သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ဒေသထဲပါတဲ့ ကွတ်ခိုင်ဘက်မှာ တပ်နဲ့ TNLA ကြားတိုက်ပွဲဖြစ်


TNLA တအာင်း ပလောင်တပ်ဖွဲ့
TNLA တအာင်း ပလောင်တပ်ဖွဲ့

[Zawgyi/Unicode]

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီးမှာ ဒီကနေ့မနက်က အစိုးရ တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တရုတ်မြန်မာ ကုန်သွယ်ရေးလမ်းမကြီးမှာ အသွားအလာတွေ ယာယီရပ်ဆိုင်းသွားတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ဒီတိုက်ပွဲဟာ COVID-19 ကပ်ရောဂါဖြစ်ပွားနေတာကြောင့် နှစ်ဘက်စလုံးက အပစ်ရပ်ကြေညာထားချိန်မှာ ဒုတိယအကြိမ်ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက VOA ကို အခုလို ပြောပါတယ်။

“ဒီကနေ့မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ အပစ်အခတ်ကတော့ ရှိတယ်။ ယာဉ်တန်းကို လုံခြုံရေးဆောင်ရွက်နေတဲ့ ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်တာပေါ့။ မိုင်းခွဲတိုက်ခိုက်တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်။ ကားတော့ အနည်းငယ်ထိခိုက်ခဲ့တယ်။ ကျန်တာတော့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။”

TNLA ခေါ် တအာင်းပလောင်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်က ဒီနေ့ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဒီမနက် ၁၀ နာရီလောက်မှာ မြန်မာစစ်တပ်က မူဆယ်ဘက်ကနေ လာတာပေါ့နော်။ စစ်ယာဉ်တန်းနဲ့လာတယ်။ လာပြီးမှ ဒီ နမ့်ကွတ်နား ရောက်တော့ ကျနော်တို့ တပ်က ပြည်ထောင်စုလမ်းမကြီး ဟိုဘက် ဒီဘက် ကူးတဲ့အချိန် အဲဒီမှာ နှစ်ဘက် ထိပ်တိုက်တိုးတော့ တိုက်ပွဲဖြစ်ပွားတာ။ တိုက်ပွဲက ၁၁ နာရီ ကျော်ကျော်လောက်မှာ ငြိမ်သွားပါတယ်။”

ဒီတိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ ထိခိုက်မှု မရှိကြောင်းလည်း ပြောပါတယ်။

လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကွတ်ခိုင်မြို့ကနေ ယာဉ်အဝင်အထွက်တွေကို တားမြစ်ထားကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦး က နေ့ခင်း ၁ နာရီလောက်ပြောပါတယ်။

“တိုက်ပွဲဖြစ်တော့ ဘယ်သွားလို့ ရမလဲ။ လောလောဆည် ခဏ တိုးဂိတ်မှာ ပိတ်ထားတာပေါ့။ သွားရင် အန္တရာယ်ဖြစ်မှာ စိုးလို့လေ။ လက်ရှိလည်း ပိတ်နေတုန်းပဲ ခင်ဗျ။ ကျနော်တို့က COVID နဲ့ ခေါင်းရှုပ်နေတာ။ နောက်ထပ် ခေါင်းရှုပ်စရာတစ်ခု ထပ်ပေါ်လာတာပေါ့ဗျာ။”

အစိုးရ တပ်မတော်ဘက်က COVID-19 ရောဂါ မြန်မြန်ဆန်ဆန်တိုက်ဖျက်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိတဲ့နေရာမှ အပ ကျန်ဒေသတွေကို မေလ ၁၀ရက်နေ့ကနေ သြဂုတ်လ ၃၁ရက်နေ့အထိ အပစ်ရပ်ကြောင်း ကြေညာထားသလို MNDAA ကိုးကန့်၊ TNLA တအာင်းပလောင်နဲ့ AA ရခိုင်အဖွဲ့ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေကလည်း မေလ ၃ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ တဘက်သတ်အပစ်ရပ်ကြောင်း ကြေညာထားတာပါ။

ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်းကတော့ COVID-19 ရောဂါ ဖြစ်ပွားနေချိန်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထားဖို့ အခုလို တိုက်တွန်းပါတယ်။

“COVID ဒီရောဂါဖြစ်နေတဲ့အချိန်မှာ ရောဂါအတွက် စိတ်ပူတာက တစ်မျိုး၊ အဲဒီတဒုန်းဒုန်း တဒိုင်းဒိုင်းဖြစ်နေတာက တစ်မျိုးဆိုတော့ ပြည်သူလူထုတွေက ပိုပြီးတော့ စိတ် ဘယ်ချမ်းမြေ့မလဲဗျာ။ မသွားရဲ၊ မလာရဲ ဖြစ်နေတဲ့အချိန်မှာ စစ်ပွဲက ပြန်ဖြစ်တယ်ဆိုတာ မကောင်းဘူးပေါ့ဗျာ။ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဘယ်အဖွဲ့ဖြစ်ဖြစ်ဗျာ။ ဘယ်အဖွဲ့ဖြစ်ဖြစ် ထိန်းသိမ်းသင့်တာပေါ့။ ဒါတွေက။”

TNLA အပါအဝင် မဟာမိတ်အဖွဲ့တွေအနေနဲ့ မေလ ၃၁ ရက်မှာ အပစ်ရပ်သက်တမ်းကုန်ဆုံးသွားရင် ရက်ထပ်မံ တိုးမြှင့်ဖို့ကိုလည်း ဦးအိုက်မွန်းက တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ TNLA အကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ လတ်တလာအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်ဘက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတွေ ရှိနေပြီး၊ ဒီရက်ပိုင်းအတွင်း မူဆယ်မြို့မှာ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေ ရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG