သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် အပစ်ရပ်ကြေညာချက်အပေါ် အကဲခတ်တွေ မေးခွန်းထုတ်


ရခိုင်ပြည်နယ်တွင် လုံခြုံရေးယူနေသည့် မြန်မာ့တပ်မတော်သားများ။
ရခိုင်ပြည်နယ်တွင် လုံခြုံရေးယူနေသည့် မြန်မာ့တပ်မတော်သားများ။

(Zawgyi / Unicode)

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ ၄ လနီးပါး တဖက်သတ် အပစ်အခတ် ရပ်စဲထားဖို့ တပ်မတော်က ကြေညာလိုက်တာဟာ ငြိမ်းချမ်းရေးအတွက် လမ်းစဖြစ်နိုင်သလားဆိုတဲ့ အကဲခတ်တွေရဲ့အမြင်ကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ ရောဂါထိန်းချုပ် ကာကွယ်ကုသရေး အထောက်အကူ ဖြစ်စေဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဒီကနေ့ မေလ ၁၀ ရက်နေ့ကစပြီး သြဂုတ်လ ၃၁ ရက်နေ့အထိ တိုက်ခိုက်မှုတွေ ရပ်စဲမယ့်အကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့တုန်းကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့်လည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားတဲ့ လက်နက်ကိုင်တွေရှိရာ နယ်မြေတွေမှာ သက်ရောက်မှုရှိမှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

ဒီအတွက်လည်း အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက နယ်မြေတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နယ်မြေတွေ မပါဝင်ဘဲ တဖက်သတ် အပစ်ရပ် ကြေညာတာဟာ လက်တွေ့ အလုပ်ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့လို အကဲခတ်တွေက မေးခွန်းထုတ်နေကြပါတယ်။

“COVID-19 ဖြစ်နေချိန်မှာရော ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းမှာရော ဒီလို အပစ်အခတ်ရပ်စဲရေး ကြေညာတာကို ကောင်းမွန်တဲ့ ခြေလှမ်းတခုလို့ မြင်ပါတယ်ဗျ။ သို့သော်လည်းပဲ ဒီ အပစ်အခတ်ရပ်စဲရေးဟာ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲ့တော့ လက်ရှိအခြေအနေမှာ တကယ်တော့ တိုက်ပွဲတွေ စစ်ရေးလှုပ်ရှားမှုတွေ အများဆုံး ဖြစ်နေတာက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်တဲ့အခါကျတော့ အဲ့ဒီ့ တိုင်းရင်းဒေသ ၂ ခုကိုပါ လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။

“အဲ့သလိုဖြစ်မှသာလျှင် ဒီအပစ်အခတ်ရပ်စဲရေးဟာ တကယ်ထိရောက်ပြီး တကယ်အလုပ်ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်လာလိမ့်မယ်လို့ မြင်တယ်။ အဲ့ဒီ့တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နောက် တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ နောက် အဓိကကျတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အဲ့ဒီ့က ခေါင်းဆောင်တွေအားလုံး မျက်နှာစုံညီတွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ နည်းလမ်းရှာသင့်တယ်။ ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်နိုင်အောင် ဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်။”

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေကို ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သာမက မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းထားကြတာပါ။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ မတ်လ ၂၃ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို ရည်ညွှန်း ဖော်ပြခဲ့ပါတယ်။

ရခိုင်အမျိုးသားကောင်စီ (ANC) အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်ကတော့ တပ်မတော်ရဲ့ တဖက်သတ် ကြေညာချက်ဟာ နိုင်ငံတကာ ဖိအားတွေကို ရှောင်လွဲှဖို့ ကြိုးပမ်းတဲ့လုပ်ရပ် အဖြစ်နဲ့သာ ရှုမြင်ပါတယ်။

“မနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ပုံစံမျိုးပေါ့လေ။ အဓိကကတော့ သူတို့ဘက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို လုပ်ကြဖို့ဆိုတဲ့ မိန့်ခွန်းကို ကိုးကားပြီးမှ ရေးထားတယ်။ အဲ့ဒါက ဘာလဲဆိုတော့ နိုင်ငံတကာဖိအား သက်ရောက်လာမှုကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့လို့ ကျနော်က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလရဲ့လက်အောက်ခံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ WHO ဝန်ထမ်း မင်းပြားမြို့နယ် ရာမောင်တံတားနားမှာ ပြီးခဲ့တဲ့လက ကိုဗစ်စစ်ဆေးတာတွေကို သွားယူရင်း ပစ်ခတ်ခံလိုက်ရတာကို ကုလကလည်း စုံစမ်းပေးဖို့ တောင်းဆိုထားတာလည်း ရှိတော့ ဒီအပစ်အခတ်ရပ်စဲရေးကို သုံးလာတာ ရပ်စဲပေးလိုက်ဆိုတဲ့ သဘောမျိုး သဘောထားကို ပြတဲ့သဘောပဲ။

“အရင်တုန်းကလည်း အပစ်အခတ် ရပ်စဲရေးကို ၃ လတကြိမ် ၂ လတကြိမ် ထူးခြားတာက အခုက တိုင်းစစ်ဌာနချုပ်အလိုက်တွေ မပြောဘဲနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာမှလွဲလို့ ရည်ညွှန်းတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာခံထားရတဲ့အထဲမှာ မြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့စလုံး ပါဝင်တာပေါ့ဗျာ။ အဲ့အသုံးအနှုန်းရဲ့ အောက်မှာဆိုတော့ အဲ့ဒီ့အဖွဲ့တွေ ရှိနေတဲ့နေရာတွေက အဲ့ဒီ့ကြေညာချက်ထဲမှာ အကျုံးမဝင်ဘူးဆိုတဲ့ သဘောဆိုတော့ ကျနော်ကတော့ ဒီအပစ်ရပ်ကြေညာချက်ဟာ နိုင်ငံရေးအရ လက်နက်သဖွယ် လုပ်ရပ်သာဖြစ်ပြီး ဘာမှထူးခြားမှုရှိမယ်လို့ မမြင်ဘူး။”

အခုလို အပစ်အခတ် ရပ်စဲထားတဲ့ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ အချက် ၆ ချက်ထဲက ၄ ချက်ဖြစ်တဲ့ သဘောတူစာချုပ်တွေအတိုင်း ကတိတည်ဖို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အမြတ်မထုတ်ဖို့၊ ဒေသခံ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ တိုက်တွန်းထားပါတယ်။

ဒေါက်တာရန်မျိုးသိမ်းကတော့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေမှာ နှစ်ဖက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

“ကျနော့်အမြင်ကတော့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာရော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာရော တာဝန်ယူမှု တာဝန်ခံမှုက အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။ အဓိကကတော့ နှစ်ဖက်ကြားမှာ ယုံကြည်မှုတည်ဆောက်ပြီး နိုင်ငံရေးအရ တာဝန်ယူမှု တာဝန်ခံမှုတွေကို ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်။ တကယ်လို့ နားလည်မှု လွဲချော်တာတွေ အမြင်လွဲတာတွေ ရှိလာခဲ့တယ်ဆိုရင်လည်း ညှိနှိုင်းဆွေးနွေးပြီးတော့ စားပွဲဝိုင်းပေါ်က နိုင်ငံရေးနည်းလမ်းနဲ့ပဲ အဖြေရှာဖို့က အရေးကြီးတယ်လို့ မြင်ပါတယ်။ အပစ်ရပ်စဲထားတဲ့ တိုင်းရင်းဒေသတွေမှာလည်း အပစ်အခတ် ရပ်စဲမှုကို ရေရှည်တည်တံ့ဖို့ ခိုင်မာဖို့ လုပ်ဖို့လိုအပ်တယ်။

“အဲ့သလိုပဲ ပစ်နေခတ်နေ တိုက်နေကြတဲ့ တိုက်ပွဲတွေ ဖြစ်နေကြတဲ့ ကာလဒေသတွေမှာလည်း အပစ်အခတ် ရပ်စဲမှုကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့က အရေးကြီးတယ်။ အထူးသဖြင့်က အခု စစ်ရေးပဋိပက္ခတွေ တင်းမာနေတဲ့ ချင်းနဲ့ ရခိုင်ပြည်နယ်တွင်းက ဒေသခံ ပြည်သူလူထုကြားမှာ အင်မတန်မှ ကြီးမားတဲ့ စစ်ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးကြီးကို ကျော်လွှားနိုင်ဖို့ဆိုတာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်ကြား သဘောတူညီချက်တွေရဖို့ ယုံကြည်မှု နားလည်မှု တည်ဆောက်နိုင်ဖို့ ဒီအပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို လက်တွေ့ဖြစ်အောင် ဒီအတွက်စပြီး ခြေလှမ်းပြင်ဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ သုံးသပ်ပါတယ်။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မဟာမိတ် MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့တို့ ပူးတွဲပြီးလည်း ဒီလဆန်းမှာပဲ တဖက်သတ် အပစ်အခတ် ရပ်စဲရေး နောက်ထပ် သက်တမ်းတိုးကြောင်း ကြေညာထားကြတာပါ။ ဒါပေမယ့်လည်း မေလကုန်အထိ အပစ်အခတ် ရပ်စဲမယ့်အကြောင်း လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ ကြေညာချက်ကိုတော့ တပ်မတော်ဘက်က အသိအမှတ် မပြုသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)
















XS
SM
MD
LG