သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tiananmen အရေး နှိမ်နင်းခဲ့သူ တရုတ်ဝန်ကြီးချုပ်ဟောင်း Li Peng ကွယ်လွန်


ဝန်ကြီးချုပ်ဟောင်း Li Peng
ဝန်ကြီးချုပ်ဟောင်း Li Peng

တရုတ်နိုင်ငံက ၁၉၈၉ ခုနှစ် Tiananmen ရင်ပြင်အရေးအခင်း ကိုဖြိုခွင်းဖို့ အမိန့်ပေးခဲ့တဲ့ အသက် ၉၁ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း Li Peng ဟာ ဘေဂျင်းမှာ တနင်္လာနေ့က ကွယ်လွန်သွားပါပြီ။ ဒီမိုကရေစီရေး လိုလားသူတွေကတော့ ဘေဂျင်းရဲ့ သားသတ်သမားလို့ နာမည်ကြီးတဲ့ Li Peng ကို နာမည်ဆိုးတပ်ပြီး ဝိုင်းကျဉ်တဲ့ ဝန်ကြီးချုပ်ဟောင်း အဖြစ်မြင်ကြောင်း နိုင်ငံရေးလေ့လာသူ တချို့က သုံးသပ်ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တရုတ်အမျိုးသားပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ ဥက္ကဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Li Peng တနင်္လာနေ့ည ၁၁ နာရီကျော်မှာ ကွယ်လွန်သွားတာကို နိုင်ငံပိုင် သတင်းတွေမှာ အင်္ဂါနေ့က ထုတ်လွှင့်ဖေါ်ပြခဲ့ကြပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ၉ ကြိမ်မြောက် အမျိုးသား ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ ဥက္ကဌဖြစ်တဲ့ ရဲဘော်ကြီး Li Peng ဟာ ဖျားနာနေရာကနေ ၂၀၁၉ ဇူလိုင်လ ၂၂ ရက် အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားကြောင်း ကြေညာ အပ်ပါသည်”

ဝန်ကြီးချုပ်ဟောင်း Li Peng ဟာ အရင်က ဆီးအိမ်ကင်ဆာရောဂါကို ခံစားနေရတာပါ။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြတဲ့ ကျောင်းသားတွေကို Tiananmen ရင်ပြင်တဝိုက် ရက်ရက်စက်စက် ဖြိုခွဲရာမှာ အဲဒီအချိန်က တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်နဲ့အတူ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေတဲ့ သဘောထားတင်းမာသူလို့ အများမြင်ကြတဲ့ Li Peng မှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကို သံချပ်ကာကားတွေနဲ့ စစ်တပ်က ဖြိုခွဲမှု မလုပ်ခင် သီတင်းပတ်တွေမှာပဲ အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်တဲ့ Li Peng က ဘေဂျင်းက ဒေသတချို့အတွက် စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာခဲ့တာကြောင့် ဖြစ်ပါတယ်။ လူပေါင်း တထောင်လောက် သေဆုံးခဲ့ရတဲ့ Tiananmen ဖြိုခွဲမှု အရေးအခင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်မှုဟာ လိုအပ်လို့ လုပ်ဆောင်ရတာ ဖြစ်ကြောင်း လည်း သူက ပြောခဲ့တာပါ။

စစ်အစိုးရလက်အောက်မှာ နေခဲ့ရတဲ့ မြန်မာနိုင်ငံမှာလည်း တရုတ်ထက် တနှစ်စောပြီး ၈၈ မှာ အရေးအခင်း ဖြစ်ပွားခဲ့သလို ဖြိုခွဲမှုကလည်း တူညီနေတာကြောင့် ကွယ်လွန်သူ Li Peng ကို အမှတ်ရစေတယ်လို့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်တဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

"ဒီ ဝန်ကြီးချုပ်ဟောင်း Li Peng လက်ထက်နဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ စစ်အစိုးရ စတက်တဲ့အချိန်နဲ့ တိုက်ဆိုင်ပါတယ်။ နောက်တခါ သူအခု ကွယ်လွန်တဲ့အချိန်မှာ တရုတ်နိုင်ငံက ဒီမိုကရေစီ လိုလားသူတွေက သူ့ကို ပီကင်းမြို့ရဲ့ သားသတ်သမားလို့ အမည်တပ်ထားသလို ကျနော်တို့ နိုင်ငံမှာလည်း ၁၉၈၈ က ဦးနေဝင်းနောက်မှာ ဆက်ခံတဲ့ သမ္မတ ဦးစိန်လွင်ကို ရန်ကုန်မြို့ရဲ့ သားသတ်သမားလို့ အမည်တပ်ထားတာနဲ့ သွားတိုက်ဆိုင်ပါတယ်။ ဘာကြောင့် ပီကင်း သားသတ်သမားလို့ ဖြစ်တာလဲဆိုရင် ၁၉၈၉ ဇွန်လမှာ ပီကင်းမြို့မှာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲကို သူက အကြမ်းဖက် နှိမ်နင်းခဲ့လို့ နာမည်ရတာ။ ခုန မြန်မာပြည်မှာလည်း ဦးစိန်လွင်က ၈၈ အရေးအခင်းမတိုင်မီ ရန်ကုန်မြို့မှာ အဲလိုပဲ ဆန္ဒပြတဲ့လူတွေကို သတ်ဖြတ်ခဲ့လို့ ဖြစ်ပါတယ်။"

