သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြယ်ခေါင်မှာ မြန်မာတွေ ကိုဗစ်ရှိ၊ မရှိစစ်ဆေး


တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကြယ်ဂေါင်မြို့မှာ ကိုဗစ်စစ်ဆေးနေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကြယ်ဂေါင်မြို့မှာ ကိုဗစ်စစ်ဆေးနေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကြယ်ဂေါင်မြို့ထဲက မြန်မာနိုင်ငံသားတွေကို ကိုဗစ်ရောဂါ ရှိမရှိ စတင်စစ်ဆေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

ကိုဗစ်ရောဂါ တားဆီးဖို့အတွက် ယူနန်ပြည်နယ်၊ တယ်ဟုတ်ပြည်နယ်ခွဲ ကြယ်ဂေါင်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ၂ ရက်ကြာ ကိုဗစ်ရောဂါ စစ်ဆေးမယ့် အစီအစဉ်ကို ဒီကနေ့ပဲ စတင်လိုက်တာပါ။ ကျန်းမာရေး စစ်ဆေးပေးရာမှာ မြန်မာနိုင်ငံသားတွေ တရုတ်နိုင်ငံထဲ ဝင်ရောက်ခဲ့တဲ့ အချိန်ကိုလည်း မှတ်တမ်းတင်ထားတယ်လို့ ကြယ်ဂေါင်မြို့က လူမှုရေးအဖွဲ့တခုဖြစ်တဲ့ ကြင်နာနွေးထွေးပရဟိတ ဥက္ကဋ္ဌ ဦးဖိုးသားက ဗွီအိုအေကို ပြောပါတယ်။

“ကြယ်ဂေါင်တမြို့လုံးပေါ့ သူ့နေရာနဲ့သူ ခွဲပြီးစစ်ပေးတာ၊ မကြာခဏ စစ်တယ်ဆိုတာ သူ့နိုင်ငံအတိုင်းဆိုတော့ သူတို့ အထက်က ညွှန်ကြားချက်အတိုင်း တယောက်ကို တရုတ်ယွမ်ငွေ ၆၀ ပေးဆောင်ရတယ်၊ ကိုယ်နေတဲ့ ရပ်ကွက်၊ ကိုယ်နေတဲ့အိမ်ရှင်၊ အခန်း အဲဒီလိုမျိုးပေါ့။ ဒီနေ့နဲ့ မနက်ဖြန် ၂ ရက်စစ်မယ် ပြောတယ်၊ လူတွေ့တယ်ဆိုရင် မျက်နှာတွေ scan ဖတ်ပြီးမှ ဒီလူက ဘယ်အချိန်ဝင်ထားလဲ သူတို့မှတ်တမ်းယူတယ်။”

မြန်မာနိုင်ငံမှာ မကြာသေးခင်က လတွေကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက အိမ်နီးချင်း တရုတ်နိုင်ငံမှာပါ မြန်မာနိုင်ငံသားတချို့ ကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် တရုတ်နိုင်ငံက စစ်ဆေးမှုတွေ လုပ်လာတာပါ။ ကြယ်ဂေါင်မြို့မှာတော့ မြန်မာနိုင်ငံသားတွေရှိရာ အချက်အခြာနေရာတွေ အပါအဝင် နေရာတော်တော်များများမှာ ဒီနေ့ကစ စစ်ဆေးနေတာလို့လည်း ကြယ်ဂေါင်မြို့မှာ နေထိုင်နေတဲ့ ကိုလင်းသိုက်က ပြောပါတယ်။

“ကြယ်ဂေါင်မှာရောက်နေတဲ့ မြန်မာတွေ အကုန်လုံးလေ၊ ကြယ်ဂေါင်တမြို့လုံး နေရာတိုင်း အရင်တခေါက်စစ်တဲ့ ပုံစံမျိုးပဲ၊ စစ်ပြီးသားသူတိုင်း အကုန်ပြန်စစ်ရတာပဲ။ မနေ့က (ကြို)ပြောတယ် ရဲကားနဲ့ လှည့်အော်တယ် ကြယ်ဂေါင်မှာ။ သူတို့ wechat တွေပေါ်မှာလည်း အကြောင်းကြားစာတွေ တင်ထားတယ်လေ။ တနေရာကို အယောက် ၂၀၀၊ ၃၀၀ လောက်တော့ ရှိလောက်မယ် တန်းစီတာ အများကြီးပဲ။ အရင်တခေါက်ကတော့ အလကား စစ်ပေးတယ်ပေါ့၊ အခုကတော့ တယောက်ကို ၆၀ နှုန်း ယွမ် ၆၀ (ကျပ်တသောင်းကျော်ကျော်) ပေါ့။”

ရောဂါစစ်ဆေးပြီး ရတဲ့အဖြေကို လက်ကိုင်ဖုန်းထဲ ဒီရက်ပိုင်းပို့ပေးမှာဖြစ်ပြီး ရောဂါမရှိဘူးဆိုတဲ့ အထောက်အထားကို အပြင်ထွက်တိုင်း၊ ဈေးစင်တာ သွားတိုင်း ပြရမယ်လို့ ကြယ်ဂေါင်မြို့ ရှမ်းရွာထဲက မမိုးဝါက ပြောပါတယ်။

“ဥပမာ ဘဏ်သွားတယ်ဆိုရင်လည်း ဘဏ်ကို ဝင်လို့မရဘူးလေ အဲဒီမှာ scan ဖတ်တဲ့ဟာတခု ကပ်ထားပေးတယ်။ scan ဖတ်လိုက်မှ ကိုယ့်နာမည် မိန်းကလေးလား၊ ယောကျ်ားလေးလားပေါ့။ အချက်အလက် အကုန်ပေါ်တယ်လေ။ ပြီးရင် စစ်ဆေးထားတဲ့ positive လား negative လား၊ negative ဆိုရင် အထဲဝင်လို့ရတယ်။ ကျောက်ဝိုင်းသွားရင်လည်း အဲဒီလိုပဲ ဘယ်နေရာသွားသွားပေါ့။ ဒီကနေ့မှ စစ်ထားတာဆိုတော့ ဘယ်နေ့ရမလဲတော့ မသိဘူး။ ဒါပေမဲ့ မကြာပါဘူး တရက် နှစ်ရက်ပါပဲ။”

စက်တင်ဘာ ၃ ရက်က ကြယ်ဂေါင်ထဲက မြန်မာနှစ်ယောက်မှာ ကိုဗစ်ရောဂါတွေ့ရှိပြီး လူဦးရေ ၂,၀၀၀,၀၀၀ လောက်ကို တပတ်အတွင်း ကိုဗစ်စစ်ဆေးတာတွေ လုပ်ခဲ့ပြီး မြို့ကိုလည်း နှစ်ပတ်လောက် အသွားအလာတွေ ပိတ်လိုက်တာပါ။ အဲဒီနောက်ပိုင်း ရွှေလီနဲ့ ကြယ်ဂေါင်ထဲက မြန်မာတချို့မှာ ရောဂါထပ်တွေ့ပြီး အခုလို စစ်ဆေးမှုတွေ ထပ်လုပ်လာတာပါ။

မြန်မာနဲ့နယ်စပ်ဂိတ် လူအဝင်အထွက်ကို ဧပြီလကုန်ကတည်းက ယူနန်အစိုးရက ကန့်သတ်လိုက်ပြီး တရားမဝင် ဝင်တာမရှိအောင်လည်း နယ်စပ်တလျှောက်မှာ ခြံစည်းရိုးတွေ အလျင်စလို ပိတ်ဆို့ကာရံတာတွေ လုပ်ခဲ့ပါတယ်။ ရွှေလီနဲ့ ကြယ်ဂေါင်မြို့ထဲမှာ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားကို လက်ခံထားတဲ့ ဘယ်သူမဆို မြန်မာငွေ သိန်း ၁၀၀ နီးပါးရှိတဲ့ ယွမ်ငွေ ၅၀,၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမယ်လို့ ပြီးခဲ့တဲ့ သီတင်းတပတ်က အမိန့်ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ရွှေလီမြို့ ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကွပ်ကဲရေးဌာန ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်သေခံကဒ် လေးမျိုးထဲက တမျိုးမှ မပြနိုင်ရင် အုပ်ချုပ်ရေးဆိုင်ရာ ပြစ်ဒဏ်ပေးခြင်းဥပဒေ၊ ပြည်ဝင်ပြည်ထွက်စီမံအုပ်ချုပ်ရေးဥပဒေတွေနဲ့ အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကြယ်ဂေါင်မြို့မှာ ကိုဗစ်စစ်ဆေးနေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကြယ်ဂေါင်မြို့မှာ ကိုဗစ်စစ်ဆေးနေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)




XS
SM
MD
LG