သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညီလာခံမှာ တင်ပြတဲ့ မြန်မာ့မူဝါဒ


နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဒေသစံတော်ချိန် စက်တင်ဘာ ၂၈ ရက် ညနေပိုင်း မိန့်ခွန်းပြောကြားရာမှာ ရခိုင်အရေးကိစ္စကို အတော်လေး အချိန်ယူ ပြောကြားသွားပါတယ်။ ညီလာခံမှာ ဝန်ကြီး ဦးကျော်တင့်ဆွေ ဘယ်လိုအချက်တွေကို အဓိကထား ပြောသွားပါသလဲလို့ ကုလသမဂ္ဂရုံးချုပ်မှာ သွားရောက် သတင်းယူနေတဲ့ VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်းကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းကြည့်တဲ့အခါ သူက ခုလို စပြောပါတယ်။

ကိုကျော်ကျော်သိန်း - ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောသွားတာတွေကို ကျနော်တို့ ခေါင်းစဉ်အရ ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ၊ ပြီးတော့ လက်ရှိမှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်နေတာတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ လုပ်နေတာတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်နေတာတွေ၊ အဲဒါတွေအပြင် ရခိုင်ပြည်နယ် အရေးကိစ္စကိုတော့ အချိန်တော်တော်လေး ယူပြီး ပြောသွားပါတယ်။ ဒါက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အဓိက ပြောသွားတဲ့ အကြောင်းအရာတွေလို့ ဆိုရမှာပါဗျ။

မေး - ဟုတ်ကဲ့ခင်ဗျား၊ ဆိုတော့ ရခိုင်ပြည်နယ် အရေးကိစ္စ အဓိက ပြောသွားတယ်ဆိုတော့လေ ဘယ်လိုအကြောင်းအရာတွေများ ပြောသွားတာပါလဲ။

ကိုကျော်ကျော်သိန်း - ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ အစောပိုင်းမှာ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့ လုပ်ဆောင်နေတာတွေ၊ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး၊ ဘင်္ဂလားဒေ့ရှ်၊ UNDP၊ UNHCR၊ အာဆီယံ၊ နိုင်ငံတကာ စသည်အားဖြင့် ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စတွေ၊ တခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗဟိုကော်မတီ ဖွဲ့စည်းထားတာ၊ ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းထားတာ၊ အဲလိုကိစ္စတွေကို ပြောသွားပါတယ်။

ပြောသွားပြီးတဲ့နောက်မှာတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေအတိုင်း လုပ်ဖို့ အရေးကြီးတယ် ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ထည့်ပြောပါတယ်။ အဲဒီသဘောတူညီချက် ဆိုတဲ့နေရာမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ဆိုတာမျိုး လနဲ့ နှစ်နဲ့ အတိအကျ ပြောပြီးတော့ အဲဒီ သဘောတူညီချက်အရ ဒုက္ခသည် ပြန်လက်ခံရေးကို လုပ်ချင်တယ်၊ အဲဒီအတိုင်းပဲ လုပ်ရမယ်ဆိုတာကို ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လက်ခံတဲ့နေရာမှာ ပြန်လာချင်နေတဲ့ ဒုက္ခသည်တွေထဲက သူ အထူးထောက်ပြသွားတာကတော့ ဟိန္ဒူဒုက္ခသည် ၄၀၀ လောက်က ပြန်ချင်တယ် ဆိုတဲ့ဟာကို ပြန်ပို့ပေးရေး လုပ်ဆောင်ဖို့ ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုသွားတာ တွေ့ရပါတယ်။

ဒီတခါ ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်မှုဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိ နိုင်ငံသားဥပဒေအရ လုပ်သွားမယ်၊ ပြီးတော့ NVC လို့ သိကြတဲ့ ကတ်ပြားပေါ့၊ ဒီ NVC လုပ်ငန်းစဉ်လည်း ဆက်လုပ်မယ်၊ အဲဒီအခါမှာ သူပြောသွားတာက ဒီ NVC ကတ်ပြားသည် အမေရိကန်ပြည်ထောင်စုမှာ ထုတ်ပေးတဲ့ အမြဲတမ်းနေထိုင်ခွင့် အသိအမှတ်ပြုကတ်ပြား အဲဒီကတ်နဲ့ အတူတူပဲဆိုတာ သူ ထည့်ပြောသွားတာ မှတ်သားမိပါတယ်။

တခါ ARSA ရဲ့ ခြိမ်းခြောက်မှုကြားကပဲ လူ ၃၀၀ လောက် ပြန်ရောက်လာပြီ။ သူတို့ဘဝတွေ ပြန်ပြီးတော့ စတင်နေပြီဆိုတာလည်း ထည့်ပြောသွားပါတယ်။ ဒါ့အပြင် ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေးတာတွေ ရှိနေတယ်။ ဖိအားပေးတာတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရအနေနဲ့က ဒါတွေကို လက်ခံသွားမှာမဟုတ်ဘဲ၊ ခေါင်းငုံ့ခံနေမှာမဟုတ်ဘဲ တုံ့ပြန်သွားမယ်ဆိုတဲ့ သဘောမျိုး ပြောတဲ့အပြင် ကျနော်မှတ်သားလိုက်ထဲ့ အထဲမှာတော့ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေက ပြည့်စုံလုံလောက်မှုရှိတဲ့ အခြေခံဥပဒေတခု မဟုတ်ဘူးဆိုတဲ့စကား ပါပါတယ်။ ပြီးတော့ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်မှာ လက်ရှိလုပ်ဆောင်နေတာတွေကို သူ ထည့်ပြောသွားပါတယ်။

နောက်တခါ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကိုလည်းပဲ ကော်မရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးနေတာ ရှိတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်ကလည်းပဲ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအောက်မှာ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အောက်မှာ စစ်တရားစီရင်ရေးအရ စစ်ခုံရုံးတင်ပြီး စစ်ဆေးတာတွေ လုပ်နေတယ်။ ဒီစစ်ခုံရုံး စစ်ဆေးမှုတွေရဲ့ ရလဒ်တွေကိုလည်း စောင့်ပါဆိုပြီး ပြောသွားတာမျိုး ရှိပါတယ်။

နိုင်ငံတကာဖိအား နေရာမှာလည်း ICC က စုံစမ်းစစ်ဆေးနေတာကိုလည်း လက်ခံမှာ မဟုတ်တဲ့အကြောင်း ထပ်ပြောပါတယ်။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့တို့၊ ကုလသမဂ္ဂ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ဒါတွေက လုပ်ဆောင်နေတာတွေ ဖွဲ့စည်းတာတွေကိုလည်း ကန့်ကွက်တယ်၊ မြန်မာအစိုးရအနေနဲ့ လက်မခံဘူးဆိုတာ အဲဒါတွေကိုလည်းပဲ အလေးအနက် ထည့်ပြီးတော့ ပြောသွားတာ ရှိပါတယ်ခင်ဗျ။

မေး - ဟုတ်ကဲ့ ကိုကျော်ကျော်သိန်းရေ၊ ဝန်ကြီး အခုပြောသွားတဲ့ အချက်တွေက အစိုးရဘက်က ပုံမှန်ချေပနေတဲ့ အချက်မျိုးပဲလား၊ ဘာများ ထူးခြားမှုရှိပါသလဲ။

ကိုကျော်ကျော်သိန်း - ဒီ ချေပချက်တွေ၊ ပြောဆိုချက်တွေ၊ တုံ့ပြန်ချက်တွေက မြန်မာအစိုးရ တာဝန်ရှိသူတွေ အစဉ်တစိုက် ပြောဆို တုံ့ပြန် ချေပလာတဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီးတော့ အားကောင်းမောင်းသန် အပြင်းအထန် ပြောဆိုတာမျိုးတော့ သေချာမတွေ့ရပါဘူး။ ပုံမှန်ပြောဆို တုံ့ပြန်နေကြအတိုင်းလို့ပဲ ပြောရမှာဖြစ်ပါတယ်။

------------------------------

(Unicode)














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG