သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယား ဒီးမော့ဆိုနဲ့ ချင်း မင်းတပ်မှာ စစ်ကောင်စီတပ်တွေ စစ်ဆင်


မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)
မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)

(Zawgyi / Unicode)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘက်မှာ ဒီကနေ့မနက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးပေမယ့် ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုတချို့ ရှိတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီကနေ့မနက်ပိုင်းကနေ မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့ (PDF) တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) ပြန်ကြားရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့ မနက်အစောပိုင်း အင်အားအလုံးအရင်းနဲ့ပေါ့နော်။ နောက် လက်နက်ကြီးပစ်ကူတွေနဲ့ ဒီးမော့ဆိုမြို့ ဒေါ့ငံခါးလမ်းခွအထိပေါ့နော် ဝင်ရောက်လာခဲ့တဲ့အတွက် ဒီက ခုခံရေးအဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့မှုတွေ ရှိခဲ့တာပေါ့။ အခုလက်ရှိအချိန်မှာ သူတို့ လက်နက်ကြီးတွေ ပစ်တဲ့အတွက် ဒေါ့ငံခါးရပ်ကွက်က ဘုရားကျောင်းတွေ ပျက်စီးကုန်တယ်။ နောက်ပြီး လူနေအိမ် တော်တော်များများလည်း သူတို့ မီးရှို့ဖျက်ဆီးခဲ့တာပေါ့နော်။”

ဒီကနေ့ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် PDF ဘက်က ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ ပြောပါတယ်။

“လက်နက်ကြီးပစ်တာ အရမ်းများတော့ ကျနော်တို့ PDF က ၂ ဦး ထိခိုက်ဒဏ်ရာရတယ်ပေါ့နော်။ တဦးကျဆုံးတယ်လို့ ကျနော်တို့ အတည်ပြုထားတယ်ပေါ့။”

ဒီးမော့ဆိုမြို့မှာ မေလ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ် PDF အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေခဲ့ပါတယ်။

စစ်ကောင်စီဘက်က ရှမ်းပြည်နယ်က တပ်အင်အားအများအပြား ကယားပြည်နယ် လွိုင်ကော်မြို့ဘက် ဖြည့်တင်းလာနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့အကြား ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆလိုင်းတူမီးက ပြောပါတယ်။

“ကျနော်တို့ ဒီ မင်းတပ်မြို့နယ် ရှက်ကျေးရွာမှာ အခု စစ်ကောင်စီဘက်က စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တိုက်ပွဲဖြစ်နေတယ်။ မနက် ၈ နာရီကနေ စဖြစ်တာ။ ရှက်ရွာဘက်မှာ။ ထိခိုက်မှုက ပြည်သူဘက်က တယောက်သေတယ်လို့ ပြောတယ်။ စစ်ကောင်စီဘက်ကတော့ မသိရသေးဘူးလို့ ပြောတယ်။”

မင်းတပ်မြို့ဘက်က ဆင်းလာတဲ့ စစ်ကြောင်းဟာ ဒေသခံ CDF နဲ့ ရှက်ရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို မင်းတပ်မြို့ အရှေ့ဘက်ရှိ ချောင်းဆုံအနီးနဲ့ ရွှေအောင်သာရွာဘက်မှာ CDF တပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း CDF အဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြောင့် အနီးနားမှာရှိတဲ့ စစ်ရှောင်ရွာက ရွာသားတွေ စခန်းကနေ ထပ်မံထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

“ရှက်ရွာနဲ့နီးတဲ့ ကီးသာရွာ၊ ခွဲလုံရွာ အဲဒီရွာတွေမှာတော့ စစ်ရှောင်ရှိတယ်။ စစ်ရှောင်ရွာသားတွေက တခြားနေရာမှာ ရှောင်ဖို့ တချို့တွေက သွားကြတယ်တဲ့။”

မင်းတပ်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတချို့ကို စစ်တပ်က ဖမ်းဆီးခဲ့တာကြောင့် စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ စတင်ခဲ့တာပါ။

ဧပြီ ၂၇ ရက်မှာတော့ နှစ်ဖက်ကြား ညှိုနှိုင်းမှုတွေ စလုပ်ခဲ့တဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ခဲ့ပေမယ့် မင်းတပ် ကာကွယ်ရေးအဖွဲ့တွေဘက်က တောင်းဆိုနေတဲ့ လူ ၅ ယောက်ကို စစ်တပ်က ပြန်လွှတ်မပေးတဲ့အတွက် မေလ ၁၂ ရက်နေ့ကစပြီး အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သွားခဲ့ပါတယ်။

မင်းတပ်မြို့နယ်မှာ မေလ ၁၃ ရက်နေ့ ညပိုင်းမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်မှုတွေကြောင့် မင်းတပ်မြို့က ပြည်သူ ၁၀,၀၀၀ နီးပါးလောက်ဟာ စစ်ဘေး တိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်စခန်း အနည်းဆုံး ၁၈ ခုဖွင့်လှစ်ထားပြီး လက်ရှိမှာ အကူအညီ လိုအပ်နေပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဘက်က မင်းတပ်မြို့ပေါ်ရှိ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို အကန့်အသတ်နဲ့ လက်ခံမယ်လို့ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပေမယ့် ဒေသခံတွေကတော့ စိုးရိမ်စိတ်နဲ့ မပြန်နိုင်ကြသေးပါဘူး။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘက် ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)



















XS
SM
MD
LG