သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမှာ စစ်ကြောင့် တိမ်းရှောင်သူတွေ နေရပ်ပြန်ရေး ကန့်သတ်မှုနဲ့ကြုံ  


လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

ရှမ်းပြည်မြောက်ပိုင်းမှာ မကြာသေးခင်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရသူတွေ နေရပ်ပြန်ရာမှာ ကန့်သတ်မှုတွေ ကြုံနေကြရပါတယ်။ လားရှိုးမြို့မှာ ဆိုရင်လည်း စစ်ကောင်စီက စစ်ဆေးမှုတွေနဲ့ ကန့်သတ်မှုတွေကြောင့် တချို့က ရက်နဲ့ချီ လမ်းပေါ်မှာ ပိတ်မိနေသူတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မအိသန့်စင် က ပြောပြပေးပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကနေ စစ်ရှောင်လာကြသူတွေနဲ့ ဒေသခံတွေ အပါအဝင် မြို့ကိုဖြတ်ပြီး သွားလာဖို့အတွက် လားရှိုးမြို့အဝင်မှာ ရောက်နေကြသူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ပိတ်မိနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က မြို့အဝင်ဂိတ်မှာ စစ်ဆေးတာတွေ လုပ်နေပြီး၊ တချို့အချိန်တွေမှာ ဝင်ခွင့်လုံးဝ ပိတ်ထားတာမျိုးလည်း ရှိတယ်လို့ လားရှိုးဒေသခံ တဦးက ပြောပါတယ်။

"အဝင်က အခုလောလောဆယ် ဖွင့်ပေးလိုက်၊ ပြန်ပြီးတော့ ပိတ်လိုက် လုပ်နေတာပေါ့။ ဝင်မယ်ဆိုလည်း သူတို့စိစစ်တာပေါ့။ အခုကျတော့ ဟိုဘက် ၆၈ တာပုံဘက်ကလည်း လုံးဝအရပ် ပိတ်လိုက်တယ်။ ဒီဘက် အခု ဟိုပိတ်ဂိတ်နားကလည်း လောလောဆယ် ပိတ်လိုက်ပြီ။ အခု ဒီအချိန်ထိတော့ လုံးဝ ပေးမဝင်တော့ဘူး။"

နိုဝင်ဘာလ ၃၀ ရက်၊ နေ့လည် ၁ နာရီအထိ လားရှိုးမြို့အဝင် အခြေအနေကို ပြောသွားတာပါ။ လမ်းမပေါ်မှာ ပိတ်မိနေကြတဲ့အထဲ တချို့ဆို ၄ ရက်ဝန်းကျင်လောက်အထိ ရှိလာပြီလို့ ပြောပါတယ်။ လားရှိုးကိုပြန်လာတဲ့ ဒေသခံတချို့ကတော့ မြို့ထဲမှာရှိနေတဲ့ မိသားစုဝင်တွေက လာရောက်ခေါ်ယူလို့ အိမ်ပြန်နိုင်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ပိတ်မိသူတွေကို ခေါ်ထုတ်ဖို့ ရဲစခန်းထောက်ခံစာ တောင်းတာတွေ ရှိလာတယ်လို့ ပြောပါတယ်။

"စစ်ဆေးတာက မြို့ခံတွေက အလုပ်လုပ်ပြီးတော့ ပြန်လာတဲ့သူတွေ ရှိတယ်ဆိုရင်တော့ အဲဒါကို မြို့ထဲကလူက ရပ်ကွက်ထောက်ခံစာ ယူပြီးတော့မှ ဟိုဘက်ကလူကို သွားခေါ်ရတာပေါ့။ အခုကျတော့ အဲဒီ ထောက်ခံစာနဲ့လည်း မရတော့ဘူး။ သူက ရဲစခန်းထောက်ခံစာ တောင်းတာ။ တောင်းတော့ ရဲစခန်းမှာ အခုချိန် ထောက်ခံစာမှ ယူလို့မရတာ။"

ပိတ်မိသူတွေ စားသောက်ရေးအတွက် ဒေသခံတွေက ဝိုင်းဝန်းအလှူခံပြီး ချက်ပြုတ်ဝေခြမ်း ပေးနေတယ်လို့ ပြောပါတယ်။ ပိတ်မိသူတွေထဲ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်နေပြီး၊ စစ်ကောင်စီဘက်က လိုအပ်တာတွေ စစ်ဆေးပြီးရင် အမြန်ဆုံး ဝင်ခွင့်ပေးဖို့ကို ပိတ်မိနေသူတွေက မျှော်လင့်နေကြတာပါ။

"လားရှိုးမြို့ခံဆိုရင် အဝင်ခံလိုက်ပေါ့နော်။ လားရှိုးမြို့ခံ မဟုတ်ဘူးဆိုရင်လည်း သူတို့စိစစ်ပြီးလို့ရှိရင် ဥပမာ မြို့ရှောင်လမ်းကနေ ပြန်မယ်ဆိုလည်း သူတို့နယ်ကို ပေးပြန်လိုက်ပေါ့။ အဲဒါဆိုရင် လူတွေက သူ့ဟာနဲ့သူ ဒုက္ခမရောက်တော့ဘူးလေ။ သွားလိုတဲ့လမ်းကြောင်း သွားလို့ရမှာပေါ့။"

လားရှိုးကို ဝင်ရောက်ဖို့အတွက် ၆၈ တာပုံနဲ့ ဟိုဘက်ဂိတ်လမ်း ၂ ခုလုံးကို စစ်ကောင်စီဘက်က ပိတ်ထားပြီး၊ ဝင်ရောက်ခွင့် ကန့်သတ်ထားလို့ လမ်းပေါ်မှာ သောင်တင်နေသူတွေ တော်တော်လေး များနေပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင်မှာလည်း ပိတ်မိသူတွေ ရှိနေလို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ကူညီပြီး ခေါ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ရှောင်သူဦးရေကလည်း တစထက်တစ ပိုပြီးတိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG