သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Las Vegas ပစ်ခတ်မှု ကျုးလွန်သူပိုင်ဆိုင်တဲ့ သေနတ် ၄၀ ကျော်တွေ့ရှိ


Mandalay Bay ဟိုတယ်
Mandalay Bay ဟိုတယ်

အမေရိကန် ခေတ်သစ် သမိုင်းမှာ သေနတ်သမား တဦးတည်းရဲ့ လက်ချက်နဲ့ အဆိုးရွားဆုံး လူစုလူဝေးတွင်း ပစ်ခတ်မှု ကျူးလွန်ခဲ့သူ အမျိုးသား တည်းခိုခဲ့တဲ့ Las Vegas ဟိုတယ်ခန်းတွင်းကနေ သေနတ် ၂၃ လက်ကို နီဗားဒါး ပြည်နယ် ရဲတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ပါတယ်။ သူ့အိမ်တလုံးကနေ သေနတ် ၁၉ လက်ထပ်တွေ့ခဲ့ပါသေးတယ်။

သေနတ်သမားကတော့ နီဗားဒါး ပြည်နယ် Mesquite က အသက် ၆၄ နှစ် အရွယ် Stephen Paddockဖြစ်တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ တိုက်ခိုက်မှုကြောင့် ၅၉ ဦး သေဆုံးပြီး ၅၂၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မနေ့ တနလာၤနေ့တုန်းက တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နှောင်းပိုင်း လာစ့်ဗီးဂတ်စ်မှာ အမေရိကန် Country တေးသံရှင် Jason Alden ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုနေကြတဲ့ လူပေါင်း ၂ သောင်း ၂ ထောင်ရှိတဲ့ လူအုပ်ကို သေနတ်သမားက မန္တလေးဘေး ကာစီနိုနဲ့ ဟိုတယ်ရဲ့ ၃၂ ထပ်ကနေ ဘာအကြောင်းနဲ့ ပစ်ခတ်ခဲ့ရသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

သေနတ်သမားရဲ့ နောက်ကြောင်း ရာဇဝင်ကနေ ရနိုင်သမျှ သဲလွန်စတွေကို ရှာနေတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက သတင်းထောက်တွေကို ပြောပါတယ်။ သေနတ်သမား Paddock က တကိုယ်တော် လှုပ်ရှားခဲ့တာလို့ အာဏာပိုင်တွေက ယုံကြည်ထားပြီး လာစ့်ဗေးဂတ်မြို့ အတွက် ခြိမ်းခြောက်မှု မရှိဘူးတော့ဘူးလို့လည်း မြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမား Paddock နဲ့ ညီအကိုတော်စပ်သူ Eric ကလည်း ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ ဆိုတာ မသိဘူးလို့ ပြောဆိုပါတယ်။

သေနတ်သမား Paddock က ချမ်းသာသူ တဦး ဖြစ်ပြီး နိုင်ငံရေး၊ ဘာသာရေး ခံယူချက်နဲ့ ပတ်သက်ပြီး မသိသလို လူဖြူကြီးစိုးရေး ဝါဒီတွေနဲ့လည်း ပတ်သက်မှု မရှိ၊ စိတ်ကျန်းမာရေး ချို့တဲ့ခဲ့တဲ့ နောက်ကြောင်းလည်း မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဖခင်ဖြစ်သူကတော့ ဘဏ်ဓါးပြတဦး ဖြစ်ခဲ့ပြီး တချိန်က FBI က အလိုရှိဆုံးသူ တဦး ဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် သူတို့ ညီအကိုတွေ အနေနဲ့ ဖခင်ဖြစ်သူနဲ့ အဆက်အသွယ် မရှိဘူးလို့လည်း သေနတ်သမားရဲ့ ညီအကိုတော်စပ်သူက ပြောဆိုခဲ့ပါတယ်။

Las Vegas ပစ်ခတ်မှု ကျုးလွန်သူပိုင်ဆိုင်တဲ့ သေနတ် ၄၀ ကျော်တွေ့ရှိ
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG