သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံ၊ စတုတ္ထအကြိမ် အခုနှစ်အတွင်းကျင်းပနိုင်ဖို့ မသေချာသေး


၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ပြင်ဆင်စဉ် (မှတ်တမ်းဓါတ်ပုံ)
၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ပြင်ဆင်စဉ် (မှတ်တမ်းဓါတ်ပုံ)

(Zawgyi/Unicode)

စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဒီနှစ်အတွင်းကျင်းပနိုင်ဖို့ မရေမရာဖြစ်နေတယ်လို့ ပင်လုံညီလာခံမှာပါတဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးကလည်း တပ်မတော်ဟာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲလိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒမရှိတာကြောင့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ခြေအလားအလာ လုံးဝမရှိဘူးလို့ သုံးသပ်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ခုနှစ် ပထမ ၄လပတ်အတွင်းမှာ ကျင်းပဖို့ သဘောတူထားပေမယ့်လည်း လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုံးဝမလုပ်နိုင်သေးဘူးလို့ UPDJC ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေကပြောပါတယ်။ ဒီတော့ ညီလာခံကျင်းပနိုင်ရေး အလားအလာ ဘယ်လိုရှိနေပါလဲ

“ကျနော်တို့ ပထမတုန်းကတော့ ညီလာခံကျင်းပဖို့ ဧပြီလလို့ စီစဉ်ထားတာပေါ့နော်။ ဒါပေမယ့် ကျနေ်ာတို့ UPDJC က အခုအထိ မခေါ်သေးဘူးပေါ့နော် ။ ဘာများလုပ်နေသလဲ တော့မသိဘူး UPDJC အနေနဲ့တော့ လုပ်တာမရှိသေးဘူး။”

တကယ်တမ်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူညီချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂ နှစ်တကြိမ် ကျင်းပဖို့ သဘောတူ ထားခဲ့ကြတာဖြစ်ပါတယ်။

အရပ်သားအစိုးရလက်ထက် ၂၀၁၆ သြဂုတ်လမှာ ၂၁ရာစုပင်လုံ ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ပင်လုံကို ၂၀၁၇ မေလမှာ ကျင်းပနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၁၈ ဇူလိုင်လမှာ တတိယအကြိမ် အစည်းဝေးကို နောက်ဆုံး ကျင်းပခဲ့ပြီးတဲ့နောက်မှာ ၂၀၁၉မှာ မကျင်းပနိုင်ပဲ တစ်နှစ်ကျော်ကြာ ရပ်နားခဲ့ရတာဖြစ်ပြီး အခု ၂၀၂၀ ပြည့်နှစ်မှာလည်း ကျင်းပနိုင်ရေး မရေမရာဖြစ်နေတာပါ။ ဘယ်လိုအခက်အခဲတွေကြောင့် ငြိမ်းချမ်းရေးညီလာခံကို မကျင်းပနိုင်ရတာလဲဆိုတဲ့အပေါ် ဦးသုဝေက အခုလိုပြောပါတယ်။

“အမှန်က အဓိက သက်ဆိုင်တဲ့လူကတော့ အစိုးရရယ်၊ တပ်မတော်ရယ် လက်နက်ကိုင်အစုအဖွဲ့ရယ်၊ သူတို့ အကြိမ်များစွာ ဆွေးနွေးနေကြတာပဲခင်ဗျ ။ အဲဒီထဲမှာ ကျနော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့က မပါဘူးလေ။ ကျနော်တို့ကလည်း အခြေအနေမှန်ကိုတော့ မသိဘူးခင်ဗျ။ ငြိမ်းချမ်းရေးကတော့ ဆက်ပြီးတော့ ညီလာခံကတော့ ဖြစ်မယ်ပေါ့ဗျာ ။ သို့သော်လည်း အဲဒီငြိမ်းချမ်းရေးကို ရွေးကောက်ပွဲ ပြီးတဲ့ဟာ ဆက်ပြီးတော့ လုပ်နိုင်အောင် အဲဒီသဘောမျိုးလောက်ပဲ ရှိတယ်ထင်တယ်။”

အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ ရခိုင်အမျိုးသားကောင်စီ ANC ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်ကတော့ အခုလို သုံးသပ်ပါတယ်။

“ကျနော်မြင်တာကတော့ လွှတ်တော်ထဲမှာ အခုအခါ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးနဲ့ တိုက်ရိုက်အချိုးကျနေတယ်လို့ မြင်တယ်။ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ပြုပြင်ပြောင်းလဲလိုတဲ့ သဘောထား လုံးဝမတွေ့ရဘူး အခြေခံအားဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်လိုတဲ့ နိုင်ငံရေးဆန္ဒလုံးဝမရှိတာကို တွေ့ရတယ်။ မူကြမ်းတွေကို ဆွေးနွေးနေတဲ့နေရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာကို တွေ့ရတယ်။ ဆိုတော့ နိုင်ငံရေး ဆန္ဒမရှိတဲ့အတွက် မြေပြင်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကလည်း နိုင်ငံရေးဆန္ဒမရှိတဲ့အပေါ်မှာ သူက ဆက်ဖြစ်နေမှာပဲ။ နိုင်ငံရေးဆန္ဒရှိတယ်ဆိုရင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲလိုတယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီးတော့မှ အဲဒီကနေတဆင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို လုပ်လို့ရတယ် ကြိုးပမ်းလို့ရတယ် ။ အဲဒါကြောင့် ဒီအခြေအနေ အောက်မှာတော့ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးပေါ့ဗျာ။ စတုတ္ထအကြိမ်မြောက် အစည်းအဝေးက ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ တကြိမ်လုပ်မယ်လို့ ရာထားချက်ကို အစိုးရဘက်ကတော့ လုပ်လိုတယ်ဆိုတဲ့ ဆန္ဒရှိတယ်။ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် လုပ်ရေး၊ မလုပ်ရေး၊ ဖြစ်ရေး မဖြစ်နိုင်ရေးက အခုဖွဲ့စည်းပုံပြောင်းလဲရေး ဘယ်လောက်အတိုင်းအတာအထိ အဆင်ချောလဲဆိုတာ တိုက်ရိုက်အချိုးကျနေတယ်လို့ မြင်ပါတယ်။”

၂၁ရာစုပင်လုံညီလာခံကနေ ပြည်တွင်းငြိမ်းချမ်းရေး တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆို င်ရာလက်မှတ်ရေးထိုးန ိုင်ရေး ကြိုး ပမ်းနေတဲ့ NLD အရပ်သားအစိုးရလက်ထက် အစိုးရစစ်တပ်နဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ နဲ့ရော အပစ်ရပ်ထိုးမထားတဲ့အဖွဲ့တွေနဲ့ပါ လတ်တလော တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေပြီး တိုင်းရင်းဒေသတွေမှာ အတော်လေးကို စစ်ရေးတင်းမာနေတာပါ။

ဒီလိုစစ်ရေးတင်းမာမှုတွေ အမြန်ဆုံးပြေလည်နိုင်ရေးအတွက် လက်ရှိအာဏာရNLD ပါတီနဲ့ အစိုးရစစ်တပ်ဘက်က ဘယ်လိုအချက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ပါသလဲဆိုတာကိုတော့ ANC ခေါင်းဆောင်ဦးထွန်းဇော်က အခုလိုပြောပါတယ်။

“ကျနော်မြင်တာကတော့ NLD အစိုးရ ရပ်တည်ချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအောက်မှာ တပ်မတော်က စစ်ဆင်ရေးလုပ်တာ သူ့အလုပ်ဖြစ်တယ်။ လိုအပ်တဲ့ အမိန့်အာဏာကို သမ္မတက ထုတ်ပေးရမယ် ဆိုတဲ့ စည်းခြားထားတယ်ပေါ့ဗျာ ကိုယ့်စည်း သူ့စည်းနဲ့ အလုပ်လုပ်နေတာ တွေ့ရတယ်။ ဆိုတော့ လက်ရှိမြေပြင် စစ်ပွဲတွေက တပ်မတော်က အကြောင်းအမျိုးမျိုးပြပြီး တိုက်တယ်။ အဲဒါကို သမ္မတဆီမှာ အမိန့်ခံယူဖို့ လိုတာကို ခံယူတယ်။ မြေပြင်က တိုက်ပွဲတွေကို ရပ်နိုင်မလားဆိုတဲ့အခါတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲလိုတဲ့ နိုင်ငံရေးဆန္ဒရှိတယ်ဆိုရင် ရပ်မယ် ၊ ဒီနေ့အချိန်မှာ ဆန္ဒမရှိဘူးဆိုရင် မရပ်ဘူး ။ မရပ်တဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်မယ်။ အဲဒါပဲ ကျနော်တို့ တိုင်းရင်းသားပြည်သူ တရပ်လုံးကတော့ ဒီအနိဋ္ဌာရုံကို ဆက်ပြီးလက်ခံရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။”

လတ်တလောမှာတော့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS/SSA တောင်ပိုင်းတပ်တွေ နဲ့ အစိုးရစစ်တပ်ကြားမှာလည်းအပြင်းထန် တိုက်ပွဲဖြစ်နေတာပါ။ တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပါဝင်ပြီး အပစ်ရပ်လက်မှတ်ထိုးမထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ဖွဲ့ဘက်က မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တဖက်သတ်ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ချက်ခြင်းရပ်တန့်ဖို့တောင်းဆိုထား ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ အမြန်ဆုံး လက်မှတ်ထိုးပါလို့ တိုက်တွန်းထားတဲ့စာကို ညီနောင်မဟာမိတ်ဘက်က တဖက်သတ်အပစ်ရပ်ဆိုင်းတဲ့သက်တမ်း ၂၅ရက် ထပ်တိုးတဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)














XS
SM
MD
LG