သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU တပ်မဟာ (၃) နယ်မြေ လေကြောင်းတိုက်ခိုက်မှု ဒေသခံတဦး သေဆုံး


KNU တပ်မဟာ ၃ ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ထိမှန်ထားတဲ့ နေအိမ်။ (ဓာတ်ပုံ KNU/ နိုဝင်ဘာ ၄၊ ၂၀၂၃)
KNU တပ်မဟာ ၃ ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ထိမှန်ထားတဲ့ နေအိမ်။ (ဓာတ်ပုံ KNU/ နိုဝင်ဘာ ၄၊ ၂၀၂၃)

ကေအန်ယူတပ်မဟာ (၃) ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းမှာပဲ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ရွာသားတဦးသေဆုံး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဒီအတွက် ကျေးရွာပေါင်း ၁၄ ရွာက လူ ၈,၀၀၀ လောက် ထွက်ပြေးနေရပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကေအန်ယူတပ်မဟာ (၃) ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေကလေကြောင်းကနေ ပစ်ခတ်တာရော လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာတွေကြောင့် ဒေသခံတဦးသေဆုံးပြီး တချို့ထိခိုက်ဒဏ်ရာတွေရကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ခလရ-၂၆၄ ပိန်းဇလုပ်အခြေစိုက်တပ်စခန်း၊ ခမရ-၄၃၉ က ညွတ်ကွင်းအခြေစိုက်တပ်စခန်းတို့က စစ်ကြောင်းထိုးလာတာပေါ့။ သူတို့စစ်ကြောင်းထိုးလာချိန်နတ်သံကွင်း၊ လည်ပတ်၊ ဆိပ်ကြီးစခန်းတွေကနေ လက်နက်ကြီးနဲ့ပစ်ကူတာပေါ့။ ခမရ ၄၃၉ က လက်နက်ကြီးနဲ့ပစ်ပေးတော့ အုန်းရှစ်ကုန်းတို့ ရေတွင်းကုန်းတို့ သောင်ကြီးကျေးရွာတွေကို လက်နက်ကြီးကျတယ်။ အဲဒီမှာ ဝက်တူးအနောက်ကျေးရွာကိုလည်း ကျတယ်။ သံဃာတပါး ကျည်ဆံထိတယ်။ နောက်ညနေ ၅ နာရီ ၄၀ ကျော်မှာ ဝက်တူးကျေးရွာကိုလည်း ဂျက်လေယာဉ်နဲ့လာပစ်သေးတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ကတော့ ခမရ-၃၀၇ ရွှေဝါတပ်ရင်းကနေ ကျေးရွာတွင်းကို လက်နက်ကြီး (၁၂၂မမ) နဲ့ပစ်ခတ်တာ ကင်မွန်းခြုံကျေးရွာမြောက်ဘက် ပျဉ်းမပင်ကျေးရွာကိုကျလို့ အဲဒီရွာသားတဦး သေတယ်။ အသက် ၄၅ လောက်ရှိတယ်။ တီးသေးဝါး သူက ကရင်လူမျိုးပါပဲ။”

နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး ထွက်ပြေးရတဲ့ကျေးရွာတွေ ၁၄ ရွာလောက်ရှိတယ်လို့လည်း ဆိုပါတယ်။

“ပြေးရတဲ့ကျေးရွာတွေကတော့ ရေလဲရွာ သောင်ကြီးရွာ၊ ကျီးပင်ပေါက်ရွာ၊ ရေလဲရွာ (ဗမာ)၊ ဝက်တူးရွာ၊ သင်္ကန်းပင်ရွာ၊ ပျဉ်းမပင်ရွာ၊ ဥသျှစ်ကုန်းကျေးရွာ၊ ရေတွင်းကုန်းကြီးကျေးရွာ၊ သပြေကုန်းကျေးရွာ၊ ကင်မွန်းခြုံ၊ ဝက်တူး (အနောက်ရွာ )၊ ပျဉ်းမပင်ရွာ၊ ကွေ့တန်းရှည်ရွာ ကျေးရွာပေါင်း ၁၄ ရွာရှိတယ်။ လူကတော့ စုစုပေါင်း ၈,၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။”

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူစောလားကပေါ်က အခုလိုပြောပါတယ်။

“တပ်မဟာ ၃ မှာဆို လက်နက်ကြီးနဲ့ဆက်တိုက်ပစ်တယ်။ အဲဒီမှာ လက်နက်ကြီး ၅ ကြိမ်လောက်ပစ်ရင် လေယာဉ်ကတော့ ၂ ကြိမ်လောက်ပါတာပဲ။”

အခုဆိုရင် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာဒေသတွေမှာ စစ်ဘေးရှာင်ဒုက္ခသည် ၇ သိန်းကျော်ရှိနေပြီး ထပ်ပြီးတော့လည်း တိုးလာနေတယ်လို့လည်း စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေက ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG