သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေကြောင်းခရီးစဉ် Laptop ကွန်ပြူတာတားမြစ်မှု ပြန်ရုပ်သိမ်း


အမေရိကန် ပြည်ထောင်စုကို တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်တွေမှာ ခရီးသည်တွေ အနေနဲ့ ခရီးဆောင် Laptop ကွန်ပြူတာတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တပါတည်း ယူဆောင်ခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကာတာလေကြောင်းလိုင်းက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

လေကြောင်းလိုင်းနဲ့ Hamad အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွေမှာ အမေရိကန်က သတ်မှတ်ထားတဲ့ လုံခြုံရေး အစီအမံသစ်တွေအညီ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းလည်း ကာတာလေကြောင်းရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အီလက်ထရောနစ် ကရိယာတွေထဲမှာ အကြမ်းဖက်ဝါဒီတွေက ဗုံးတွေလျို့ဝှက်သယ်ဆောင်လာမှာကို စိုးရိမ်မှုတွေကြောင့်၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ဒေသတွေက လေဆိပ် ၁၀ ခုကနေ အမေရိကန်ကို တိုက်ရိုက်ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေမှာLaptop ကွန်ပြူတာတွေနဲ့ အီလက်ထရောနစ်ပစ္စည်း ကြီးကြီးမားမားတွေကို ကိုယ်နဲ့အတူ သယ်ဆောင်ခွင့်မပြုဖို့ အမေရိကန်က မတ်လထဲမှာပဲ တားမြစ်ထားတာပါ။

အမေရိကန် အမိမြေလုံခြုံရေးဌာနကတော့ လေကြောင်းလိုင်းတွေ အနေနဲ့ ခရီးသည်တွေ ကိုယ်နဲ့အတူ ယူဆောင်မယ့် ပစ္စည်းတွေကို အဆင့်မြင့်နည်းပညာသုံး X-Ray နဲ့ Ultrasound ကရိယာတွေနဲ့ စစ်ဆေးမှုတွေလုပ်ဖို့၊ ဒါမှမဟုတ် သယ်ဆောင်ခွင့် မပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ထပ်မံအကြောင်းကြားခဲ့ပါတယ်။

ခရီးသည်တွေအတွက် ကန့်သတ်မိန့်တွေကို ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့တဲ့ အထဲမှာတော့ ကာတာလေကြောင်းလိုင်းက စတုတ္ထမြောက် ဖြစ်ပါတယ်။ Abu Dhabi အခြေစိုက် Etihad လေကြောင်းက တနင်္ဂနွေနေ့မှာ ပထမဆုံးအကြိမ် တားမြစ်ချက်ကို ရုပ်သိမ်းလိုက်ပြီး၊ အင်္ဂါနေ့မှာတော့ Dubai အခြေစိုက် Emirates လေကြောင်းနဲ့ Istanbul အခြေစိုက် တူရကီလေကြောင်းတို့ကလည်း အမေရိကန်ရဲ့ လုံခြုံရေးစည်းကမ်းသစ်နဲ့အညီ ဆောင်ရွက်ပြီး ဖြစ်ကြောင်း အသီးသီး ကြေညာခဲ့ကြတာပါ။

ကမ္ဘာပေါ်မှာ လေကြောင်းခရီးစဉ် အများဆုံးဖြစ်တဲ့ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခရီးဆောင် ပစ္စည်းတွေကို စစ်ဆေးဖို့ အဆင့်မြင့် နည်းပညာသုံး ကရိယာတွေ တပ်ဆင်ထားပြီးဖြစ်တဲ့အကြောင်း Emirates လေကြောင်းလိုင်း ပြောခွင့်ရက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဂျော်ဒန်၊ ကူဝိတ်၊ အီဂျစ်၊ ဆော်ဒီအာရေးဗီးယားနဲ့ မော်ရိုကိုနိုင်ငံ လေဆိပ်တွေကနေ အမေရိကန်ကို တိုက်ရိုက်ပျံသန်းမယ့် ခရီးစဉ်တွေမှာတော့ တားမြစ်ချက် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG