သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းဒေသခံတွေ နယ်မြေရှင်းလို့ ထွက်ပြေးနေရ


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရ (မတ် ၂၅၊ ၂၀၂၄)
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရ (မတ် ၂၅၊ ၂၀၂၄)

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ကြားက ကျေးရွာတွေကို စစ်တပ်ဘက်က နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးနဲ့ခင်ဦးမြို့မှာလည်း စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား သေဆုံးတာတွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုစံကျော်က ပြောပြပါမယ်။

မတ်လ ၂၂ ရက်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေထွက်လာတဲ့ စစ်တပ်ဟာ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အင်အား ၁၀၀ ကျော်နဲ့ ဒီကနေ့ မတ်လ ၂၆ ရက်အထိ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာပါ။ စစ်တပ် နယ်မြေရှင်းလင်းရေးအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်းက အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတာပါ။ ဒါ့အပြင်အရပ်သားအချို့လည်း ဖမ်းဆီးခံထားရတယ်လို့ မြောက်ယမား ကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူ ကိုကောင်းက အခုလို ပြောပါတယ်။

“ယင်းမာပင် အရှေ့ဘက်က ရွာတွေကို စစ်ကြောင်းထိုးနေတာရှိတယ်။ မြောက်ယမားချောင်းဆိုတာရှိတယ်။ အဲဒီ့ မြောက်ယမားချောင်းထဲမှာ အင်အား ၁၅၀ လောက်ရှိတယ်။ နောက်တိုးနဲ့ဆိုရင် အနည်းဆုံး တပ်ရင်း ၁ ရင်းစာလောက် ရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်တာပေါ့နော်။ ဂုဏ်တော ၊ ဒုံးတော ၊ ထန်းတောကြီး ရွာပေါင်း အဲ့နားက ၁၀ ရွာကျော်ထက်မနည်း ပြေးနေရတာရှိတယ်။ လူဦးရေ ခန့်မှန်းက ၃ သောင်းကျော်ထက်မနည်းမှာရှိတာပေါ့။ ဘာလို့ဆိုတော့ အဲ့ရွာတွေက ရွာကြီးတွေဖြစ်လို့ လူနေအိမ်ခြေ ကလည်းထူထပ်တယ်။ လူဦးရေကလည်း ထူထပ်တဲ့ရွာတွေဖြစ်တာကြောင့်မို့ပေါ့။ အဲ့ဒီနားက ရွာသား အချို့တော့ အဖမ်းခံရတဲ့ အနေအထားမျိုးတော့ ရှိတယ်လို့ သတင်းရထားတယ်။ ရွာသားတွေကို ဓားစာခံလုပ်ပြီးတော့ ပြေးနေတဲ့ စစ်ရှောင်ပြည်သူတွေကို ပြန်ပြီး ခေါ်ခိုင်းတဲ့အနေအထားတွေတော့ ရှိတာပေါ့။”

လက်ရှိအချိန်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ နှစ်ဖက်စောင့်ကြည့်အနေအထားနဲ့ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က အရပ်သားတွေကို နေရပ် ပြန်ဝင်ခိုင်းပေမဲ့ အရပ်သားတွေဟာ စစ်တပ်စစ်ကြောင်းနဲ့ ဝေးကွာပြီး ဘေးကင်းတဲ့ နေရာတွေမှာ တိမ်းရှောင်ခိုလှုံနေပါတယ်။

တဆက်တည်းမှာပဲ မတ်လ ၂၂ ရက် တန့်ဆည်မြို့ကနေ ထွက်လာတဲ့ စစ်တပ်ဟာ ၂၄ ရက်မှာတော့ ရေဦးမြို့နယ်ထဲကိုရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာပါ။ ရှင်းလင်းရေးအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် အရပ်သား အမျိုးသမီး ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါသေးတယ်။ ဒ့ါအပြင် ထန်းတပင်ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားပြီး ကြားကာလ စာသင်ကျောင်း တကျောင်းလည်း မီးလောင်ခဲ့တယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတဦးက ပြောပါတယ်။

“ထန်းတပင်ကျေးရွာကို မီးရှို့သွားတော့၊ စာသင်ကျောင်းပါ မီးရှို့သွားတော့ အဲ့ဒီမှာ ရှိတဲ့ ခုံစားပွဲတန်းလျား ကျောက်သင်ပုန်းကစပြီး ၂၄ ရက်နေ့လောက်ကျမှာပေါ့။ လူသေတဲ့အခြေအနေက စကစ ဘက်က လှမ်းပစ်လိုက်တဲ့ လက်နက်ကြီးက ရွာထဲကို ကျပြီးတော့ အမျိုးသမီး ၂ ဦး ပွဲချင်းပြီး ဆုံးသွားတာပေါ့။ ရေဦးမြို့နယ် ဗိုလ်ရုံရွာ စကစ ဘက်က ရမ်းပစ်သံကြားတော့ သူတို့တိမ်းရတော့မယ့်အတွက် ပြင်ဆင်ကြရင်းနဲ့ အိမ်နီးနားချင်း အမျိုးသမီး ၂ ယောက်ပေါ့။ အဲ့အိမ်ကြားကို ကျပုံရတယ်။ ဟိုဘက်အိမ် ဒီဘက်ကအိမ်က အမျိုးသမီး ၂ ယောက်ပေါ့။”

မီးလောင်သွားတဲ့ ထန်းတပင်ရွာက အိမ်ခြေအရေအတွက် အတိအကျကို မသိရသေးဘူးလို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။ ဒါ့အပြင် ကလေးငယ် ၁၀၀ ကျော် စာသင်ကြားနေတဲ့ စာသင်ကျောင်းမီးလောင် ပျက်စီးသွားတဲ့အတွက် စာသင်ကြားဖို့ အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။

ရေဦးမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတဲ့ စစ်တပ်ဟာ မတ်လ ၂၆ ရက်မှာတော့ မြို့ချင်းကပ်နေတဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပြီး နေအိမ်တွေ မီးရှို့ခံရတာတွေ ရှိသလို ဒေသခံအများအပြားလည်း တိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG