနက် ကျွန်တော်တို့လူတဦးကျတယ်။ ဒဏ်ရာရတာတော့ ကျွန်တော်တို့လောလောဆယ် စစ်မျက်နှာနှစ်ခု တပြိုင်နက်တိုက်နေ ရတယ်ဆိုတော့ နှစ်ခုလုံးမှာ တပြိုင်နက်ဒဏ်ရာရတာရှိတယ်။
တနင်္ဂနွေနေ့ကနေ ဒီနေ့အင်္ဂါနေ့အထိဖြစ်ပွါးတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖက်ကပစ်တဲ့ လက်နက်ကြီးတွေ ကြောင့် CDF အဖွဲ့ဝင်တွေဘက်က သေဆုံး၊ ဒဏ်ရာရထားသူတွေလည်း မနည်းပါဘူး။
(၂)ရက်(၃)ရက်အတွင်းမှာ ကျဆုံးသွားတာ (၅)ယောက်လောက်ရှိခဲ့ပြီး။ (၅)ယောက်စလုံးမှာ လက်နက်ကြီးဗုံးဆံ ကြောင့် သေတာဘဲ။ (၃)ရက်အတွင်းမှာ ဒဏ်ရာရတဲ့သူ(၄၀)ကျော် (၅၀)နီးပါးလောက်ရှိတယ်။ အဲဒီ(၅၀)ကျော်ထဲမှာ သေနတ်ဒဏ်ရာဆိုလို့ လေးငါးယောက်လောက်ဘဲရှိတယ်။ "
မေလ ၁၃ ရက်ကနေ ဇွန်လ ၇ ရက်နေ့အထိ စာရင်းပြုစုချက်အရ CDF ဘက်က သေဆုံးသူ အဖွဲ့ဝင် စုစုပေါင်း၂၁ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။
ဇွန်လ (၆)ရက်က မင်းတပ်မှာဖြစ်တဲ့ တိုက်ပွဲ (၃) နေရာမှာ စစ်ကောင်စီတပ်သား ၅၀ အထိ သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူအများ အပြားရှိခဲ့တယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပေမဲ့ ဗွီအိုအေအနေနဲ့သီးခြား အတည်မပြု နိုင်သေးပါဘူး။ ချင်းပြည်နယ်မင်းတပ်မြို့နယ်ဘက်ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကိုသိရှိဖို့ စစ်ကောင် စီပြောခွင့်ရ ကို ဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။
ခုလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အရင်ထဲက စစ်ဘေးရှောင်နေကြရတဲ့ မင်းတပ်ပြည်သူတွေဟာ ယာယီခိုလှုံနေကြတဲ့ နေရာတွေကနေ နောက်ထပ် ဘေးလွတ်ရာကို ပြောင်းနေကြရတယ်လို့ ယာယီဒုက္ခသည်စခန်းမှာ ဦးဆောင်လုပ်ပေးနေသူ တယောကက် ပြောပါတယ်။
"နောက်ဆုံးအခြေအနေက ကျွန်တော်တို့Campပေါ့နော် Campအကြီးနှစ်ခုကနေ အကုန်လုံးပြန်ရွှေ့သွားကြပြီး။ တခြား ပိုဝေးတဲ့ရွာတွေဘက်ကိုပေါ့နော်။ ကျွန်တော်တို့ ဒီဘက်ထဲမှာရှိတဲ့ဟာက (၄၀၀၀) ကျော်ကျော်လောက် ရှိ တယ်။ လက်ရှိသူတို့ထိုးစစ်ဆင်နေတဲ့ ဧရိယာဝန်းကျင်ထဲမှာပေါ့။ ဆိုတော့လူတွေကအကုန်ပြန့်ကြဲနေတယ်။ အကုန် လုံး တိမ်းရှောင်ကြတာ ဘယ်ကိုရောက်ကုန်ကြလဲမသိဘူး။"
တိုက်ပွဲဖြစ်ပွါးရာ ယှက်ရွာနဲ့နီးတဲ့ ကီးသာရွာနဲ့ ခွဲလုံရွာတွေက စစ်ဘေး ဒုက္ခသည်တွေအပြင် ရွာပေါင်း ၁၀ ရွာနီးပါးလောက်က ရွာသားတွေ အိုးအိမ်ပစ် ထွက်ပြေးနေကြရပါတယ်။ မင်းတပ်မြို့နယ်ထဲမှာ မေလ ၁၃ ရက်နေ့ညပိုင်းကစလို့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်မှုတွေကြောင့် မင်းတပ်မြို့က ပြည်သူ ၁ သောင်းနီးပါးလောက် စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။
စစ်ကောင်စီဘက်ကတော့ မင်းတပ်မြို့ပေါ်ရှိ ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို အကန့် အသတ်နဲ့ လက်ခံမယ်လို့မေလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပေမဲ့ ဒေသခံတွေကတော့ စိုးရိမ် စိတ်နဲ့ နေရပ်ရင်းကို မပြန်နိုင်ကြသေးပါဘူး။
...............................................................
(Unicode)