သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ဌာနချုပ်ရှိရာနယ်မြေ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ဖို့ ပြင်နေသလား


ကရင်ပြည်နယ်၊ တပ်မဟာ (၇)ထိန်းချုပ်နယ်မြေက ဖားအံခရိုင်အတွင်း စစ်ကောင်စီလေယာဉ်တွေ ဝဲပျံနေပုံ။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃)
ကရင်ပြည်နယ်၊ တပ်မဟာ (၇)ထိန်းချုပ်နယ်မြေက ဖားအံခရိုင်အတွင်း စစ်ကောင်စီလေယာဉ်တွေ ဝဲပျံနေပုံ။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃)

[[Zawgyi/Unicode]]

KNU ဌာနချုပ်ရှိရာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) ထိန်းချုပ်ရာနယ်မြေ ဖားအံခရိုင်ထဲကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ စစ်ကောင်စီဘက်က လေယာဉ်တွေ ၄ ကြိမ်လောက်လာရောက်ခဲ့တာကြောင့် စစ်ရေးအရ ပြင်းထန်နိုင်တယ်ဆိုပြီး ဒေသခံတွေစိုးရိမ်နေကြသလို နေအိမ်တွေမှာမနေရဲဘဲ တိမ်းရှောင်နေကြပါတယ်။ တောတောင်တွေထဲပုန်းအောင်းနေကြသလို တချို့ကတော့ ထိုင်းဘက်ခြမ်းထိ ထွက်ပြေးနေကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးဌာနချုပ်ရှိရာ တပ်မဟာ (၇) ထိန်းချုပ်ရာနယ်မြေ၊ ဖားအံခရိုင်ထဲမှာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ စစ်ကောင်စီဘက်က လေယာဉ်တွေဟာ မနက်ပိုင်းမှာ ၂ ကြိမ်၊ နေ့လယ်ပိုင်းမှာ ၂ ကြိမ် ပျံဝဲခဲ့ပါတယ်။ ကေအန်ယူ တပ်မဟာ (၅) နဲ့ တပ်မဟာ (၆) နယ်မြေတွေကို လေကြောင်းကနေ တလတည်း ၅၇ ကြိမ်လောက် ဗုံးကြဲတာတွေရှိပေမယ့် တပ်မဟာ (၇) ဘက်ကိုတော့ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာမရှိခဲ့ပါဘူး။ အခုအခါမှာ ဌာနချုပ်ရှိရာနေရာကို လေယာဉ်တွေ ၄ ကြိမ်လောက်လာတာကြောင့် လေကြောင်းတိုက်ခိုက်ဖို့ပြင်ဆင်တဲ့အနေနဲ့ စစ်ရေးတင်းမာမှုတွေရှိနိုင်တယ်လို့အဲဒီနယ်မြေထဲက တက်ကြွလှုပ်ရှားသူတဦးက အခုလိုပြောပြပါတယ်။

“အခုလောလောဆယ်တော့ ရှောင်တိမ်းရတယ်။ ပြေးလွှားနေရတယ်။ အခု လေယာဉ်ကတော့ ပစ်ကွင်းကိုကြည့်ပြီး ပြန်လှည့်သွားတယ်။ အခုတော့ အားလုံးကရှောင်တိမ်းနေရတယ်။ ညပိုင်းမှာ လာရောက်ပစ်ခတ်မဲ့အနေအထားရှိတယ်။ အန္တရာယ်ရှိတဲ့အနေအထားကြောင့်လေ။”

ဒီအတွက် ဒေသခံတွေဟာ နေအိမ်တွေမှာမနေရဲတော့ဘဲ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကမ်းထိ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ဒေသခံတဦးက ပြောပြပါတယ်။

“အစောပိုင်းက လေယာဉ် ၂ ခေါက်လာတယ်။ ညပိုင်းတော့ ထပ်မလာသေးဘူး။ အခုက အတော်များများက မယ့်သလေဘက်ကူးသွားတယ်။ ဒီဘက်မှာလူနည်းနည်းပဲကျန်တော့တယ်။”

အဲဒီဒေသက ကျေးရွာလူကြီးတွေကတော့ဒေသခံပြည်သူတွေကို တိမ်းရှောင်ကြဖို့ နှိုးဆော်ခဲ့ပြီး ဒေသခံတွေလည်း အထုတ်တွေသယ်ပိုးပြီး တောတောင်တွေထဲ လှိုင်ဂူတွေထဲတိမ်းရှောင်ရုံသာမက သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းအထိပါ ထွက်ပြေးနေကြပါတယ်။ တနေ့တည်းလေယာဉ် ၄ကြိမ်လာရောက်ပံျသန်းတာကြောင့် စိုးရိမ်လာကြတာ ဖြစ်ပြီး အသက်အရွယ်ကြီးတွေ၊ အမျိုးသမီးတွေ ကလေးတွေကတော့ နေလည်ကစပြီးရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကရင်ပြည်နယ်ထဲမှာတော့ စစ်ဘေးရှောင်လူဦးရေ ၃ သိန်းလောက်ရှိတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ အခုဆိုရင် စစ်ကောင်စီဘက်က KNU ရဲ့ တပ်မဟာအသီးသီးမှာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတာကြောင့် စစ်ဘေးရှောင်သူတွေဟာ အခုချိန်ထိလည်း နေရပ်မပြန်နိုင်ကြသေးပါဘူး။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]









XS
SM
MD
LG