သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံညီလာခံ COVID-19 အရေးကြောင့် ရွှေ့ဆိုင်းလိုက်ရ


နေပြည်တော်ရှိ ၂၁ ရာစု ပင်လုံညီလာခံ လှုံ့ဆော် ဆိုင်းဘုတ်။ (သြဂုတ် ၂၆၊ ၂၀၁၆)
နေပြည်တော်ရှိ ၂၁ ရာစု ပင်လုံညီလာခံ လှုံ့ဆော် ဆိုင်းဘုတ်။ (သြဂုတ် ၂၆၊ ၂၀၁၆)

(Zawgyi/Unicode)

ဧပြီလအတွင်း ကျင်ပဖို့ မှန်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံခေါ် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ် ကျင်းပဖို့ ထပ်မံရက်ရွှေ့ဆိုင်းလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးသွားမှာပါ။

၂၀၂၀ခုနှစ် ပထမ ၄ လပတ် ဖြစ်တဲ့ဧပြီလအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အကြိမ်အစည်းအဝေး ကျင်းပဖို့ အစိုးရနဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ သဘောတူထားကြပေမဲ့ COVID-19 ကူးစက်ရောဂါဖြစ်ပွါးနေဆဲအခြေအနေကြောင့် ကျင်းပဖို့ ရက်ရွှေ့ဆိုင်းခဲ့တယ်လို့ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။

“၂၀၂၀ ပထမ ၄ လပတ် အတွင်းမှာ ဆုံးဖြတ်တာပေါ့။ မမျှော်လင့်ဘဲနဲ့ ကမ္ဘာ့ကပ်ရောဂါဝင်လာတော့ အခုမှန်းတာပေါ့ဗျာ။ ဒုတိယ ၄ လပတ်အတွင်းမှာ ဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ အမြန်ဆုံးဖြစ်နိုင်အောင်ပေါ့။ ဒုတိယ ၄ လပတ်က မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်ပေါ့။ သြဂုတ်မတိုင်ခင်မှာ ဖြစ်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့ အစီစဉ်တွေတော့ ရှိပါတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလက အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့တို့အပါဝင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မှာဧပြီလအတွင်း ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ လက်ရှိ ကပ်ရောဂါအခြေအနေကြောင့်ရက်ရွှေ့ဆိုင်းလိုက်ရတာပါ။

မြန်မာငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ အကြံပေးပုဂ္ဂိုလ်ဦးလှမောင်ရွှေကတော့ ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ် ကျင်းပဖို့ ရက်တိတိကျကျ မသတ်မှတ်နိုင်သေးပေမဲ့ ကျင်းပနိုင်အောင်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“EAO ဘက်မှာတော့ ဒီညီလာခံလုပ်ဖို့လိုအပ်တဲ့ ညှိနှိုင်းမှုတွေကို သူတို့ဒီကြားထဲမှာလုပ်နေတယ်။ ကျနော်နားလည် သလောက်တော့ မေလ ၄ ရက်နေ့မှာ အွန်လိုင်းမှာ သူတို့ဆွေးနွေးမယ်။ ပြီးရင်အစိုးရဘက်နဲ့ ဆွေးနွေးမယ်။ အဲတာပြီးရင်တော့ ဆက်ပြီးတော့အဆင့်လိုက် အကောင်ထည်ဖေါ်ရမှာတွေရှိတယ်။ ညီလာခံလုပ်ဖို့ကိုတော့ ၂၀၂၀ ဇန်နဝါရီ ၈ ရက် နေ့က ဆွေးနွေးချက်မှာဆက်ပြီးတော့လုပ်နေတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာတော့ COVID-ကာလဖြစ်နေတဲ့အတွက် ရက်တွေဘာတွေကိုတော့ UPDJC တို့ JICM တို့မှာတော့ ဒါကတော့ ပြင်ဆင်သတ်မှတ်မှာ ဖြစ်တာပေါ့လေ။ အခုချိန်မှာ ပြင်ဆင်နေဆဲဖြစ်တုန်းပဲပြောလို့ရတယ်။”

ဒီဧပြီလ ၂၂ ရက်နေ့မှာလည်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကလည်း အွန်လိုင်းကနေ တဆင့် အစည်းဝေးကျင်းပခဲ့ရာမှာ လာမဲ့ ၂၀၂၀ခုနှစ် ဒုတိယ ၄ လပါတ် ပင်လုံအစည်းအဝေးမှာ တင်ပြနိုင်ဖို့အတွက် ဖက်ဒရယ်အခြေခံမူဘုံသဘောတူညီချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

လာမဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံခေါ် ၂၁ ရာစုပင်လုံညီလာခံမှာ လက်ရှိမြန်မာစစ်တပ်နဲ့စစ်ရေးတင်းမာနေဆဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့တို့ပါဝင်ဖို့ဟာ မသေချာသေးပါဘူး။

အထူးသဖြင့် မြန်မာအစိုးရကနေ မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတဲ့ AA အဖွဲ့ပါဝင်ဖို့ဟာ ပိုပြီးခက်ခဲနေပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ လက်ရှိကာလမှာ စစ်ရေးကိုရပ်ဆိုင်ပြီး နိုင်ငံရေးတွေ့ဆုံမှုအပိုင်းကို အားစိုက်သင့်တယ်လို့ အကြံပြုထားပါတယ်။

“အခြေအနေအရပ်ရပ်ကို သုံးသပ်မယ်ဆိုရင်တော့ ဒီအချိန်က စစ်ရေးကို ခဏချိုထားပြီးတော့ နိုင်ငံရေးကို ပိုအားစိုက်ရမဲ့ အချိန်လို့တော့ကျနော်တို့က ယူဆတာပေါ့။ သို့သော်လည်းပဲ အဖွဲ့စည်းတိုင်း ခေါင်းဆောင်တိုင်းဟာ သူ့ကိုယ်ပိုင် အယူဆနဲ့သူရှိတဲ့အတွက် ကျနော်တို့လည်း ဝေဖန်သုံးသပ်ခြင်း မလုပ်လိုပါဘူး။ ကိုယ့်ပတ်ဝန်းကျင်ပက်သက်မှုကိုတော့ ဒီခေါင်းဆောင်တွေ ထည့်သွင်းစဉ်းစားသင့်တယ်လို့တော့ အကြံပြုချင်တာပေါ့ဗျာ။”

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယ အစည်းအဝေးပြီးတဲ့ နောက် ငြိမ်းချမ်းရေးညီလာခံဟာ တစ်နှစ်ကျော်ကြာရပ်နားခဲ့ပါတယ်။

NCA သဘောတူညီချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေ ညီလာခံကို ၂ နှစ်တကြိမ် ကျင်းပဖို့ သဘောတူထားတာ ဖြစ်ပေမဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတာနဲ့ တပ်မတော်တစ်ခုတည်းဖြစ်ရေးမူအပေါ်မှာ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် ၂၀၁၈ ဇူလိုင်လမှာ တတိယအကြိမ် အစည်းဝေးကို နောက်ဆုံး ကျင်းပနိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG