သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNDO ဦးစီးချုပ်ကို တာဝန်က ယာယီရပ်ဆိုင်း


KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ။ (ဇန်နဝါရီ ၃၁၊ ၂၀၁၂)
KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ။ (ဇန်နဝါရီ ၃၁၊ ၂၀၁၂)

(Zawgyi / Unicode)

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါးတို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားတယ်ဆိုတာ KNU ပြောခွင့်ရတဦးက ဒီကနေ့ အတည်ပြုပြောဆိုတဲ့အကြောင်း AFP သတင်းမှာ ရေးထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားဆိုသူ ၄၇ ယောက်ကို KNDO က ဖမ်းသွားပြီးတဲ့နောက် ၂၅ ယောက်ကို သတ်ပစ်လိုက်တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲပြောဆိုခဲ့ပြီးတဲ့နောက် KNU က အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်ထားချိန်မှာပဲ ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို အခုလို တာဝန်က ယာယီရပ်ဆိုင်းလိုက်တာပါ။

"ဂျီနီဗာသဘောတူညီချက်တွေအရ ကျနော်တို့ရဲ့ရန်သူတွေ ဖြစ်မယ်ဆိုရင်တောင် ဖမ်းရုံပဲ ဖမ်းရမှာဖြစ်ပြီး သတ်ပစ်လို့မရပါဘူး။ ဂျီနီဗာစာချုပ်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဆိုင်ရာ ကျနော်တို့ရဲ့ သန္နိဋ္ဌာန်အပေါ် အခိုင်အမာ ရပ်တည်ပါတယ်။ ဒီဖြစ်ရပ်ကို ကျနော်တို့ ဂရုတစိုက် ကိုင်တွယ်ရပါမယ်" လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက AFP ကို ပြောပါတယ်။

အခုလို တာဝန်က ယာယီရပ်ဆိုင်းတာဟာ "မိမိတို့ရဲ့ လုပ်ထုံးလုပ်နည်း တစိတ်တပိုင်း" ဖြစ်တယ်လို့လည်း ပဒိုစောတောနီးက ကာကွယ်ပြောဆိုပါတယ်။

ဒါပေမယ့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကတော့ KNU နိုင်ငံရေးခေါင်းဆောင်ပိုင်းဟာ KNDO ဘက်က ရှင်းလင်းပြောဆိုတာကို နားမထောင်ခဲ့ဘူးဆိုပြီး ဒီဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ပါတယ်။

စစ်ထောက်လှမ်းရေးတွေကို သူ့တပ်ဖွဲ့က ဖမ်းဆီးချိန်မှာ မြန်မာစစ်တပ်က မော်တာတွေနဲ့ပစ်ပြီး ခြုံခိုတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲအတွင်း စစ်သားတွေက ဂရုမစိုက်ခဲ့ဘူး" လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက AFP ကို ပြောခဲ့သလို KNU က သူတို့ကို စကားပြောဆိုတာမျိုး မရှိတာကြောင့် စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းလုပ်ဆောင်လိုစိတ် မရှိဘူးလို့လည်း ပြောပါတယ်။

"ကျနော်တို့ ခေါင်းဆောင်ကြီးနဲ့ နိုင်ငံရေးသမားတွေဟာ ရန်သူတွေနဲ့ လက်တွဲလုပ်ဆောင်မယ့်အစား ကျနော်တို့ဘက်က ရပ်တည်သင့်ပါတယ်" လို့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောတဲ့အကြောင်း AFP သတင်းမှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)









XS
SM
MD
LG