သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းနဲ့လက်နက်ကြီးရန်ကြောင့် ကရင်ဒေသခံ ၇ သောင်းနီးပါး တိမ်းရှောင်


ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေကြရတဲ့ ဒေသခံရွာသူရွာသားများ။ (Photo: KNU/ဒီဇင်ဘာ ၇၊ ၂၀၂၃)
ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေကြရတဲ့ ဒေသခံရွာသူရွာသားများ။ (Photo: KNU/ဒီဇင်ဘာ ၇၊ ၂၀၂၃)

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာတွေကြောင့် ကျေးရွာပေါင်း ၉၀ ကျော်က ဒေသခံ ၆၈,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်နေခဲ့ပြီး KNU က စစ်ကောင်စီရဲ့တပ်စခန်းတွေကိုသိမ်းယူပြီး နယ်မြေရှင်းလင်းခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို အကြိမ်ပေါင်းများစွာလုပ်တဲ့အတွက် ကျေးရွာတွေက ဒေသခံ ၆၈,၀၀၀ ကျော်ထွက်ပြေးရတယ်လို့ ကေအန်ယူက ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ။ ဒီလို ကရင်လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ကေအန်ယူကို ဝန်ထုတ်ဝန်ပိုးဖြစ်အောင်လုပ်တာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးက အခုလိုပြောပါတယ်။

“အဲဒီလုပ်ရပ်က ပြည်သူလူထုနဲ့ကျနော်တို့ကို ပွတ်တိုက်မှုဖြစ်အောင်လုပ်ထားတာမျိုးလုပ်သလို ဝန်ထုတ်ဝန်ပိုးကို ကျနော်တို့အပေါ် လွှဲချနိုင်တယ်။ ပြောချင်တာက လူထုကို ကျနော်တို့က ထောက်ပံ့ကူညီဖြစ်အောင်လုပ်တဲ့သဘောလည်းပါတယ်။ သူတို့မှာက သူတို့အင်အားက မြေပြင်စစ်ကူဆိုတာမရှိတော့ လေကြောင်းစစ်ကူနဲ့ လက်နက်ကြီးစစ်ကူတာတွေလုပ်တော့ လေကြောင်းနဲ့ကတော့ အတော်များများတိုက်ခိုက်တာပေါ့။”

မုန်းမြို့နယ်ထဲက ရေလဲကျေးရွာအတွင်းမှာရှိတဲ့ ဘုရားကျောင်း (၁) ကျောင်းနဲ့ နေအိမ်တွေလည်းပျက်စီးသွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ထွက်ပြေးချိန်မရအောင် ညအိပ်ချိန်မှာ

လုပ်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်ကလည်း ပြောပါတယ်။

“မနက် တနာရီ နှစ်နာရီထိုးတဲ့အချိန်တွေမှာ ဘယ်လိုအတွေးအခေါ်တွေနဲ့ပစ်လဲမသိဘူး။ ရွာသားတွေမနက်အိပ်တဲ့အချိန်ဆိုလာပစ်တယ်။ အဲဒီလိုမျိုးဟာတွေ အန္တရာယ်အရမ်းများတယ်။ ဘုန်းကြီးကျောင်းတွေကိုလည်း ပစ်မှတ်ထားတာ တွေ့ရတယ်။ မုန်းဘက်မှာဆို ဘုန်းကြီးကျောင်းတွေကိုပစ်တာ တွေ့ရတယ်။ လက်နက်ကြီးကျလို့ဗုံးကျလို့ ဘုန်းကြီးကျောင်းမှာဆို သံဃာတပါး ပျံလွန်တော်မူသွားတယ်။”

အရပ်သားပြည်သူလူထုကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မုန်းမြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးအနားကကျေးရွာပေါင်း (၉၅) ရွာက သောင်းနဲ့ချီတဲ့ ပြည်သူလူထုဟာ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကေအန်ယူက ကောက်ယူထးတဲ့ စာရင်းမှာတော့ ကျေးရွာ (၈၅) ရွာကထွက်ပြေးနေရတဲ့ ပြည်သူလူထုပေါင်း (၆၈,၄၀၃) ကျော်ရှိတယ်လို့လည်း ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင် စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်၊ နေစရာတွေ၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့

ကရင်လူ့အခွင့်ရေးအဖွဲ့အစည်းတွေကလည်း ပြောဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG