သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU တပ်မဟာ (၃) ဒေသ ကျေးရွာသား ၂,၄၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်


ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီက လက်နက်ကြီးပစ်တာကြောင့်ကော နှစ်ဘက်တိုက်ပွဲတွေကြောင့်ပါ စစ်ဘေးရှောင်ထွက်ပြေးနေကြရသူ ဒေသခံများ။ (အောက်တိုဘာ ၃၁၊ ၂၀၂၃/KNU)
ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီက လက်နက်ကြီးပစ်တာကြောင့်ကော နှစ်ဘက်တိုက်ပွဲတွေကြောင့်ပါ စစ်ဘေးရှောင်ထွက်ပြေးနေကြရသူ ဒေသခံများ။ (အောက်တိုဘာ ၃၁၊ ၂၀၂၃/KNU)

ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီက လက်နက်ကြီးပစ်တာကြောင့်ကော နှစ်ဘက်တိုက်ပွဲတွေကြောင့်ပါ ကျေးရွာပေါင်း ၅ ရွာက ဒေသခံ ၂,၄၀၀ ကျော်ဟာ အောက်တိုဘာလ ၃၀ ရက်နေ့က ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရပါတယ်။ အလားတူ တခြားရွာသားတွေမှာလည်း ကလေး ၄ ဦးပါအဝင် ဒေသခံ ၈ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်တွေဟာ တိုက်ပဲတွေဖြစ်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတဲ့အတွက် ဒေသခံ ၂,၄၀၀ ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပြည်သူတွေနေတဲ့ရွာတွေဖြစ်တဲ့ ကျောက်ကြီးပေါက်ကျေးရွာ၊ ဆမ်မန်းပေါက်ကျေးရွာ၊ သပြေညွန့်ကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ လေလံကုန်းကျေးရွာတို့ကို လက်နက်ကြီးနဲ့ထုပစ်တာပေါ့။ လက်နက်ကြီး၂ လုံးထုတော့ ထွက်ပြေးတာပေါ့။ အဲဒီရွာတွေက အရင်ကတည်းက အမဲရောင်နယ်မြေထဲကရွာတွေဆိုတော့ စစ်တွေထိုးလာရင်မနေရဲတော့ဘူး။ အဲဒီမှာက ရွာသားက ၂,၀၀၀ ကျော် အိမ်ခြေစုစုပေါင်းက ၃၂၉ အိမ်ရှိတယ်။”

အခုဆိုရင် ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေသလိုပဲ။ ကရင်ပြည်နယ်ဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေကလည်းရှိနေတာပါ။ ဒေသခံတွေကတော့ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

“သူတို့ကလည်း ရှမ်းပြည်ဘက်မှာ စစ်ကတအားထိုးနေတော့ ဒီဘက်ကို အကာကွယ်ယူတဲ့ပုံစံလည်းဖြစ်ချင်ဖြစ်မှာပေါ့။ ရွာသားတွေကတော့ ဒီဘက်ကိုစစ်ကြောင်းထိုးလာတာတို့၊ စစ်သားတွေပူးပေါင်းလာကြပြီဆို ရွာသားတွေက အရင်က ညောင်ပင်သာရွာမှာ စစ်ကြောင်းထိုးပြီး ဖမ်းသတ်ထားတာတော့ ကျနော်တို့ရွာနဲ့နီးတော့ စစ်ကြောင်းထိုးလာရင် အကုန်ထွက်ပြေးကြတယ်။”

အောက်တိုဘာလ (၃၀) ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဖြစ်တဲ့ ခမရ-၂၀ ဟာ ညောင်လေးပင်စခန်းကနေ ၁၂၂ မမ လက်နက်ကြီး၊ ၈၁-မမ လက်နက်ကြီးတွေနဲ့ အလုံး ၁၉ လုံး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများတွေဖြစ်တဲ့ ပျဉ်ရေကြီးကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ရေဖြူကန်ကျေးရွာ၊ ကောက်မဲ့သူ ရော်ဘာခြံ၊ ညောင်ပင်ကြီးကျေးရွာ မီးလောင်ကုန်းကျေးရွာတွေအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံကလေး ၄ ဦးအပါအဝင် လူ ၈ ဦးဒဏ်ရာရခဲ့ပြီး ဒေသခံတွေကတော့ ဘေးလွတ်ရာကိုထွက်ပြေးနေကြရပါတယ်ရှင်။

XS
SM
MD
LG