သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဖလူးစခန်းကို သိမ်းပိုက်လိုက်ကြောင်း KNU ပူးပေါင်းတပ်ဖွဲ့ ကြေညာ


ဖလူးတပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ (မတ် ၁၁၊ ၂၀၂၄)
ဖလူးတပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ (မတ် ၁၁၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ဖလူးတပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက မတ်လ ၁၁ ရက်၊ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ဒေသခံကျေးရွာသားတွေ ထောင်နဲ့ချီပြီး သောင်ရင်းမြစ်အနီးကသဲသောင်တွေထိ ထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေအေးမာကသတင်းပေးပို့ထားပါတယ်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းဖြစ်တဲ့ ဖလူးတပ်စခန်းကို တော့ မတ်လ ၁၁ရက်ညက ကော်ဘရာစစ်ကြောင်း ၂ ဗီနွန်စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကခေါင်းဆောင်တဦးကပြောပါတယ်။

"ဖလူးကိုဝင်တိုက်တာနဲ့ သေနတ်ပေါက်တာက သိပ်မကြာဘူး သူတို့က(စကစ)က ဆုတ်ပြေးတာပဲ၊ခုခံတိုက်မယ် စခန်းမကျရေးအသေခံတိုက်မယ်ဆိုပြီးတော့ စိတ်ဓါတ်မျိုးလည်းမရှိတော့ဘူး မလုပ်တော့ဘူး ကျနော်တို့က တိုက်တာ ၅ မိနစ် ၁၀ မိနစ်လောက်ပဲတိုက်ရတယ် စခန်းကို အလုံးစုံဝင်စီးနင်းနိုင်ခဲ့ပါတယ်"

စစ်ကောင်စီ မြေပြင်တပ်တွေက မခုခံနိုင်တာကြောင့် လေကြောင်းကနေ တနေ့လုံး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆက်ပြောပြပါတယ်။

"သူတို့(စကစ)ကတော့မနက် ၉ နာရီကနေ ည ၉ နာရီအထိကိုလေယာဉ်နဲ့အကြီးအကျယ်ပဲဗုံးတွေကြဲတော့တာပဲ၊ အနီးအနားကရွာတွေ မင်းလက်ပံတို့တွေလည်းထွက်ပြေးနေရတယ် ၊အဲဒီမှာသွပ်မိုးမြင်တဲ့နေရာတိုင်းကို ဗုံးကိုကြဲတော့တာပဲ၊ ရွာတော့ထိခိုက်တယ်လို့သိရပါတယ်"

သင်္ကန်းညီနောင်နဲ့ဖလူးစခန်း၊ ခမရ ၃၅၅ စခန်းတွေက ဆက်တိုက်ဆုတ်ခွါခဲ့ပြီး လေကြောင်းသုံးတိုက်ခိုက်တဲ့အတွက် အနီးနားကကျေးရွာတွေက ပြည်သူတွေ ၄ ထောင်ထက်မနည်းထွက်ပြေးနေရပြီး သောင်ရင်းမြစ်ဘေးက စစ်ဘေးရှောင်စခန်းကိုရောက်လာသူ မနက်ပိုင်းထိ၉၀၀လောက်ရှိတယ်လို့လည်းစစ်ဘေးရှောင်တွေကိုအကူညီပေးနေသူတဦးကလည်းပြောပါတယ်။

"အားလုံးပေါင်းလူက ၉၀၀နီးပါးလောက်ရှိတယ် ကမ်းစပ်မှာတဲတွေထိုးပြီးသောင်ပြင်မှာပဲ ကျနော်တို့က ဆန်နဲ့ ဆီ ငါးခြောက် ကြက်သွန်ဖြူနီ နဲ့အသီးအရွက်တွေကိုတော့သွားပို့ထားတယ်။ စစ်ရှောင်စခန်းဘက်လာတဲ့သူတွေပဲ တချို့လူတွေကလည်း သောင်ရင်းမြစ် နားအစပ်တွေမှာရှိတယ် ၊ထိုင်းဘက်ခြမ်းကိုတော့ သူတို့ကူးလာလို့မရဘူး"

မတ်လ ၇ ရက်နေ့ကစပြီး မြ၀တီခရိုင်၊ သင်္ဃန်းညီနောင်မှာရှိတဲ့ ခြေမြန်တပ်ရင်း (ခမရ-၃၅၅)စခန်းကို KNLA-ကရင် အမျိုးသားလွတ်မြောက်ရေးတပ်နဲ့PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းခဲ့ပါတယ်။စစ်ကောင်စီဘက်ကတော့ ဖလူစခန်းအခြေအနေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး၊ နှစ်ဖက်တိုက်ပွဲကြောင့် အခုဆိုရင် ပလောတပိုး၊ တောင်ယာကြီး၊ ကြို့ပင်၊ ဘုရားကုန်း၊ ကွီးညာမု၊ ကဆော်ဝါးလေး၊ ပလောတပိုး ရွာဟောင်း စတဲ့နေရာက ဒေသခံ ၂၄၀၀ နီးပါးကတော့ စစ်ဘေးရှောင်တဲ့စခန်းဆီကိုရောက်ရှိလာခဲ့ပြီး အခုအချိန်ထိလည်း ထွက်ပြေးလာနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG