သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဝန်ထမ်းတွေ နုတ်ထွက်ဖို့ မြစ်ကြီးနား၊ တနိုင်းနဲ့ ဟူးကောင်းဒေသက KIO တိုက်တွန်း

Myanmar Ethnic Rebel
Myanmar Ethnic Rebel

[[Zawgyi/Unicode]]

စစ်ကောင်စီလက်အောက်ရှိ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို တာဝန်က နုတ်ထွက်ဖို့အတွက် မြစ်ကြီးနား၊ တနိုင်းနဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသက KIO ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ နုတ်ထွက်မှုမရှိရင် အရေးယူမယ့်အခြေအနေတွေ ရှိတာကြောင့် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေမှာ လုံခြုံရေးနဲ့ မိသားစုအရေး အခက်တွေ့လာနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ရန်ကုန် ကလာတဲ့ ကချင်ပြည်နယ်က အခြေအနေသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်းနဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသက KIO ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေကို နုတ်ထွက်ဖို့ ပြီးခဲ့တဲ့စနေနေ့က သတိပေးချက် ထုတ်ပြန်တိုက်တွန်းခဲ့တာပါ။ တိုက် တွန်းတဲ့အတိုင်း မနုတ်ထွက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အားလုံးဟာ မိမိတာဝန်သာဖြစ်တယ်လို့လည်း KIO ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးထားတာဖြစ်ပါတယ်။

ဒီလိုသတိပေးချက်ထုတ်ပြန်တာဟာ KIO ဗဟိုရဲ့ ထုတ်ပြန်တာမဟုတ်ဘဲ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်တာဖြစ်တယ်လို့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ဗဟိုကထုတ်တာတော့မဟုတ်ပါဘူး။ ဒေသဆိုင်ရာ ခရိုင်အဆင့်အပေါ့နော်။ သူတို့ အုပ်ချုပ်တဲ့နေရာမှာ ကျင့်သုံးဖို့ထုတ်တဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။ သူတို့ ခရိုင်မှာ၊ သူတို့နယ်မြေမှာ လိုအပ်လို့ထုတ်တဲ့ ထုတ်ပြန်ကြေညာချက်လောက်ပဲ ကျနော်တို့မြင်ပါတယ်။”

ဒီလိုထုတ်ပြန်တာကြောင့် တနိုင်းမြို့ကဝန်ထမ်းတွေ တွေ့ကြုံရတဲ့ အခြေအနေကို ဒေသခံတဦးက အခုလို ပြောပါတယ်။

“လောလောဆယ်ကတော့ အလုပ်ထွက်တာတွေ ဘာတွေကတော့ မကြားရသေးဘူး။ ရိုက်ခတ်မှုဆိုတာကတော့ သူတို့လို သွားတော့သွားနေရပေမဲ့လည်း စိတ်ထဲမှာ မလုံမလဲပေါ့နော။ သူတို့ ပြောလာတာတော့ ကြားရတာပေါ့။ တချို့တွေက အဲဒီ မိသားစုပြဿနာကို တခြားနည်းလမ်းနဲ့ မဖြေရှင်းတတ်လို့ပေ့ါနော်-လုပ်နေတဲ့ သူတွေလည်း ရှိတာပေါ့။ တချို့တွေကတော့ ပင်စင်ရခါနီးဖြစ်တဲ့အခါကျတော့ အဲဒါတွေလည်း ပါတယ်လေ။ တွေ့ရတာပေါ့။ ဒါပေမယ့် တချို့တွေက လစ်လပ်တဲ့နေရာမှာ၊ အစားထိုးတဲ့နေရာမှာ အသစ်ဝင်တဲ့လူတွေလည်း ရှိတယ်။”

KIO အနေနဲ့ အခုလို စာထုတ်ပြန်ပြီးရင် နောက်ဆက်တွဲ အရေးယူတာတွေ ရှိခဲ့ဖူးတာကြောင့် နောက်ပိုင်းမှာ အရေးယူတာတွေ ရှိလာနိုင်ကြောင်းလည်း ပြောပါတယ်။

မြစ်ကြီးနားမြို့ခံတဦးကတော့ ဝန်ထမ်းတွေအနေနဲ့ အလုပ်မထွက်ရင် KIA က အရေးယူမယ့် အခြေအနေမျိုးရှိပြီး အလုပ်ထွက်ရင်လည်း စစ်ကောင်စီဘက်က အရေးယူနိုင်တဲ့အခြေအနေကြောင့် လုံခြုံရေးနဲ့ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိလာနိုင်ကြောင်း သုံးသပ်ပါတယ်။

“အခုအနေအထားဆိုရင်ပေါ့။ KIA က ထုတ်ပြန်တယ်ဆိုရင်တော့ ထိရောက်မှုက ရှိနိုင်တယ်ပေါ့နော်။ Non CDM လုပ်နေတဲ့ သူအတွက်ကို တော်တော်အခက်တွေ့ လာနိုင်တယ်။ တချို့တွေဆို မိသားစုအတွက်၊ စားဝတ်နေရေးအခက်အခဲတွေပေါ့နော။ လုံခြုံရေးတွေကလည်း ပြန်ပြီးမှ ဘေးကျပ်နံကျပ် ဖြစ်လာနိုင်တော့မယ်ပေါ့နော်။”

ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်းကလည်း မြစ်ကြီးနား၊ တနိုင်းနဲ့ ဟူးကောင်းချိုင့်ဝှမ်းက ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေဟာ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ အကျိုးတူ လုပ်ငန်းဖြစ်တဲ့ Myanmar Beer ၊ Dagon Beer ၊ ABC Beer တွေကို ရောင်းဝယ်ဖောက်ကား၊ သယ်ယူပို့ဆောင်တာမပြုလုပ်ဖို့ တားမြစ်ခဲ့ဖူးပါတယ်။

ဒီလို တားမြစ်ပြီးနောက်ပိုင်းမှာ စစ်တပ်ထုတ်ကုန်တွေကို စစ်ဆေး၊ ဖမ်းဆီး ဖျက်ဆီးတာတွေရှိခဲ့တာကြောင့် ကချင်ပြည်နယ်က မြို့နယ်အတော်များများမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချတာတွေ မရှိသလောက် ဖြစ်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီဘက်က ပူတာအိုဘက်မှာ ရိက္ခာနဲ့ စစ်အင် အားဖြည့်တင်းတာတွေရှိနေပြီး လမ်းခရီးမှာ KIA က ကြားဖြတ်တိုက်ခိုက်တာတွေရှိသလို ရွှေကူ၊ အင်းတော်ကြီးစတဲ့ဒေသတွေဘက်မှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIO ဟာ စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါဝင်သင့်သူတွေအားလုံး မပါဝင်တဲ့အတွက် တက်ရောက်မှာ မဟုတ်ကြောင်း ပြန်ကြားထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]















==========

​
XS
SM
MD
LG