သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ဗဟိုကော်မတီနဲ့ ကရင်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှင်းလင်း


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုပြန်လည်သုံးသပ်တဲ့ဆွေးနွေးပွဲ (ကရင်အမျိုးသားမီဒီယာ)
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုပြန်လည်သုံးသပ်တဲ့ဆွေးနွေးပွဲ (ကရင်အမျိုးသားမီဒီယာ)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ကြတဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ဗဟိုကော်မတီဝင်များနဲ့ ကရင်ပါတီက ခေါင်းဆောင်တွေကရင်လူထုအခြေပြုအဖွဲ့အစည်းတွေ ခေါင်းဆောင်၈၀ စုပေါင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုပြန်လည်သုံးသပ်တဲ့ဆွေးနွေးပွဲကို ဇွန်လ ၁၂ရက်နေကစပြီး ၁၀ရက်ကျော်ကြာ ကေအန်ယူရဲ့ လေးဝါးစခန်းပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အချိန်ယူလုပ်ကိုင်ရမှာဖြစ်တဲ့အတွက် အားနည်းချက်တွေရှိနေသေး ကြောင်း သုံးသပ်ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်က ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်တွေနဲ့ ကရင်ပါတီက ခေါင်ေးဆာင်တွေ ကရင်လူထုအခြေပြုအဖွဲ့အစည်းက ခေါင်းဆောင်တွေ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေက မြန်မာအစိုးရ၊ မြန်မာတပ်မတော်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလံုံးပါဝင်ပြီး တည်ဆောက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေဟာ အချိန်ယူဖိုလိုသေးတဲ့ အတွက်အားနည်းချက်တွေရှိတဲ့ အကြောင်း သုံးသပ်တွေ့ရှိခဲ့ရတာလို့ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒုဥက္ကဌ ဖဒိုကွယ်ထူးဝင်းကဆိုပါတယ်။

“NCA ကိုအကောင်အထည်ဖော်ဖို့အတွက် လုပ်ငန်းကော်မတီတွေကို ဖွဲ့စည်းထားတာရှိတယ် NCA ရဲ့ပြဌာန်းချက်ပေါ့နော်။ အကုန်လုံး ကျနော်တို့ပြန်သုံးသပ်တယ်၊ ကျနော်တို့ကတော့ ငြိမ်းချမ်းပြီးတော့ အမျိုးသားပြန်လည်သုံးသပ်ရေးရည်ရွယ်ချက်နဲ့ ကျနော်တို့ဆောင်ရွက်တာကတော့ နိုင်င့ရေးရှေ့ဆက်ဆွေးနွေးတဲ့အကြောင်းအရာကိစ္စတို့ ၊ ဆွေးနွေးပုံဆွေးနွေးနည်း ရက်သတ်မှတ်တာတို့ ဒီအပေါ်မှာ အားနည်းချက်ရှိတယ်လို့ မြင်တယ်လေ။ နိုင်ငံရေးဆွေးနွေးပွဲဆိုတာက ပြေပြေလည်လည် ရှင်းပြရမယ့်ကိစ္စဆိုတော့ချိန်က မလုံမလောက်တဲ့အပေါ်မှာ ရလဒ်ထွက်လာဖို့ဆောင်ရွက်တဲ့အတွက်ကြောင့်လည်း အားလုံးက ကျေနပ်နိုင်တဲ့အခြေအနေမရှိဘူးလို့ ကျနော်ကတော့ အဲဒီလိုပြန်သုံးသပ်တယ်။ တကယ့်ငြိမ်းချမ်းရေးအောင်မြင်စေချင်တဲ့ ဆန္ဒနဲ့ ကျနော်တို့ တင်ပြခြင်းဖြစ်ပါတယ်။ ကျနော်တို့ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေရော၊ အစိုးရရော၊ လွှတ်တော်ရော ၊ နောက်ပြီးတော့ သက်သေအဖြစ်ထိုးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရော အကုန်လုံးမှာ တာဝန်ရှိကြတယ်လေ။”


၂၀၁၂မှာမြန်မာအစိုးရနဲ့ ပြည်နယ်အဆင့်ပြည်ထောင်စုအဆင့် ချုပ်ထားတဲ့ အပစ်ရပ်စာချုပ်တွေ ၂၀၁၅မှာ ချုပ်ထားတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်စာချုပ်
၂၀၁၅မှာပဲ NCA အဲဒီ စာချုပ်တွေနဲ့ ပတ်သက်လို့ သုံးသပ်တဲ့ဆွေးေွနွးပွဲကိုလုပ်ခဲ့ရာမှာ ကရင်ပြည်နယ်တွင်းမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ကိုင်ရာမှာ အဆင်ပြေမူတွေရှိပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးအတွက် ပိုမိုကောင်းမွန်တဲ့အခြေအနေတွေ ရောက်အောင် ကေအန်ယူအနေနဲ့ တွန်းအားပေးလုပ်ဆောင်နေရတာဖြစ်တယ် လို့လည်းပြောပါတယ်။

“NCA ကိုအကောင်အထည်ဖော်ဖို့ဆိုတာက ကျနော်တို့ဒီ ယန္တယားတွေက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်လုပ်တဲ့အပိုင်းတို့၊နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ အပိုင်းတွေက အစုအဖွဲ့တွေ ၊ ယန္တယားတွေ လုပ်ငန်းကော်မတီတွေရှိတယ်။ သို့သော်လည်းပဲ ကျနော်တို့ ဆွေးနွေးတဲ့နေရာမှာ အားနည်းချက်တွေရှိတယ်။ ညှိနှိုင်းတယ်ဆိုတာက ၁ ဖက်နဲ့ ၁ ဖက် နားလည်မှုရှိရှိနဲ့ ၂ ဖက်လက်ခံနိုင်တဲ့အပိုင်းတွေကိုရောက်ဖို့အတွက် ကျနော်တို့ ညှိနှိုင်းအဖြေရှာတာဖြစ်တယ်။ ညှိနှိုင်းရန်ရှာတဲ့သဘောမျိုးတော့မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ နိုင်ငံက လက်နက်ကိုင် ပဋိပက္ခ စစ်ပွဲက ကြာလာတဲ့အခါမှာ တဖက်နဲ့တဖက် ယုံကြည်မှုအားနည်းလာတာတို့ သံသယရှိမှုတွေကလည်း ဒါတွေကို ကျနော်တို့ ရင်ဆိုင်နေရတဲ့အပေါ်မှာ ၂ ဖက်စလုံးကနေပြီးတော့ ဒီပြဿနာကို ညှိနှိုင်းဖြေရှင်း ရမယ်ဆိုတော့ အချိန်ယူပြီးတော့ တဖက်နဲ့ တဖက်ပေါ့နော် အပေးအယူမျှမျှတတနဲ့ ဘုံသဘောရပ်တည်ချက် ရဖို့လိုအပ်တယ်။ နောက်တခုကတော့ တဖက်နဲ့ တဖက် တန်းတူ ဆက်ဆံမှုအပိုင်းတွေပေါ့နော် ၊ အဲလိုသဘောထားတွေလည်းရှိတော့ ဒီအားနည်းချက်တွေရှိလာတာကို ကျနော်တို့ဒါတွေကို ဖြေရှင်းတဲ့အပိုင်းမှာ အနည်းငယ် အားနည်းနေသေးတဲ့အပေါ်မှာ ကျနော်တို့ ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တခု ပေါ်လာဖို့အတွက် ဆောင်ရွက်ရမှာက ကျနော်တို့ အားလုံးမှာတာဝန်ရှိလာတဲ့အပေါ်မှာ ကျနော်တို့သုံးသပ်တင်ပြပါတယ်။”

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မူ ရပ်ရေးသဘောတူစာချုပ် NCA ကို တခြားလက်နက်ကိုင် ၇ဖွဲနဲ့ အတူ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့ က လက်မှတ်ရေးထိုးထားခဲ့ပါတယ်။ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ခုနှစ်မှာ စတင်ဖွဲစည်းခဲ့ပြီး အမျိုးသားတန်းတူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် နှစ်ရှည်ကြာစွာ လက်နက်ကိုင် တိုက်ခဲ့ပြီး တပ်ပေါင်းစုတွေ ကိုဦးဆောင်ခဲ့တဲ့ အင်အားကြီးတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ကျော်အကြာ မှာတော့ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG