သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့လူထုထွက်ပြေးပြီး စစ်ကောင်စီ စီးနင်းထားတဲ့ မင်းတပ်အခြေအနေ PDF အဖွဲ့ဝင်ပြောပြချက် 


မင်းတပ်မြို့မှ စစ်ဘေးရှောင်များ။ (ဓာတ်ပုံ - Chin World)
မင်းတပ်မြို့မှ စစ်ဘေးရှောင်များ။ (ဓာတ်ပုံ - Chin World)

(Zawgyi/Unicode)

မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်သားတွေက ဝင်ရောက်စီးနင်းပြီး ပစ္စည်းဥစ္စာတွေကို လုယက် သယ်ယူနေကြောင်း မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ် PDF တာဝန်ခံ တဦးက ဗွီအိုအေကိုပြောပါတယ်။

မြို့လုံးကျွတ်နီးပါးထွက်ပြေးနေရတဲ့ မင်းတပ်မြို့ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က မင်းတပ် PDF ရဲ့ တာဝန်ခံတဦးဖြစ်သူ ဆလိုင်းတူမီးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆလိုင်းတူမီး။ ။ မင်းတပ်မှာ လူမရှိတဲ့အိမ်တွေပေ့ါလေ ၊ ပြည်သူတွေမရှိတော့တဲ့အိမ်တွေကို သူတို့က မနေ့က စပြီးတော့ ဖောက်ကြတာ။ ဒီနေ့အထိ သူတို့ဖောက်တယ်။ သူတို့ဖောက်ပြီးတော့ ပစ္စည်းတွေယူကြတယ်။ ပြီးရင်တချို့အိမ်တွေမှာတော့ အဲဒီတပ်တွေက နေကြတယ်။ ပြီးရင် အိမ်မွေးတိရိစ္ဆာန်တွေ ဝက်တွေရယ်၊ သူတို့က သတ်ပြီးတော့ စားတယ်။ ပိုင်ရှင်တွေက ပြေးတယ်ဆိုတော့ သူတို့က သတ်ချင်သလိုသတ် ပြီးတော့ စားကြတာပေါ့လေ ဒီလိုမျိုးတွေ သူတို့လုပ်တယ်။

မအင်ကြင်းနိုင်။ ။ မင်းတပ်မှာ လူတွေမရှိသလောက်ပဲလား၊ မြို့ခံတွေက အကုန်လုံးပြေးနေရတာလား ၊ မင်းတပ်မြို့အခြေအနေက ဘယ်လိုဖြစ်နေသလဲရှင့်။

ဆလိုင်းတူမီး။ ။ မင်းတပ်မှာ လူတွေမရှိတော့ဘူး အခုက၊ လူတွေမရှိတော့ဘူး ဒါပေမယ့် နည်းနည်းပါးပါးရှိတယ် ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည်အနေနဲ့ သွားနေတဲ့လူတွေ အနည်းအကျဉ်းရှိတာပေါ့။ မြို့ထဲမှာတော့ လူတွေမရှိတော့ဘူး တော်တော်နည်းနေပြီ။

မအင်ကြင်းနိုင်။ ။ ဒါဆိုရင် စစ်တပ်က သူတို့ အင်အားဘယ်လောက်လောက်နဲ့ တပ်စွဲထားသလဲရှင့်။

ဆလိုင်းတူမီး။ ။ ကျနော်တို့ ကြားတာကတော့ ၆၀၀ လောက်ရှိမယ်လို့ ကြားတာပေါ့ ပြောတဲ့လူတွေက ပြောကြတယ် အဲဒီလို ။ ဒါပေမယ့် ကျနော်တို့ ကိုယ်တိုင်ကတော့ သွားပြီးတော့ မမြင်ဘူးဆိုတော့ တိတိကျကျတော့ မပြောနိုင်ဘူး။

မအင်ကြင်းနိုင်။ ။ တောတွေတောင်တွေထဲ ထွက်ပြေးနေရတဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲရှင့်။

ဆလိုင်းတူမီး။ ။ တောတွေတောင်တွေမှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကတော့ အရမ်းဒုက္ခများတာပေါ့ ။ အခုက မိုးရွာလာတယ်ဆိုတော့ ဒီတောထဲမှာ နေတဲ့လူတွေအတွက် အဆင်မပြေဘူး ၊ တချိုကတော့ ချောင်းထဲမှာ နေတဲ့လူတွေရှိတယ်၊ တချိုကတော့ တောင်ပေါ်မှာ နေတဲ့လူတွေရှိတယ် တောထဲမှာပေါ့နော် သူတို့အတွက် အဆင်မပြေဘူး။

မိုးက တအားရွာတယ်၊ပြီးရင် သူတို့က သက်ကြီးရွယ်အိုတွေ၊ မိန်းကလေးတွေလည်း ပါတဲ့အခါကျတော့ တော်တော်ကို အဆင်မပြေဘူး။ အခုက နာမကျန်းဖြစ်တဲ့လူတွေက သက်ကြီးရွယ်အိုတွေက ဖျားတဲ့လူတွေလည်း ရှိတယ် ဆေးက မရနိုင်ဘူးလေ။ နယ်ဘက်မှာတော့ ဆေးမရဘူးဆိုတော့ မြို့ထဲမှာလည်း သွားလို့မရဘူးဆိုတော့ ဖျားနာတဲ့ သက်ကြီးရွယ်အိုတွေအတွက် လူနာတွေအတွက် လုံးဝအဆင်မပြေဘူး အခက်အခဲတွေ အများကြီးရှိတာပေါ့နော်။

မအင်ကြင်းနိုင်။ ။ အဲဒီမှာ သတင်းတွေတော့ ဘယ်လိုရကြသလဲ လူတွေလေ။ တယ်လီဖုန်းရှိတာတော့ ဟုတ်တော့ဟုတ်တာပေါ့ ဒါပေမယ့် အင်တာနက်တို့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရကြသလဲရှင့်။

ဆလိုင်းတူမီး။ ။ ကျနော်တို့မှာ အင်တာနက်ကတော့ မကောင်းဘူးပေါ့။ ကျနေ်ာတို့ နေတဲ့နေရာမှာတော့ မကောင်းဘူး တခြားနေရာမှာတော့ နည်းနည်းပါးပါး သုံးလို့ရတဲ့အချိန်ရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် သတင်းဆိုတာက ကျနော်တို့ မြို့မှာ ဖြစ်ပျက်နေတာတွေကိုတော့ နားစွင့်တာပေါ့နော် ။ ဒီမြို့ထဲမှာနေတဲ့ ဘုန်းကြီးကျောင်းမှာနေတဲ့လူတွေကို ကျနော်တို့က လှမ်းမေးတာတွေ ဘယ်လိုဖြစ်နေတယ်၊ မြို့ထဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတာတွေကို အတတ်နိုင်ဆုံး ကျနော်တို့က လှမ်းမေးတာတွေ ရှိပါတယ်။ ရေဒီယိုတွေနားထောင်တဲ့လူတွေလည်းရှိတယ်။ ဒါပေမယ့် နားမထောင်နိုင်တဲ့လူတွေလည်း ရှိတာပေါ့နော်။ အရေးပေါ်ပြေးတဲ့အခါကျတော့ ရေဒီယို အိမ်ထဲမှာကျန်ခဲ့တာတို့ ၊ မကိုင်နိုင်တာတွေကလည်း အများကြီးရှိတယ်ဆိုတော့ သတင်းကတော့ ကျနော်တို့ ကောင်းကောင်းမသိနိုင်ဘူး။

မအင်ကြင်းနိုင်။ ။ ဒီစစ်တပ်က ဒေသခံတွေရဲ့ ပစ္စည်းတွေကိုပေါ့နော် သူတို့ထွက်ပြေးတော့ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ယူတဲ့ အခြေအနေက ဘယ်လောက်အထိဆိုးသလဲ၊ ဒေသခံတွေအတွက်ရော ဘယ်လောက်အထိ ထိခိုက်မှုတွေရှိသလဲ။

ဆလိုင်းတူမီး။ ။ ကျနော်တို့က အရေးပေါ်ပြေးတာကို စစ်ဖြစ်တဲ့အခါကျတော့ ပြည်သူလူထုက ကိုယ်က အသက်မထိခိုက်စေချင်လို့ မနာစေချင်လို့ အရေးပေါ်ပြေးကြတယ်လေ။ ပြေးတဲ့အချိန်မှာ ပစ္စည်းတွေ ဘာတခုမှ ယူမသွားဘူး။ သွားတဲ့လူတွေက အင်္ကျ ီတထည်နဲ့ ပုဆိုးတထည်နဲ့ အိတ်ကလေးတလုံး အဲလောက်ပဲ ပါသွားနိုင်တယ်။ တချို့ဆိုရင် အိတ်တောင်မပါနိုင်ဘူးပေါ့။ ဒါပေမယ့် အိမ်ထဲမှာကျန်နေခဲ့တဲ့ပစ္စည်းတွေကို ဒီလိုဖောက်ထွင်းပြီးတော့ ယူတယ်ဆိုတာက ကျနော်တို့ အရေးပေါ်ပြန်ပြီးတော့ စုဆောင်းဖို့ဆိုတာက မလွယ်ဘူး။ အဲဒီအနေအထားမှာ ကျနော်တို့ ပြည်သူလူထုအတွက် အရမ်းနစ်နာတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)















XS
SM
MD
LG