သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုနဲ့ မိုးဗြဲမှာ တိုက်ပွဲဆက်ဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ


ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ဒေသခံအချို့။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)
ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ဒေသခံအချို့။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)

(Zawgyi / Unicode)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ကယားပြည်နယ်အစပ် ရှမ်းပြည်နယ် မိုးဗြဲမြို့မှာ ဒီနေ့မနက်ပိုင်းနဲ့ မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မိုးဗြဲမြို့ခံတဦးက ပြောပါတယ်။

“မနက်ပိုင်း ၉ နာရီကျော်မှာ နည်းနည်း ပစ်ခတ်မှုရှိတယ်ဗျ။ PDF နဲ့ စစ်ကောင်စီနဲ့ပေါ့။ မနေ့ကညနေပိုင်း ပစ်ခတ်မှုတော့ PDF ဘက်က ချောင်းမြောင်းပြီး တိုက်ခိုက်တာပေါ့နော်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ထိခိုက်မှုကတော့ စစ်ကောင်စီဘက်က ၄ ယောက်ကျတယ်တဲ့။ ၄ ယောက် ဒဏ်ရာရတယ်။ အဲ PDF ဘက်က လက်နက်ကြီး မိုင်းစလေးတွေ ထိခိုက်တာက ၂ ယောက်လောက်ရှိတယ်။”

ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) ပြန်ကြားရေးတာဝန်ရှိသူကလည်း မိုးဗြဲမြို့မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားတဲ့အကြောင်း အတည်ပြုပြောပါတယ်။

“မိုးဗြဲလည်း ဒီမနက် ပစ်နေကြတယ်လို့ ကျနော်တို့ သိရတယ်ပေါ့နော်။ ထိခိုက်ကျဆုံးမှုတော့ ကျနော်တို့ဘက်က မရှိဘူးဗျ။”

မနေ့ ဇွန် ၄ ရက်ညနေက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အနည်းဆုံး ၄ ဦးသေ၊ ၄ ဦး ဒဏ်ရာရခဲ့ပြီး မိုးဗြဲ PDF ဘက်ကတော့ အသေးစား ဒဏ်ရာရရှိသူ ၂ ဦး ရှိခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ကတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ကနေ မိုးဗြဲမြို့ခံတချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းအကာ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ရွာသားက ၃ ယောက်လား။ ဘုရားကျောင်းမှာခိုနေတဲ့ ရွာသားကို ဖမ်းပြီးတော့ ဒိုင်းအကာအဖြစ် ထားတယ်ပေါ့နော်။ ထားတော့ တယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျန်တဲ့ ၂ ယောက်က မိုင်းတွေနဲ့ ကျောပိုးအိတ်ထဲမှာ လွယ်ပြီးတော့ ဒိုင်းအကာအဖြစ် ထားထားတယ်။”

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစပြီး မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေသလို သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တဆက်တည်းမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာလည်း ဒီမနက်မှာ ပစ်ခတ်တိုက်ခိုက်မှု ရှိနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီမနက်တော့ အပြန်အလှန် ပစ်ခတ်တာမျိုးတော့ ရှိတာပေါ့။ ကျနော်တို့ KNDF ဘက်က တယောက်ဒဏ်ရာရတယ်ဗျ။ တိုက်ပွဲက ဒေါ့ငံခါးမှာ။ ရန်သူဘက်တော့ သူတို့စခန်းထဲကနေ ပစ်ထည့်တာကိုး။ နေ့လယ်မှာတော့ ကျနော်တို့တိုက်ပွဲလည်း မရှိတော့ဘူး။”

ဒီမနက်ပစ်ခတ်မှုမှာ လက်နက်ကြီးဒဏ်ကြောင့် ဒေသခံတွေရဲ့ အိမ်ခြေပျက်စီးမှု ရှိတယ်လို့ ဒီးမော့ဆိုမြို့ခံတဦးက ပြောပါတယ်။

“ဒီးမော့ဆိုတော့ ပစ်နေတယ်။ မနက်ကတည်းက စပစ်နေတာ။ ၆ မိုင်လည်း ချတယ်။ ဒီးမော့ဆိုလည်း ချနေတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက်ကြောင့် အိမ်ပျက်စီးမှုက များတယ်။”

တိုက်ပွဲအတွင်း လွိုင်ကော်မြို့ကနေ အကူလက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဒီးမော့ဆို မြို့ခံတပ်ရင်းနှစ်ခုနဲ့ ရဲစခန်းတို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ မေလ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာပါ။

ဒီးမော့ဆိုမြို့နယ်နဲ့ မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

လက်ရှိ စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်မှု ပြင်းထန်နေတဲ့ ကယားပြည်နယ်ဘက်ကို စစ်အင်အားတွေ တိုးဖြည့်ထားတဲ့ အခြေအနေ ရှိနေတာပါ။

မေလ ၂၁ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံ၊ မိုးဗြဲမြို့ဘက်က ဒေသခံ ၇၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

လက်ရှိ ကယားပြည်နယ်အတွင်း ယာဉ်အဝင်အထွက် သွားလာမှုကို စစ်ကောင်စီတပ်ဘက်က ပိတ်ပင်ထားတာကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေပါတယ်။

ဒါ့အပြင် ယာဉ်အဝင်အထွက် ပိတ်ပင်ထားမှုကြောင့် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးဝယ်ယူ သယ်ဆောင်မှုအပိုင်းမှာ ခက်ခဲနေတယ်လို့ စစ်ရှောင်ကော်မတီဝင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)

ဒီးမော့ဆိုနဲ့ မိုးဗွဲမှာ တိုကျပှဲဆကျဖွဈ၊ နှဈဖကျထိခိုကျမှုရှိ





















XS
SM
MD
LG