သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ လျာထားတဲ့အတိုင်းကျင်းပဖို့ ဖြစ်နိုင်ခြေနည်း


၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပစဉ်
၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပစဉ်

(Zawgyi/Unicode)

၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လျာထားတဲ့အတိုင်းကျင်းပဖို့ မဖြစ်နိုင်သေးဘူးလို့ UPDJC ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပထမ လေးလပတ်အတွင်း ကျင်းပဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက လျာထားသတ်မှတ်ခဲ့တာပါ။

NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တချို့ နဲ့ရော လက်မှတ်မထိုးရသေးတဲ့ တချို့အဖွဲ့တွေနဲ့ပါ အစိုးရနဲ့တပ်မတော်က ခိုင်မာတဲ့ယုံကြည်မှု မတည်ဆောက်နိုင်သေးဘူး လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးကလည်း ဝေဖန်ပါတယ်။ ငြိမ်းချမ်းရေးအကျိုးဆောင်တဦး ကရော ဘယ်လို တိုက်တွန်းထားပါသလဲ။ အပြည့်အစုံကို မဆုမွန်က ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ခုနှစ် ပထမ ၄လပတ်အတွင်းမှာ ကျင်းပဖို့ သဘောတူညီခဲ့ ကြပါတယ်။ ဒါပေမဲ့လို့ အခုအချိန်အထိ UPDJC အစည်းအဝေးတွေ မခေါ်နိုင်သေးတာကြောင့် အဲဒီသတ်မှတ်ရက်အတိုင်း ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေက ဗွီအိုအေကိုပြောပါတယ်။

“ခါတိုင်းညီလာခံလုပ်ဖို့ဆိုရင် ညီလာခံအတွက် ပြင်ဆင်တာပေါ့ခင်ဗျ ။ ပြင်ဆင်တယ်ဆိုတာက ကျနော်တို့ UPDJC က အဓိကပေါ့နော် ညီလာခံပြင်ဆင်ဖို့ လုပ်ကြတာ။ အခုအခါမှာတော့ ကျနော်တို့ ဧပြီလလောက်မှာ ညီလာခံလုပ်မယ်လို့ မှန်းထားတာပေါ့နော်။ မှန်းထားပေမယ့် ကျနော်တို့ UPDJC က အခုအထိ ခေါ်နိုင်တဲ့ အခြေအနေ မရှိသေးဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးကတော့ လုပ်တော့လုပ်မယ်။ သို့သော် ဘယ်တော့ပြီးမလဲ ဘယ်တော့ လုပ်မလဲဆိုတာကတော့ ဒီလိုပဲ ကြိုးစားရင်နဲ့ လုပ်သွားရင်နဲ့ တဖြေးဖြေးတော့ အောင်မြင်သွားမယ်လို့ ထင်တယ်။ ဒါပေမယ့် လောလောဆည်အလားအလာကတော့ သိပ်ပြီးတော့ ဝေးပါသေးတယ်။ အခုကတော့ အစိုးရအဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့တို့ သူတို့ အလွတ်သဘောဆွေးနွေးချက်ဆိုပြီးတော့ ခဏခဏ တွေ့နေတယ်၊ ဆွေးနွေးနေတာပေါ့နော် အဲဒါ ကြိုးစားချက်တွေပါပဲ။ ဒီလိုကြိုးစားရင်းနဲ့ ဘယ်လောက်အောင်မြင်မလဲမသိဘူး။ အခုသူတို့ လုပ်ထားတာ နည်းနည်းအောင်မြင်လာလို့ ဒါ ညီလာခံလုပ်ဖို့အလားလာ ရှိလာတယ်၊ ဆွေးနွေးလာတယ်ဆိုတာလေးပဲ ရှိတယ်လေ။”

ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်မယ်ဆိုတဲ့ NLD အရပ်သားအစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က NCA အပစ်ရပ် လက်မှတ်ထိုးရေး လမ်းကြောင်းပေါ် လာခဲ့ကြပါ။ နိုင်ငံရေးစကားဝိုင်းတွေမှာ ဆွေးနွေးကြပါလို့ တစိုက်မတ်မတ်တိုက်တွန်းနေတာပါ။

ဒါပေမဲ့လို NCA ကို လက်မှတ်ထိုး ထားတဲ့အဖွဲ့တချို့နဲ့ရော လက်မှတ်မထိုးသေးတဲ့ အဖွဲ့တချို့နဲ့ပါ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းနေတဲ့ NCA ဟာ အလုပ်ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်တာတွေ ရှိနေတာပါ။ANC ရခိုင်အမျိုးသားကောင်စီ ANC ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်ကတော့ အခုလိုသုံးသပ်ပါတယ်။

“ဒီကနေ့ ဖြစ်နေတဲ့ အခင်းအကျင်းကတော့ NCA ကိုလက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ရော၊ လက်မှတ် မထိုးထားတဲ့အဖွဲ့တွေနဲ့ရော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် တပ်မတော်ဘက်က နိုင်ငံရေးဆန္ဒမရှိဘူး ဆိုတာကို ပြသနေတာပဲ။ NCA ဆိုတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့အတွက် ကျနော်တို့က ပေါင်းကူးတံတားသဖွယ်လုပ်တာဖြစ်တယ်။ ဒါပေမယ့် NCA ကို ပေါင်းကူးတံတားအနေနဲ့ နိုင်ငံရေးပြဿနာကို အသုံးပြုတာမဟုတ်ပဲနဲ့ တပ်မတော်ဘက်က သူတို့ စစ်ရေးရည်မှန်းချက်ကို ပြည့်မှီဖို့အတွက် စစ်ရေးအရ လက်နက် တခုအဖြစ် အသုံးချနေတာကို တွေ့ရတယ်။ ဆိုတော့ တပ်မတော်က တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး ယန္တရားထဲမှာ အစိုးရရဲ့ လက်အောက်မှာ အပြည့်အ၀ မရှိနေဘူး ။ ငြိမ်းချမ်းရေးဖြစ်စဉ်က အစိုးရရဲ့ မူဝါဒနဲ့ ကင်းလွတ်ပြီးတော့မှ တပ်မတော်ရဲ့ သဘောထားနဲ့အညီ သူ့သဘောသူ ဆောင်ပြီးတော့ သွားနေတဲ့ အနေအထားအောက်မှာ တပ်မတော်သဘောထားကို ကျော်လွန်နိုင်တဲ့ အနေအထားမရှိတဲ့ NLD အစိုးရဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မယ့် အနေအထားမရှိဘူးဆိုတာ ကျနော်တို့ တွေ့ရပါတယ်။”

NCA ကိုလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက NCA ဆိုင်ရာရှင်းလင်းပွဲ လုပ်နေတာကို တပ်မတော် စစ်ဗျူဟာတပ်ရင်းက တားမြစ်တာကြောင့် ဒါဟာ NCA စာချုပ်ပါ အချက်တွေကို မလိုက်နာတာဖြစ်ပြီး ငြိမ်းချမ်းရေးကို မလိုလားတဲ့သဏ္ဍာန်ဆောင်တယ်လို့ KNU ဆောထိမြို့နယ် တပ်ရင်း (၇) က ရှုတ်ချကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ ပြည်သူလူထုကြား ယုံကြည်မှုတည်ဆောက်နိုင်ရေး ငြိမ်းချမ်းရေးစကားဝိုင်းတွေကနေ ဖော်ဆောင်နိုင်အောင် ကြိုးပမ်းနေကြပါတယ်လို့လည်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန ်ကပြောပါတယ်။

“အခုလို လက်နက်တင်းမာမှုရှိတဲ့အချိန်မှာ နှစ်ဖက်ကနေ လျှော့ပြီးမှ နားလည်မှုယူပြီးမှ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးကို ပန်းတိုင်အထိ သွားနိုင်ဖို့ကတော့ ကြိုးစားဖို့ လိုပါလိမ့်မယ်။ဆိုတာ ကျနော်ပြောချင်ပါတယ်။ အတွင်းကျကျ ပါဝင်ပြီးတော့မှ နားလည်မှုနဲ့ ယုံကြည်မှုပေါ့ ။ စစ်မှန်တဲ့ Honest ဖြစ်ဖို့တော့ လိုတာပေါ့ ၊ ပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားဖို့လိုတယ်ဆိုတာကို ပြောချင်ပါတယ်။”

ရခိုင်၊ ချင်းနဲ့ ရှမ်းမြောက် စတဲ့ တိုင်းရင်းဒေသတွေမှာ စစ်ရေးပဋိပက္ခတွေပြင်းထန်ဆဲရှိနေချိန်မှာပဲ ငြိမ်းချမ်းရေးညီလာခံကို အမြန်ဆုံးကျင်းပဖို့ စီစဉ်နေကြတာပါ။ တကယ်တမ်း NCA သဘောတူညီချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂ နှစ်တ ကြိမ် ကျင်းပရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့၂၀၁၈ ဇူလိုင်လမှာ တတိယ အကြိမ် အစည်းဝေးကို နောက်ဆုံးကျင်းပပြီးတဲ့နောက် ငြိမ်းချမ်းရေးညီလာခံကို ထပ်ပြီး မကျင်းပနိုင် တာ တနှစ်ကျော်ကြာရှိပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..........................


(Unicode)












XS
SM
MD
LG