၈၈ အရေးအခင်းအပြီး မြန်မာနိုင်ငံကို နိုင်ငံတကာက ဝိုင်းကျဉ်နေကြချိန်မှာ Li Peng က သူများပြည်တွင်းရေး ဝင်မစွက်တဲ့ မူဝါးကို ကျင့်သုံးတယ်လို့ ကြေညာပြီး တရုတ် - မြန်မာ ၂ နိုင်ငံဆွေမျိုးပေါက်ဖေါ် အဖြစ် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ သူ ဖြစ်တယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

"Li Peng လက်ထက်မှာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံမှုတွေ တော်တော်လေးများပါတယ် အပြန်အလှန်။ သူ့အရင် မြန်မာပြည်က ဗိုလ်ချုပ်ခင်ညွှန့်လည်း တရုတ်ပြည်သွားတယ်။ နောက်ပိုင်း သူကိုယ်တိုင်လည်း ဗိုလ်ချုပ်သန်းရွှေ ဖိတ်ကြားမှုနဲ့ မြန်မာပြည်ကို လာလည်တယ်။ သူ့ဝန်ကြီးချုပ် လက်ထက်မှာ စစ်လေယာဉ်တို့ရောင်းတာတို့၊ တခြား စစ်လက်နက် ပစ္စည်းတွေရောင်းတာတို့ အပြန်အလှန်ရှိခဲ့တဲ့အတွက် တရုတ်ဝန်ကြီးချုပ် Li Peng နဲ့ မြန်မာနိုင်ငံက နဝတ ၊ နအဖ စစ်အစိုးရတွေရဲ့ ဆက်ဆံရေး ကောင်းခဲ့ပြီးတော့ ၂ နိုင်ငံမှာ ဒီမိုကရေစီကို ရက်ရက်စက်စက် နှိမ်နင်းတဲ့ ကာလတွေဖြစ်တဲ့အတွက် Li Peng ဟာ ကျနော်တို့ မြန်မာပြည်သူတွေ ဒီမိုကရေစီ လိုလားတဲ့လူတွေကတော့ သူ့ကို နာမည်ဆိုး တပ်ပြီးတော့ သမိုင်းတွင်တဲ့ ဝန်ကြီးချုပ်ဟောင်းဆိုပြီးတော့ ပြောရမှာပေ့ါခင်ဗျ။"

တရုတ်နိုင်ငံမှာ သဘာဝဝန်းကျင် ထိခိုက်မှုတွေရှိနေတဲ့ Three Gorges Dam ရေကာတာ စီမံကိန်ုးကြီးကို Li Peng က တာဝန်ယူ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လူထုရဲ့ တောင်းဆိုမှုကြောင့် ရပ်တံ့ထားရတဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ဦးစီးလုပ်ကိုင်တဲ့ တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နံှမှု CPI ကုမ္ပဏီရဲ့ ဒုဥက္ကဌဟာ Li Peng ရဲ့ သမီးဖြစ်သူ Li Xiaolin ဖြစ်ပါတယ်။

ချန်ဒူးမှာ ၁၉၂၈ ခုနှစ်က မွေးဖွားခဲ့တဲ့ Li Peng ဟာ မိဘမဲ့ဖြစ်သွားတဲ့ အတွက် တရုတ်ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်းက သူ့ကို မွေးစားခဲ့တာကြောင့် အသက် ၃ နှစ်အရွယ်ကစပြီး နိုင်ငံရေး လောကထဲကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ ချူ သေဆုံးခဲ့တဲ့ ၁၉၇၆ နောက်ပိုင်းမှာလည်း ချူ့ မိသားစုကပဲ ဆက်ပြီး စောင့်ရှောက်ထားတာပါ။

Li Peng ဟာ ၁၉၈၇ ကနေ ၁၉၉၈ ခုနှစ်အထိ တရုတ်နိုင်ငံရဲ့ စတုတ္တမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၉၈ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ တရုတ်ထိပ်တန်းရာထူးတခုဖြစ်တဲ့ အမျိုးသားလွှတ်တော်ရဲ့ အမြဲတမ်းကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG