သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေလွတ်မြေရိုင်းဥပဒေဖျက်သိမ်းဖို့ KNU တောင်းဆို


ရွှေလီမြစ်ကမ်းနံဘေး တောတောင်များကို တွေ့ရစဉ်
ရွှေလီမြစ်ကမ်းနံဘေး တောတောင်များကို တွေ့ရစဉ်

ထပ်မံပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုပြဌာန်းထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းစဉ်မှာ အတားအဆီးဖြစ်နေတယ်လို့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။ ဒါ့အပြင် တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ချုပ်ဆိုထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်တွေကိုလည်း ဒီဥပဒေက ချိုးဖောက်နေတဲ့အတွက် ပယ်ဖျက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

NLD အစိုးရလက်ထက်မှာ ပြင်ဆင်ဖြည့်စွက်ပြီးတော့ ပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေက ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုထိခိုက်နိုင်သလို NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ တပ်မတော်ကြား သဘောတူညီထားတဲ့ ဒေသခံများရဲ့ မြေယာတွေကို အတင်းအဓမ္မသိမ်းပိုက်ခြင်းနှင့် လွှဲပြောင်းခြင်းမပြုဆိုတဲ့ အချက်တွေကို ချိုးဖောက်နေတယ်ဆိုပြီး ဒီဥပဒေကို ပယ်ဖျက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ကတောင်းဆိုလိုက်တာပါ။

အဲဒီ ပြင်ဆင်ထားတဲ့ ဥပဒေအရဆိုရင် မိမိလုပ်ကိုင်နေတဲ့ မြေလွတ်၊ မြေရိုင်းကို ဆက်ပြီးလုပ်ကိုင်ခွင့်ရဖို့ ဥပဒေပြဋ္ဌာန်းတဲ့ရက် ကနေ ခြောက်လအတွင်း မြေနဲ့ပတ်သက်တဲ့အချက်အလက်တွေကို တင်ပြရမှာဖြစ်ပါတယ်။ နောက်ဆုံးသတ်မှတ်ရက် ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်အထိ တင်ပြတာမျိုး မလုပ်ဘူးဆိုရင် ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ငွေဒဏ်၊ ထောင်ဒဏ်တွေ ချမှတ်ခံရမယ့် အလားအလာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရက ပြင်ဆင်လိုက်တဲ့ မြေယာဥပဒေက အရင်အစိုးရအဆက်ဆက် ကျင့်သုံးနေတဲ့ ဗဟိုချုပ်ကိုင်မှုပုံစံ အတိုင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ မြေယာမူဝါဒနဲ့ ကိုက်ညီမှုမရှိကြောင်း၊ ဌာနေတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေး ပြီးတော့ ဖက်ဒရယ်စံချိန်စံညွှန်းတွေကိုလည်း အလေးထားတာမျိုးမရှိတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ထိခိုက်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက ပြောပါတယ်။

“အဓိကတော့ ပေါ်လစီပိုင်းဆိုင်ရာ ကျွန်တော်တို့ ညှိရမယ့် ကိစ္စဖြစ်တာပေါ့နော် အဓိကတော့ ဒီနိုင်ငံ အတွက် ကျွန်တော်တို့တိုင်းရင်းသားတွေ ဒီနိုင်ငံမှာနေတဲ့ ပြည်သူလူထုတွေအားလုံးနဲ့ကိုက်ညီတဲ့ မြေယာဥပေဒေတစ်ခုတော့ ကျွန်တော်တို့ အားလုံးလက်ခံနိုင်တဲ့ ပုံစံနဲ့ ကျွန်တော်တို့ ဆွေးနွေးကြရ မှာဖြစ်တယ်ပေါ့နော်။ ဆိုတော့ အခုထုတ်တဲ့ ဥပဒေအရ ကျွန်တော်တို့ရှေ့ဆက် ကျွန်တော်တို့ တည်ဆောက်မယ့် အနာဂတ်ဖက်ဒရယ်နဲ့ကတော့ ကိုက်ညီမှုကတော့ မဖြစ်နိုင်ဘူးပေါ့နော်။ ဆိုတော့ ဒါတွေက ကျွန်တော်တို့လက်ခံလို့မရတဲ့ ပုံစံဖြစ်တာပေါ့နော်။”

မြေလွတ်၊ မြေရိုင်း အသုံးချချင်သူတွေအနေနဲ့ ဥပဒေအတည်ပြုပြီး ခြောက်လအတွင်း မှတ်ပုံတင်ရမယ်၊ လျှောက်ထားဖို့ ပျက်ကွက်ရင် ထောင်ဒဏ်နှစ်နှစ်နဲ့ ဒဏ်ငွေပေးဆောင်ရမယ်လို့ မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးဗဟိုကော်မတီက ၈ လပိုင်း ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ အသိပေး အကြောင်းကြားထားပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေက ရှိရင်းစွဲဥပဒေတွေကို မလေ့လာသလို ၂၀၁၆ မြေအသုံးချမှု ပေါ်လစီနဲ့လည်း လုံးဝ ဆန့်ကျင်နေတဲ့အတွက် ဒီမြေလွတ်မြေရိုင်းစီမံခန့်ခွဲတဲ့ဥပဒေကို ပြန်ပြီးသုံးသပ်သင့်တယ်လို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ ကပြောပါတယ်။

“အဓိက ကျွန်တော်တို့ပြောလိုတာ ဥပဒေကြမ်းကော်မတီတို့၊ လွှတ်တော်တို့က ဒီဟာတွေကိုချမှတ်တဲ့နေရာမှာ ကိုယ်လုပ်ထားခဲ့ တဲ့ ပေါ်လစီတွေနဲ့ အကြောင်းညီညွှတ်ဖို့တော့လိုတယ်ပေါ့နော်၊ အဲဒါတစ်ချက်၊ သူတို့လွတ်သွားတယ်လို့ ကျွန်တော်မြင်တယ်။ အုပ်ချုပ်ရေးပိုင်းပြင်ဆင်မှုကျတော့ ဒီလိုမျိုး ၆ လအတွင်း မလုပ်ရင် (မှတ်ပုံမတင်ရင်) ဖျက်မယ်ဆိုရင် သူ့ဘက်ကလည်း အဆင်သင့်ဖြစ်ထားဖို့လိုတယ်။ ဒါကျွန်တော်အစိုးရရဲ့ လုပ်ငန်းလည်ပတ်ပုံကို ထောက်ပြချင်တာ။ အဲဒါဘာလဲဆိုရင် သက်ဆိုင်ရာ မြေယာကော်မတီအဆင့်ဆင့်ကိုဖွဲ့ပြီးပြီလား အဲဒီမေးခွန်းမေးချင်တယ်။ ပြည်နယ်တွေမှာ ဘာမှမဖွဲ့ထားဘူးဗျ။ လူအင်အားလည်း မရှိဘူး ဝန်ထမ်းအင်အားလည်းမရှိဘူး။ အဲဒါနဲ့တင် လူတွေကို သောင်းချီပြီးတော့မှ တပြိုင်နက်တည်း မှတ်ပုံတင်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး သူတို့လည်းမလုပ်နိုင်ဘူး။ မြေတိုင်းစာရေးတွေလည်း မသွားနိုင်ဘူး။ အဲဒီတော့ မလုပ်နိုင်တဲ့ဟာကို ဘာဖြစ်လို့ အာဏာမသက်ရောက်နိုင်သောဥပဒေကြီးကို ဇွတ် ပြဋ္ဌာန်းသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ သူတို့ပြန်လည် သုံးသပ် ရမယ်၊ မသုံးသပ်ဘဲနဲ့ ဒါကြီးကို လိုတဲ့အချိန်ကျမှ ကောက်ပြီး ဒုက္ခပေးဖို့လုပ်ရင်တော့ ပြဿနာ သေချာပေါက်တက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး peace process တွေ ကျွန်တော်တို့ national reconciliation အကုန်လုံးကြည့်ရတော့မယ်။ နောက်တစ်ခါ EAO (လက်နက်ကိုင်အဖွဲ့တွေ) ထိန်းချုပ်နယ်မြေနဲ့ EAO ထိန်းချုပ်နယ်မြေမဟုတ်တဲ့ဟာတွေ ဥပမာ ကချင်ရယ် ရှမ်းရယ် ကရင်နီတို့ ဒီပြဿနာ ဘယ်လိုဖြေရှင်းမလဲ ဥပဒေတပြေးညီတည်းမသွားဘူး။ ရှိတဲ့နေရာပဲ ရှိသလိုလုပ်မယ်ဆို နည်းနည်းခက်တယ်။”

စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့ဲတဲ့ အရင်ကာလတွေက မြေလွတ်မြေရိုင်းကိစ္စကို အမိန့်ညွှန်ကြားချက်နဲ့ ကိုင်တွယ်ခဲ့တာဖြစ်ပြီး အဲဒါကိုပဲ ၂၀၁၂ မှာ ဥပဒေအနေနဲ့ပြဋ္ဌာန်းခဲ့တာပါ။ ပြစ်ဒဏ်သတ်မှတ်ချက်တွေ ထည့်သွင်းထားတဲ့ ပြင်ဆင်ထားတဲ့ဥပဒေကိုတော့ NLD အစိုးရလက်ထက် ၂၀၁၈ စက်တင်ဘာ ၁၁ မှာ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက ၄၅ သန်းရှိပြီး ၈၂ ရာခိုင်နှုန်းဟာ တိုင်းရင်းသားဒေသတွေက ဖြစ်တယ် လို့ လယ်ယာမြေစီမံခန့်ခွဲမှုနဲ့ စာရင်းအင်းဌာနရဲ့ အချက်အလက်တွေအရ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG