(Zawgyi)
ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက ကေအန်ယူ ထိန်းချုပ်မှုအောက် လေးကေ့ကော်မြို့သစ် ဒေသတဝိုက်မှာ ၂၀၂၂ ခုနှစ် နှစ်စဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က လေးကေ့ကော်မြို့သစ် အနောက်ဘက် ရသေ့ဂူကျေးရွာကို လက်နက်ကြီးတွေနဲ့ မနက်ကတည်းက စတင်ပစ်ခတ်နေတယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။ လေးကေ့ကော်တိုက်ပွဲ ဒီကနေ့အခြေအနေ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲတွေက နေ့တိုင်းရှိနေပြီး ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်တွေ မလျော့သွားဘဲ ပိုတိုးလာနေတယ်လို့ ကေအန်ယူ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။
“ဆိုလိုတာကတော့ တိုက်ပွဲက တရက်မှမပြတ်ဘူးလို့ နားလည်ရတယ်။ နေ့တိုင်း လက်နက်ကြီးနဲ့ ပစ်နေတာ နေ့တိုင်းပဲ။ လက်နက်ကြီးနဲ့ ပစ်နေလို့ကတော့ ရွာသားကတော့ ပြေးနေမှာပဲ။ ဦးရေကတော့ လျော့သွားတာမရှိဘူး၊ ဒုက္ခသည်တွေ တိုးလာတာပဲဖြစ်မယ်။”
နှစ်ပတ်ကျော်ကြာလာပြီဖြစ်တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၄ ရက်ခန့် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ အမြောက်တွေနဲ့ ပစ်ခတ်မှုတွေကတော့ နေ့စဉ်လို ဖြစ်နေပါတယ်။ ဒီလို မတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအတွက် ထိခိုက်မှုတွေရှိနေပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင် စစ်ကောင်စီဘက်က တပ်တွေဆုတ်ပေးဖို့၊ လက်နက်ကြီးနဲ့ ပစ်တာတွေ အရင်ရပ်ရမှာ ဖြစ်တယ်လို့ ကေအန်ယူဘက်က ဆိုပါတယ်။ လက်ရှိအခြေအနေထိကတော့ ဒါတွေ ရပ်တန့်တာ မမြင်ရသေးဘူးလို့လည်း ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက ပြောပါတယ်။
“အဲဒီလိုတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ကိုယ့်ရပ်တည်ချက်က ရှိပြီးသားလေ။ ဒီလိုမျိုး တိုက်ပွဲတွေ မဖြစ်ချင်ဘူး၊ ငြိမ်းချမ်းရေးစကား ပြောချင်တယ်ဆိုရင်တော့ အဓိက လ့က်တွေ့လုပ်ဖို့ လိုပါတယ်။ ကျနော်တို့က တောင်းဆိုပြီးသားပါ။ ပထမဆုံး လုပ်ရမှာက ဒီကနေ စစ်ကောင်စီတပ်တွေ ဆုတ်သွားရမယ်။ လက်နက်ကြီးတွေ ပစ်တာတွေ၊ လေယာဉ်နဲ့ပစ်တာတွေ ရပ်ရမယ်။ အဲဒီလိုလုပ်မှ ရွာသားတွေအတွက် အရပ်သားတွေအတွက် လုံခြုံတဲ့နေရာတခု ဖန်တီးလို့ရမယ်။ ငြိမ်းချမ်းရေးစကား ပြောတာထက် စစ်ရှောင်လို့ပြောပြော အရပ်သားတွေ ပြေးနေရတဲ့ အနေအထားတွေ ရပ်တန့်ဖို့အတွက်က စစ်ကောင်စီဘက်က သူ့ရဲ့တပ်တွေ ဆုတ်ခွါရမယ်။ လက်နက်ကြီးနဲ့ ပစ်နေတာတွေ၊ လေယာဉ်နဲ့ပစ်တာတွေ လုံးဝမလုပ်ရဘူး။ အဲဒါတွေ စလုပ်ပြီဆိုရင်တော့ လမ်းစပွင့်သွားပြီးလို့ ပြောလို့ရမယ်။ အခုကတော့ လက်ရှိအနေအထားအရ ဒါမျိုးတွေ လုံးဝမမြင်ရပါဘူး။”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ဆက်စကားမှာတော့ သက်ဆိုင်သူ အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်တယ်လို့ ဆိုထားပါတယ်။ ငြိမ်းချမ်းရေး ခြေလှမ်းသစ်တွေ စမယ်လို့လည်း ပြောထားပါတယ်။
ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်သားနယ်မြေတွေ အပါအဝင် စစ်ကိုင်း၊ မကွေး စတဲ့နယ်မြေတွေမှာပါ စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတာတွေ ရှိနေတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ရော ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ပါ တိုက်ပွဲတွေက ဆက်ဖြစ်နေပါတယ်။
ဒီဇင်ဘာလထဲမှာတော့ စစ်ကိုင်းတိုင်း ကလေးမြို့က နတ်ချောင်းကျေးရွာသားတွေ၊ ကယားပြည်နယ် ဖရူဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အစုလိုက်အပြုံလိုက် မီးရှို့ခံရတာ၊ သတ်ဖြတ်ခံရတာတွေ ရှိခဲ့ပါတယ်။
ကရင်ပြည်နယ်မှာတော့ ကေအန်ယူရဲ့ တပ်မဟာ ၁၊ တပ်မဟာ ၅၊ တပ်မဟာ ၆ စတဲ့ တပ်မဟာအသီးသီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေဟာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံတချို့ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိနေပါတယ်။
----------------------
(Unicode)