သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောက်လုပ်ရေးလုပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ဆိုတဲ့စွဲချက် KNDO ငြင်းပယ်


 (ယခင် KNU ဥက္ကဌ ဟောင်း ဗိုလ်ချုပ်မြရဲ့သား) KNDO အကြီးအကဲ နာဒါးမြ (ဓာတ်ပုံ - Courtesy)
(ယခင် KNU ဥက္ကဌ ဟောင်း ဗိုလ်ချုပ်မြရဲ့သား) KNDO အကြီးအကဲ နာဒါးမြ (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

ကရင်ပြည်နယ်၊ မြဝတီခရိုင်မှာ တံတားဆောက်လုပ်ရေးလုပ်နေတဲ့ အလုပ်သမားတွေကို KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင် KNDO အဖွဲ့က ဖမ်းဆီး သတ်ဖြတ်တယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ KNDO ကငြင်းပယ်လိုက်ပါတယ်။ အရပ်သား ၄၇ ယောက်ကို KNDO က ဖမ်းဆီးပြီး ၂၅ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။ ဒီလူတွေကို လုံခြုံရေးအရ ဆက်လက်ဖမ်းဆီးထားတယ်လို့ KNDO ဖက်က တုံ့ပြန်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးပြောပြမှာပါ။

မြဝတီခရိုင်၊ ဝေါလေမြို့မှာ နယ်မြေခံတပ်က ဆောက်လုပ်နေတဲ့ အူးဟူချောင်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမား ၄၇ ယောက်ကို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDO က မေလ ၃၁ ရက်ရက်မှာ ဖမ်းဆီးပြီး အဲဒီအထဲက ၂၅ ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ် မြေမြှုပ်ခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၁၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ KNDO က ဗိုလ်ကြီးအဆင့်ရှိသူ စောပါဝါးဦးစီးတဲ့ အင်အား ၃၀ လောက်ရှိတဲ့အဖွဲ့က အမျိုးသား ၃၁ ယောက်၊ အမျိုးသမီး ၆ ယောက်နဲ့ ကလေးငယ် ၁၀ ယောက်ကို ဖမ်းဆီးခေါ်သွားပြီး အမျိုးသား ၂၅ ယောက်ကို သတ်ဖြစ်ခဲ့တယ်လို့ သတင်းထဲမှာ ရေးထားပါတယ်။ အသတ်ခံရသူတွေကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားတဲ့ သတင်းစာပါသတင်းနဲ့ ပတ်သတ်ပြီး KNDO ပြောရေးဆိုခွင့်ရှိသူ စောဝါးနေမူး ( Saw Wah Nay Mu) ကို မေးမြန်းရာမှာ သူက ခုလို ငြင်းဆိုပါတယ်။

“ဖမ်းဆီးထားတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သတ်ဖြတ်တဲ့ကိစ္စကတော့ မဟုတ်ဘူး။ အဲဒီသတင်းကတော့ မမှန်ပါဘူးခင်ဗျ။”

ဝါလေမြို့နယ်၊ ကနဲလေးကျေးရွာနားက အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းဟာ ဒေသဖွံ့ဖြိုးရေးအတွက် ဖြစ်ပြီးအခုလို အရပ်သားတွေ အကြောင်းမဲ့ သတ်ဖြတ်ခံရတာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ဒီနေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ ။ ဒါပေမဲ့ KNDO ဘက်ကတော့ သူတို့ဖမ်းဆီးလိုက်တဲ့ တံတားစီမံကိန်း လုပ်သားတွေဟာ စစ်တပ်အတွက် ထောက်လှမ်းနေကြသူတွေဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ သူတို့က ဒီတံတားတွေ ဆောက်လုပ်နေတာလည်း ကြာပြီဗျ၊ နှစ်က တော်တော်ကြာပြီ။ အဲဒါတွေ ဆောက်လုပ်မှု အကြောင်းပြပြီးတော့ သူတို့က နယ်မြေစိုးမိုးမှု လုပ်ငန်းတွေမှာ ဆောင်ရွက်လာတာ ရှိတယ်။ ကျနော်တို့ KNU/ KNDO ထိန်းချုပ်နယ်မြေရဲ့ စခန်းတွေကို သူတို့တံတား လုပ်ငန်းကို အကြောင်းပြပြီးတော့ drone တွေနဲ့ ထောက်လှမ်းတာမျိုးတွေ ရှိတယ်။ စခန်းတွေကို ဓာတ်ပုံရိုက်တာမျိုးတွေ ရှိတဲ့အခါကျတော့ ဒါမျိုးတွေ ဆက်မလုပ်ဖို့ ကျနော်တို့ ပြောထားပြီးသား။ ဒါကို သူတို့လက်မခံဘူး၊ ဆက်လုပ်တဲ့အတွက် ကျနော်တို့ ဖမ်းဆီးရတဲ့ အကြောင်းရင်း ဖြစ်တယ်ပေါ့နော်။ GE တပ်ပုံစံမျိုး သူတို့ အယောင်ဆောင်လာတယ်။ ဖမ်းဆီးတဲ့အခါမှာလည်း သက်သေခံ ပစ္စည်းတွေလည်း အစုံအလင် ကျနော်တို့ရထားတာ ရှိတယ်လေ။”

ဖမ်းဆီးထားတဲ့ ၄၇ ယောက်ထဲက ၂၂ ယောက်ကိုတော့ ပြန်လွှတ်လိုက်ကြောင်း စောဝါးနေမူးက ပြောပါတယ်။ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၆ ယောက်နဲ့ ကလေးငယ် ၁၀ ယောက်ပြန်လွတ်မြောက်လာကြပြီး ၆ ယောက်မှာ လက်နက်ငယ်ဒဏ်ရာတွေ ရထားလို့ ကုသပေးနေတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။ ဒီဒဏ်ရာတွေဟာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရခဲ့တာဖြစ်ကြောင်း KNDO ဘက်က တုံ့ပြန်ထားပါတယ်။ အဆက်မပြတ် ပစ်ခတ်မှုတွေကြောင့်လည်း KNDO ဘက်က တပ်သားနှစ်ယောက်လည်း ကျဆုံးခဲ့ကြောင်း စောဝါးနေမူးက ပြောပါတယ်။

“ဖမ်းဆီးထားစဉ်မှာပဲ စကစ စစ်ကောင်စီအဖွဲ့ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေရှိတယ်။ လက်နက်ကြီးတွေဟာ ဖမ်းဆီးခံရတဲ့ စစ်သားတွေနားကို ကျတာမျိုး ရှိတယ်ခင်ဗျ။ ဖြစ်စဉ်အမှန်က အဲလိုမျိုး ဖြစ်တာခင်ဗျ။”

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သတင်းပြန်ကြားရေး ဝဘ်ဆိုက်မှာတော့ သေဆုံးသူတွေအတွက် သက်ဆိုင်ရာရဲစခန်းမှာ သေမှုသေခင်း ဆောင်ရွက်နေပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့ကို ချေမှုန်းနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ ရေးသားထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ စစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေနဲ့ ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်တွေ ဇွန်လအစောပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတာပါ။ အထူးသဖြင့် ဝေါလေနဲ့ ဖလူးမြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေး PDF တပ်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မြရဲ့သား ဦးဆောင်တဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO တို့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတာပါ။

.......................................................

တိုက်ရိုက် လင့်ခ်





(Unicode)










XS
SM
MD
LG